တီယန်နန်မင်ရင်ပြင် ဆန္ဒပြမှုများကိုဖြိုခွင်းရန် တရုတ်အစိုးရ လုပ်ဆောင်နေဟု လူ့အခွင့်အရေးအဖွဲ့ပြော

တီယန်နန်မင်ရင်ပြင်ဆန္ဒပြမှု (ပုံ- ANI)

The Print

တရုတ်အစိုးရသည် တရုတ်နိုင်ငံနှင့် ဟောင်ကောင်တို့၌ ဇွန်လ ၄ ရက်တွင် ပြုလုပ်မည့် တီယန်မင်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (၃၅) နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပရန် ကြိုးပမ်းသည့် တက်ကြွလှုပ်ရှားသူ အများအပြားကို ဖမ်းဆီးရန် စီစဉ်ထားကြောင်း လူ့အခွင့်အရေးအဖွဲ့  (HRW) က ဇွန်လ ၂ ရက်တွင် ပြောသည်။

ထို့ပြင် တရုတ်အာဏာပိုင်များသည် အလားတူဖြစ်ရပ်မျိုးအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဆိုင်ရာ အသိအမှတ်ပြုမှုအားလုံးနှင့် သေဆုံးသူများ၏ မိသားစုများအတွက် နစ်နာကြေးဟူသမျှကိုလည်း ငြင်းပယ်ထားသည်။

HRW မှ တရုတ်ရေးရာဒါရိုက်တာ မာယာဝမ်က “တရုတ်အစိုးရဟာ တရုတ်နဲ့ဟောင်ကောင်က တီယန်နန်မင်အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအောက်မေ့ဖွယ်အခမ်းအနားတွေကို ဖျောက်ဖျက်ပစ်ဖို့  ကြိုးပမ်းနေတာပါ။ ဒါပေမယ့် ၃၅ နှစ်ကြာတဲ့အထိ တရုတ်အစိုးရဟာ တရုတ်နိုင်ငံက  ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ စွန့်စားခဲ့သူအားလုံးအတွက် အောက်မေ့သတိရဖွယ်တွေကို မငြှိမ်းသတ်နိုင်သေးပါဘူး” ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

၁၉၈၉ ခုနှစ်မှ ကျောင်းသားခေါင်းဆောင် ရှုကွမ်က  အစိုးရအနေဖြင့် တီယန်နန်မင်အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအား အသိအမှတ်ပြု၍  နစ်နာကြေးပေးရန် တောင်းဆိုသောဆိုင်းဘုတ်ကိုင်ကာ ၂၀၂၂ ခုနှစ် မေလက နယ်မြေရဲစခန်းအား ဆန္ဒပြပြီးနောက် ခိုက်ရန်ဖြစ်ပွားမှုနှင့်ပြဿနာဖြစ်အောင်လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် လေးနှစ် ချမှတ်ခံခဲ့ရသည်။ ရှုကွမ်သည် ကာကွယ်ရေးဝန်ထမ်းများ၏ ထိန်းသိမ်းမှုခံထားရစဉ် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ထိပ်တုံးခတ်ခံရခြင်းတို့ ခံခဲ့ရသည်ဟု အစီရင်ခံစာက ဆိုသည်။

ထို့ပြင် ၁၉၈၉ ခုနှစ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူများ၏ ဆွေမျိုးများပါဝင်သည့် တီယန်နန်မင်မိခင်များအဖွဲ့မှ တည်ထောင်သူတဦးဖြစ်သည့် ကျန်းရှင်းလင်းသည် သူမ၏ အိမ်ပြင်ပတွင် အထူးစောင့်ကြည့်ခံနေရသည်ဟု HRW အစီရင်ခံစာတွင် ဖော်ပြထားသည်။

အလားတူပင် လူ့အခွင့်အရေးရှေ့နေ  ဖူကျိချန်းနှင့် ကွေ့ကျိုးပြည်နယ်မှ ကျောင်းသားခေါင်းဆောင် ကျိဖန်းတို့သည် ရဲများ၏  စောင့်ကြည့်မှုကို ခံနေရသည်။

ထို့ပြင် မေလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဟောင်ကောင်ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီးဖြစ်သော ရှေ့နေနှင့်တက်ကြွလှုပ်ရှားသူဖြစ်သည့် ချောင်ဟမ်တုံနှင့် ၎င်း၏  အသက် ၆၅ နှစ်အရွယ် မိခင်တို့အပါအဝင် လူခုနစ်ဦးကို  လာမည့် အကဲဆတ်သည့်နေ့နှင့်ပတ်သက်၍ နိုင်ငံတော်အကြည်ညိုပျက်စေသော ပို့စ်များအတွက် ဖမ်းဆီးခဲ့သည်။ 

ချောင်သည် ဖျက်သိမ်းခံထားရသည့် တရုတ်မျိုးချစ်ဒီမိုကရက်တစ်လှုပ်ရှားမှုများကို ထောက်ခံသော ဟောင်ကောင်မဟာမိတ်အဖွဲ့မှ စီစဉ်ကျင်းပသည့် ဟောင်ကောင်၏ တီယန်နန်မင်နှစ်ပတ်လည်ပွဲစီစဉ်သူထဲတွင် ပါဝင်ခဲ့သူ ဖြစ်သည်။

ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေအရ ဟောင်ကောင်မဟာမိတ်အဖွဲ့ဝင်များသည် အဖျက်အမှောင့်လှုံ့ဆော်ခြင်းစွဲချက်ဖြင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျခံရနိုင်သည်ဟု HRW အစီရင်ခံစာက ပြောသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ဟောင်ကောင်အာဏာပိုင်များသည် ကနေဒါ-တရုတ် သမိုင်းပါမောက္ခ ရိုယန်နာဟဲ၏ အလုပ်ဗီဇာကို သက်တမ်းမတိုးပေးခဲ့ပေ။ 

နောက်ပိုင်းတွင် ဟောင်ကောင်ရှိ တရုတ်တက္ကသိုလ်က သူမကို အလုပ်ထုတ်ခဲ့သည်။ သူမသည် “တီယန်နန်မင်ပြည်နှင်ဒဏ်ခံရသူများ- တရုတ်မှ ဒီမိုကရေစီအတွက် တိုက်ပွဲခေါ်သံများ” စာအုပ်ကို ရေးသားသူဖြစ်ပြီး အာဏာပိုင်များက၂၀၂၃  ခုနှစ် မေလတွင် ထိုစာအုပ်ကို ဟောင်ကောင်လူထုစာကြည့်တိုက်များမှ  ဖယ်ရှားခဲ့သည်။

တရုတ်အစိုးရသည် တီယန်နန်မင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအရေး တရားမျှတမှုအတွက်  ပြည်တွင်းနှင့် နိုင်ငံတကာ တောင်းဆိုမှုများကို နှစ်ရှည်လများ လျစ်လျူရှုခဲ့သည်။

ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့ ချမှတ်ခဲ့သော ပိတ်ဆို့အရေးယူမှုအချို့မှာလည်း နှစ်ကြာလာသည်နှင့်အမျှ အားပျော့သွားသလို  ရှောင်လွှဲခံရမှုများလည်း ကြုံရသည်။

နိုင်ငံတကာအသိုက်အဝန်း၏ ထပ်ခါတလဲလဲ ဖိအားပေးမှုများက တရုတ်နိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုဆိုးလာစေခဲ့ကြောင်း HRW အစီရင်ခံစာတွင် ဖော်ပြထားသည်။