မောင်တောမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တော့မည်ဟု AA ကြေညာ

မဇ္ဈိမ

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘင်္ဂလားဒေရှ့်နယ်စပ်မြို့ဖြစ်သော မောင်တောမြို့ပေါ် ရှိ လက်ကျန် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဟု ယနေ့ (ဇွန်လ ၁၆ ရက်) ညတွင် အာရက္ခတပ်တော် (AA) က ကြေညာသည်။

ကျေးလက်ဒေသရှိ တပ်စခန်းများကို သိမ်းပိုက်ထားနိုင်ချိန်တွင် မောင်တောမြို့ပေါ်ရှိ လက်ကျန် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဟု AA က အရေးပေါ်ကြေညာလာခြင်း ဖြစ်သည်။

ယင်းကြောင့် မြို့ပေါ်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်သောကြောင့် မြို့နေပြည်သူလူထုများအနေဖြင့် ယနေ့ (ဇွန်လ ၁၆ ရက်) ည ၉ နာရီမှ စတင်ကာ မောင်တောမြို့တွင်းမှ ချက်ချင်းထွက်ခွာကြရန်လည်း AA က ကြေညာချက်တွင် အသိပေးထားသည်။

ရခိုင်တွင် မောင်တောမြို့ပြီးပါက စစ်ကောင်စီတပ်၏ ဒုတိယစစ်အင်အားအများဆုံးရှိသော ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော် (AA) က မေလ ၁၈ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲမြို့နှင့် ရခိုင်နှင့် ထိစပ်နေသော ပလက်ဝဒေသတို့ကို စစ်ကောင်စီက AA ထံ လက်လွှတ်ထားရသည်။

ထို့ပြင် ရခိုင်ရှိ လက်ကျန်မြို့များတွင်လည်း အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မြို့တော်စစ်တွေရှိ မင်းဂံရပ်ကွက်ကို စစ်ကောင်စီတပ်က ‌ယမန်နေ့ (ဇွန် ၁၅ ရက်နေ့) ညတွင် ရုတ်တရက် စီးနင်းကာ ပြည်သူ ၂၀၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေထိုင်သူများထံမှ သိရသည်။

စာတည်း။ ။ နောင်နောင်