ဘီးလင်းတွင် ရဲ တပ်ကြပ် ပစ်သတ်ခံရ

သေနတ်ဖြင့် ပစ်သတ်ခံရသည့် ရဲတပ်ကြပ်

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ရဲတပ်ကြပ်တဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ ဇွန်လ ၆ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ယွန်းဒလင်းကုန်းရွာဘက်မှ တောင်စွန်းကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် လာသည့် ရဲတပ်ကြပ်တင်လှကို အမည်မသိ သေနတ်သမားများက သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဟု သိရသည်။

” လမ်းဆုံနားမှာ ဖြစ်တာ။ ရဲက ဆိုင်ကယ်နဲ့လာတာ အနောက်ကနေ ဆိုင်ကယ်နဲ့ပဲ ပစ္စတိုနဲ့ လိုက်ပစ်တာတဲ့။ မျက်မြင်မဟုတ်တော့ သေချာတော့မသိဘူး သေသွားတာပဲ သိရတယ်” ဟု တောင်စွန်းဒေသခံအမျိုးသမီးတဦးကပြောသည်။

ရဲတပ်ကြပ် တင်လှသည် တောင်စွန်း လျှပ်စစ်ရုံးတွင် လုံခြုံရေး တာဝန်ကျနေသူဖြစ်ပြီး ၎င်းတာဝန်ကျရာ နေရာသို့ ပြန်စဉ် လမ်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

ရဲတပ်ကြပ်အား PDF များက ပစ်ခတ်သွားသည်ဟု စစ်ကောင်စီဝါဒဖြန့်ချန်နယ်များက ဖော်ပြထားသော်လည်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါ။

ပြီးခဲ့သည့် မေလ ၂၃ ရက်ကလည်း ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာမှ ရဲအရာရှိဟောင်းတဦးဖြစ်ပြီး ရဲသတင်းပေးအဖြစ် လုပ်ကိုင်နေသည့် ကိုသက်လွင်ဦးသည်လည်း ဇုတ်သုတ် ဆင်မင်းဘုရားနှင့် တိုက်နယ်ဆေးရုံကြားတွင် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင်များ​၏ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း KRF က သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး