စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ၁ လကျော်အတွင်း ကလေး ၂၄ ဦး သေဆုံး

ဇွန်လ ၃ရက်နေ့ မင်းကင်းမြို့နယ်၊တောမရွာ လေကြောင်းတိုက်ခိုက်ခံရသည့်မြင်ကွင်း/ ဓာတ်ပုံ။ ။CJ

ကိုခင်မောင်

မဇ္စျိမ ။ ။ နိုင်ငံတဝန်း၌ စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် မေလ ၁ရက်မှ ဇွန်လ ၆ရက်နေ့အထိ အသက် ၁၈နှစ် မပြည့်သေးသည့် ကလေးငယ် ၂၄ ဦးသေဆုံးသွားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ဇွန်လ ၆ရက်တွင် သတင်းထုတ်ပြန်သည်။

သေဆုံးသူ ၂၄ဦးထဲတွင် မိန်းကလေး ငါးဦးနှင့် ယောက်ျားလေး ၁၉ဦး ပါဝင်ပြီး ထိုအထဲတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးဦးသေဆုံးကာ သေဆုံးသူအားလုံးကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။

အသက် ၁၈နှစ်မပြည့်သေးသည့် သေဆုံးသူ ကလေးငယ် ၂၄ဦးထဲတွင် ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှ ကလေး ငါးဦးစီဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ကြောင်း AAPP က ဖော်ပြသည်။

ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာရှိ ချောင်းဝရပ်ကွက်နှင့် အနောက်စုရပ်ကွက်အတွင်းသို့ Y-12 လေယာဉ်ဖြင့် ဗုံးခြောက်လုံး ကြဲချခဲ့ရာ ပျားလည်ချောင်းကျေးရွာမှ စစ်ဘေးရှောင်လာသော မခိုင်မိုးအေးနှင့် ယိုးတရုပ်ကျေးရွာမှ အသက် ၁၀ နှစ်အရွယ် မောင်ကျော်လွင် (ခ) ဒေါင်းဒေါင်းတို့မှာ ဗုံးစထိမှန်၍ သေဆုံးခဲ့ကြကြောင်း သိရသည်။

အဆိုပါစာရင်းတွင် ဇွန်လ ၃ရက်နေ့၌ မင်းကင်းမြို့နယ်၊ မတောရွာသို့ မကွေးဘက်မှ တက်လာသည့် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးသီး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်တွင် သေဆုံးသွားသည့် ကလေးငယ်အရေအတွက်မပါသေးကြောင်း AAPP ထံမှသိရသည်။

အဆိုပါလေကြောင်း တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃၃ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၆၄ဦးရှိကာ သေနတ်ဖြင့်ပစ်ခတ်ခံရသောကြောင့် တဦး ထပ်မံသေဆုံးခဲ့ရပြီး စုစုပေါင်း သေဆုံးသူ ၃၄ဦးရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ယနေ့(ဇွန်လ ၇ ရက်)တွင် သတင်းထုတ်ပြန်သည်။

“ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ စစ်ကောင်စီတပ် ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားပါမည်” ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုသည်။

စစ်ကောင်စီအာဏာသိမ်းချိန်မှစ၍ ၂၀၂၄ခုနှစ်၊ ဇွန်လ ၆ရက်နေ့အထိ စစ်ကောင်စီကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ ၅,၂၃၆ ဦးရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း( AAPP)က ထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)