မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေရုတ်တရက်မြင့်တက်လာ၍ ရပ်ကွက်အချို့ ရေဘေးကြုံ

ပုံအညွှန်း- မြစ်ကြီးမြို့ရှိ ရမ်ပူ၊ ကြက်ပေါင်ခြံရပ်ကွက်များတွင် မြစ်ရေမြင့်တက်မှုကို ယနေ့ (မေလ ၃၀ ရက်) တွင် တွေ့ရစဉ် (Photos- Mizzima)

ပုံအညွှန်း- မြစ်ကြီးမြို့ရှိ ရမ်ပူ၊ ကြက်ပေါင်ခြံရပ်ကွက်များတွင် မြစ်ရေမြင့်တက်မှုကို ယနေ့ (မေလ ၃၀ ရက်) တွင် တွေ့ရစဉ် (Photos- Mizzima)

အဂမ်

(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ ရုတ်တရက်မြင့်တက်လာသည့်အတွက် မြေနိမ့်ပိုင်းနေရာများမှ ဒေသခံများကို ရေဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းထားရသည်။

ကချင်ပြည်နယ်တွင် ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် မေလ ၂၈ရက်မှ စတင်မြင့်တက်လာပြီး မေလ ၂၉ရက်ညတွင် နေအိမ်များအတွင်းထိရေဝင်ရောက်လာခြင်းဟု သိရသည်။

” မိုးကဆက်တိုက်ရွာနေတယ်။ မြစ်ရေက အတက်ကြမ်းတယ်။ ဆက်တက်မယ်လို့လည်း သတိပေးထားတယ်။ ဒါကြောင့် ရေဘေးအရမ်းဆိုးမှာကို စိတ်ပူနေတယ်” ဟု မြစ်ကြီးနားမြို့၊ရမ်ပူရပ်ကွက်မှဒေသခံတဦးကပြောသည်။

မြစ်ကြီးနားမြို့မှ မြေနိမ့်ရပ်ကွက်များဖြစ်သည့်ရမ်ပူ၊ ကြက်ပေါင်ခြံရပ်ကွက်များတွင် ရေဝင်နေခြင်းဖြစ်ပြီး ဒေသခံများကို လူမှုကူညီရေးအဖွဲ့များနှင့် မီးသတ်အဖွဲ့ များက ရွှေ့ပြောင်းကယ်ဆယ်ပေးနေသည်။

ရေဘေးသင့်ပြည်သူများအား ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများနှင့် ဆွေမျိုးသားချင်းများ၏ နေအိမ်များသို့ ရွှေ့ပြောင်းပေးနေပြီးစာရင်းအတိအကျ မရရှိသေးဟုပြည်နယ်မီးသတ်ဦးစီးဌာနရုံးမှ ပြောသည်။

ဧရာဝတီမြစ်အထက်ပိုင်းဒေသများ မိုးကောင်းနေသောကြောင့် မြစ်ရေ ရုတ်တရက်မြင့်တက်လာခြင်းဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ဧရာဝတီမြစ်ရေသည် မေလ ၂၇ရက်နှင့် မေလ ၂၈ရက်က မြစ်ကြီးနားမြို့၌ ၁၃ပေအထိ မြင့်တက်ခဲ့ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်၊ ချီဖွေမြို့တွင်လည်း မေလ ၂၉ရက်ကလည်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာသောကြောင့် ကလေးငယ်တဦး ရေစီးနှင့်မျောပါသေဆုံးခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့သည်။

မုတ်သုံလေအားကောင်းနေသောကြောင့် ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ ဇွန်လဆန်းအထိ မိုးဆက်လက်ရွာနိုင်ကြောင်း မိုးဇလကထုတ်ပြန်သတိပေးထားသည်။

စာတည်း – အေးချမ်း