မေလအတွင်း ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် ၄၅ ဦး ပြည်သူ့ရင်ခွင်ခိုလှုံကြောင်း NUG ထုတ်ပြန်

ပခုက္ကူမြို့နယ်(ပကဖ)သို့ ဆက်သွယ် ဝင်ရောက်လာသော ရဲတပ်သားကို ဆုကြေးငွေချီးမြှင့်ပုံ (NUG-MOD)

ဂျူချန်း

(မဇ္ဈိမ)။ ။မေလအတွင်း ဗိုလ်မှူးအဆင့်ရှိသူသုံးဦးအပါအဝင် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် တပ်ဖွဲ့ဝင်များဖြစ်သည့် ရဲနှင့် စစ်သား ၄၅ ဦး CDM လုပ်ဆောင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ PDF တပ်ရင်းများသို့ ဆက်သွယ်ကာ CDM ပြုလုပ်သည့် ရဲနှင့်တပ်သား ၄၅ ဦးအနက် ဗိုလ်မှူးအဆင့်ရှိသူသုံးဦး၊ ဗိုလ်ကြီးအဆင့်ရှိသူတဦး၊ ဗိုလ်တဦးနှင့် ဒုရဲအုပ်အဆင့်ရှိသူတဦး ပါဝင်ကြောင်း NUG မှ ထုတ်ပြန်သည်။

ယင်းသို့ခိုလှုံလာသူများတွင် လက်နက်နှင့်တကွ CDM လုပ်ဆောင်လာသည်များလည်းရှိရာ မေလအတွင်း CDM ပြုလုပ်သူများထံမှ လက်နက်မျိုးစုံ ၂၄ လက်နှင့် ခဲယမ်းများရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ လက်နက်ယူဆောင်လာသူများအား ယူဆောင်လာသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုငွေပေးအပ်ခဲ့ကြောင်း NUG က ဆိုသည်။

“တပ်ရင်းတပ်ဖွဲ့တွေ Safe house တွေမှာ နေရာချထားပြီး အချို့က သူတို့အစီအစဉ်နဲ့သူတို့နေတာပါ။ မလေးနဲ့ ထိုင်းတို့မှာလည်း နေကြတယ်။ မိသားစုတွေပါတဲ့သူတွေများတယ်” ဟု ပြည်သူ့ရင်ခွင်မှတာဝန်ရှိ သူတဦးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ပြည်သူ့ရင်ခွင်မှပြုစုထား သည့် အချက်အလက်များအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် တပ်ဖွဲ့ဝင် ၆၇ ဦး၊ ဖေဖော်ဝါရီလတွင် ၆၃ ဦး၊ မတ်လတွင် ၅၃ ဦး၊ ဧပြီလတွင် ၃၇ ဦး နှင့် မေလတွင် ၄၅ ဦး ချိတ်ဆက်ခိုလှုံလာကြောင်း သိရသည်။

စစ်ကောင်စီတပ်ကိုစွန့်ခွာ၍ အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM)ပြုလုပ်လိုသည့် စစ်ကောင်စီတပ် သားနှင့် ရဲများအပါအဝင် စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မစစ်သားစုဆောင်းခံရသူများအနေဖြင့် ပြည်သူ့ရင်ခွင် သို့မဟုတ် နီးစပ်ရာ PDF ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တိုင်းရင်းသားတော် လှန်ရေးအဖွဲ့အစည်းများထံသို့ ဆက်သွယ်ချိတ်ဆက်ရန် NUG က တိုက်တွန်းထားသည်။

စာတည်း။ ။စောဖေ