နှစ်ပေါင်း ၃၀ နီးပါးရှိ အောင်သာဝရ စစ်ကောင်စီတပ်စခန်းကို KNLA သိမ်းပိုက်

အောင်သာဝရစခန်းသိမ်း တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်၊ ခဲ၊ ယမ်းများ (ဓါတ်ပုံ- ပေးပို့)

YT

(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီအထိုင်ချ တပ်စခန်းကို တပ်မဟာ(၄) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU တပ်မဟာ (၄) ဘိတ်- ထားဝယ်ခရိုင်ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းက မဇ္ဈိမကို ပြောသည်။

၁၉၉၇ ခုနှစ်မှစတင်၍ အောင်သာဝရရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီ​၏ အောင်သာဝရ (ကရင်အခေါ် ဝေ့တူရေ့) စခန်းကို ယမန်နေ့ (ဇွန်လ ၁၄ ရက်)နံနက်ပိုင်းမှစ၍ KNLA ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ပြီး နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဟု သိရသည်။

” စခန်းသိမ်းလိုက်တာကတော့ သေချာပါတယ်။ မနေ့က မနက်ကနေ နေ့လယ် မွန်းလွဲအထိမှ ပွဲက ပြီးတာပါ။ (KNLA ဘက်က) နည်းနည်းပါးပါးတော့ အထိအခိုက် ရှိတာပေါ့။ ရန်သူ့ဘက်ကလည်း ဒဏ်ရာရတာ သေတာ ထွက်ပြေးတာရှိတယ်။ ဘယ်နှစ်ယောက် သေလဲ၊ ဘယ်နှစ်ယောက် ဒဏ်ရာရလဲ၊ ဘယ်နှစ်ယောက် ထွက်ပြေးလဲတော့ သေချာ မသိရသေးဘူး” ဟု KNU တပ်မဟာ(၄) ဘိတ်- ထားဝယ်ခရိုင်ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းက မဇ္ဈိမကို ပြောသည်။

ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် (ကရခ) မြိတ် လက်အောက်ခံ ပုလောအခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၈၅)မှ စစ်ကောင်စီတပ်သား အင်အား ၅၀ ကျော်ဖြင့် အထိုင်ချနေသည့် အဆိုပါစခန်းသည် တနင်္သာရီမြစ်ကမ်းဘေးတွင် တည်ရှိကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်၌ ထိခိုက်၊ ကျဆုံး၊ ထွက်ပြေးသွားသူများရှိသကဲ့သို့ တပ်မဟာ (၄) KNLA ပူးပေါင်းတပ်ဘက်တွင်လည်း ထိခိုက်မှုအချို့ရှိကြောင်း ပဒိုစောဖလိုစိုးဝင်းက ပြောသည်။ လက်နက်၊ ခဲ၊ ယမ်း သိမ်းဆည်းရမိမှုလည်း ရှိကြောင်း KNLA သတင်းရင်းမြစ်တဦးက ပုံနှင့်တကွ ပြောဆိုသည်။

ယမန်နေ့ (ဇွန်လ ၁၄ ရက်)တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်ခဲ့ပြီး KNLA တပ်ရင်း (၇) နယ်မြေအတွင်းရှိ ဆေးရုံတရုံပေါ် ဗုံးဆန်ကျရောက်ခဲ့သည့်အတွက် သူနာပြုတဦးနှင့် အမျိုးသမီးတဦးလည်း သေဆုံးသွားရကြောင်း တပ်မဟာ (၄) ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ဖြေဆိုထားကြောင်း KIC သတင်းဌာနက ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင်လည်း KNU တပ်မဟာ (၄) နယ်မြေအတွင်းရှိ မောထာ့စခန်းကို KNLA တပ်မဟာ (၄) တပ်ရင်း (၁၂) နှင့် တပ်မဟာ (၆) တပ်ရင်း (၂၇) ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၂၄ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)