ကျိုက်ထိုတွင် တိုက်ပွဲဖြစ်၊ PDF ၂ ဦးကျဆုံး

စစ်ကောင်စီက သိမ်းဆည်းရမိသွားသည့် KNLA၊ PDF ပူးပေါင်းတပ်​၏ လက်နက်အချို့(ဓါတ်ပုံ- တယ်လီဂရမ်)

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တပ်မဟာ (၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များအကြား တိုက်ပွဲဖြစ်ပွား၍ PDF နှစ်ဦး ကျဆုံးခဲ့ကြောင်း KNLA သတင်းရင်းမြစ်ထံက သိရသည်။

ယမန်နေ့ (ဇွန်လ ၂၀ ရက်)နေ့လယ် ၁၂ နာရီအချိန်တွင် ပိန္နဲကုန်းရွာအနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့် ထိတွေ့မှုဖြစ်ပွားရာမှ မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့ခြင်းဟု သိရသည်။

” ဟိုဘက်က (စစ်ကောင်စီဘက်) ဝင်ထိုးလာတာ။ ရွာကို ဒီကောင်တွေ ဝင်စီးတဲ့အချိန် ထိတွေ့မှုဖြစ်တာပါ” ဟု တပ်မဟာ (၁) စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အထိအခိုက်၊ အကျအဆုံးရှိသော်လည်း အသေးစိတ် မသိရသေးကြောင်းနှင့် တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဘက်တွင် ရဲဘော် နှစ်ဦး ကျဆုံး၍ တဦး ဒဏ်ရာရခဲ့ပြီး လက်နက်၊ ခဲ၊ ယမ်းအချို့ ဆုံးရှုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တဦး​၏ ပြောကြားချက်အရ သိရသည်။

” ရဲ CDM တဦးရယ် ကျေးနယ်အဖွဲ့က ကောင်လေးတယောက်ရယ်၊ နောက်တယောက်ရယ် ကျသွားတယ်။ နောက်ကောင်လေးတယောက်ကတော့ ဒဏ်ရာရထားတယ်၊ ဆေးကုသမှု ခံယူနေပါပြီဗျ” ဟု အခြားသတင်းရင်းမြစ်တဦးက ပြောသည်။

စစ်ကောင်စီသည် အင်အား ၁၅၀ ကျော်ဖြင့် ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းရွာဘက်မှတဆင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁)၊ တပ်ရင်း (၃) နယ်မြေအတွင်း စစ်ကြောင်းထိုးလာချိန်တွင် ပိန္နဲကုန်းကျေးရွာအနီး၌ ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်က KNU တပ်မဟာ (၁) တပ်ရင်း (၃) နယ်မြေရှိရာဘက်သို့ ဆက်လက် တက်လာခြင်း မရှိသော်လည်း အခြေအနေမှာ စိတ်ချရမှု မရှိသေးကြောင်းနှင့် စစ်ကောင်စီမှာ အင်အား ၃၀ ကျော်စီခွဲ၍ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်​၏ ပြောကြားချက်အရ သိရသည်။

ယနေ့ (ဇွန်လ ၂၁ ရက်) တွင်လည်း သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြှောက်တပ် အမတ (၃၁၀) ​၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် ခရွဲကျေးရွာအနီးတွင် နေထိုင်သည့် ပြည်သူ နှစ်ဦး လက်နက်ကြီးစထိမှန်၍ ထိခိုက်မှုအနည်းငယ်စီ ရှိခဲ့ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)