မြိုင်မြို့တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက် ၃ ဦးသေဆုံး

ယနေ့ (ဇွန်လ ၁၅ရက်)တွင် ကိုင်းတောမရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်များတိုက်ခိုက်မှု တွင် သိမ်းဆည်းထားသော သေနတ်များနှင့် ကျည်ဆန်များ/ ဓာတ်ပုံ။ ။ ပခုက္ကူ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)

ကိုခင်မောင်

(မဇ္စျိမ)။ ။ မကွေးတိုင်း၊ မြိုင်မြို့နယ် ၊ ကိုင်းတောမရဲစခန်းမှထွက်လာသော အင်အား ၁၅ ဦးခန့်ပါ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး သေနတ် နှစ်လက်သိမ်းဆည်းရရှိထားကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)မှ ယနေ့ (ဇွန်လ ၁၅ရက်)တွင် သတင်းထုတ်ပြန်သည်။

ယနေ့(ဇွန်လ ၁၅ရက်)နံနက်ပိုင်း ၁၁နာရီ ၃၀မိနစ်အချိန်တွင် မြိုင်မြို့နယ်ရှိ ကိုင်းတောမစခန်းမှ အရှေ့ဘက်သို့ ခြေလျင်ထွက်လာသော စစ်ကောင်စီတပ်များကို ကိုင်းတောမစခန်းနှင့် မီတာ ၅၀အကွာအရောက်တွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PPDF တပ်ဖွဲ့ထံမှ သိရသည်။

“စကစတပ်တွေကို အနီးကပ်စောင့်ကြိုတိုက်ခိုက်ခဲ့တာ။ သုံးယောက်ကတော့ ပွဲချင်းပြီးပေါ့။ သူတို့ကိုင်တဲ့ သေနတ်နှစ်လက် သိမ်းဆည်းနိုင်ခဲ့တယ်။ တိုက်ပွဲအပြီးမှာ စကစတပ်တွေရဲ့လှုပ်ရှားမှုကို ခုနေတော့ စောင့်ကြည့်တုန်းပါ။” ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ပစ်ခတ်မှု ၁၅မိနစ်ခန့်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်များမှ အနီးကပ်ပစ်ခတ်နိုင်သောကြောင့် စစ်ကောင်စီတပ်သားသုံးဦး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကာ MA1 သေနတ်နှစ်လက်နှင့် ကျည်ဆန်အချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)နှင့် အတူမဟာမိတ်အဖွဲ့များဖြစ်သော ပခုက္ကူမြို့နယ်အခြေစိုက် စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ Earthquake People’s Defence Force၊ Young Force UG၊ Hunter PKU၊ မြိုင် ပ.က.ဖ၊ Justice Revolution Force နှင့် Thu Rain TR တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်၊

ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)က ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၃ရက်နေ့တွင်လည်း ပခုက္ကူမြို့နယ် တပ်မ(၁၀၁)မှ ထွက်ခွာလာသော စစ်ကောင်စီတပ်၏ ကား ၁၃စီးပါ ယာဥ်တန်းအား ပခုက္ကူ-ကမ္မလမ်းပိုင်းတွင် ဒရုန်းများဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံးပြီး ၂၈ဦးခန့်ထိခိုက်ဒဏ်ရာရသွားကြောင်း PPDF က ထုတ်ပြန်သည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ယာဥ်တန်းမှ ကားအချို့ ဗုံးသီးထိမှန်ကာ ရှေ့မဆက်နိုင်သဖြင့် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများရယူကာ ထိုနေရာအနီးတဝိုက်တွင် ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သေးကြောင်း ယင်းအဖွဲ့ထံမှသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)