မြဝတီလမ်းကြောင်း၌ လက်နက်ကိုင်အဖွဲ့အချို့က ငွေကြေးကောက်ခံမှု အဆမတန်များ

ဟန်ထူးဇော်

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ် မြဝတီမြို့ ကုန်သွယ်ရေးလမ်းကြောင်းတွင် သွားလာကူးသန်းနေသည့် ယာဉ်များကို လက်နက်ကိုင်အဖွဲ့အစည်းအချို့မှ ငွေကြေးကောက်ခံမှု အဆမတန်များပြားနေကြောင်း ကုန်သည်များထံမှ သိရသည်။

ထိုင်း−မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီမြို့ကို ကုန်စည်စီးဆင်းသည့် ကော့ကရိတ်−သင်္ဃန်းညီနောင် လမ်းဟောင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းအချို့က ဂိတ်ဖွင့်၍ ငွေကြေးများစွာကောက်ခံနေကြောင်း သိရသည်။

“ ခြောက်ဘီးကား တစီးကို ၁၂သိန်း ကုန်တယ်၊ အောက်ဗိုလ်တဲအထိပဲရှိသေးတယ် မြပလိုင်ကနေ ကျုံဒိုးအထိမပါသေးဘူး၊ ကုန်မယ်ဆိုရင် အနည်းဆုံး သိန်း၂၀ကျော်ကုန်တယ်၊ ရန်ကုန်ထိဆိုရင် တခါတလေကျရင် ပိုတောင်းတာတွေရှိတယ်၊ အဖွဲ့အစည်းက စုံတယ်အကိုရယ်၊ ဒီနေ့က ဒီအဖွဲ့ဆိုရင် နောက်နေ့ဆိုရင် နောက်တဖွဲ့က ပေါ်လာပြန်ရော ”ဟု ကုန်သည် တဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှ စတင်ကာ ကော့ကရိတ်နှင့် သင်္ဃန်းညီနောင်တွင် စစ်ကောင်စီတပ်နှင့် KNU, PDFပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် မြဝတီ−ကော့ကရိတ် အာရှလမ်းမကြီး အရပ်သားပြည်သူခရီးသွားလာခွင့်နှင့် ကုန်စည်ဖြတ်သန်းရန်မရခဲ့ပေ။

ယင်းလမ်းမကြီး ပိတ်လိုက်ရပြီးနောက် ထို့ကော့ကော်လမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈လမ်း၊ ရင်ကွဲတောင်လမ်းတို့ကို အရပ်သားပြည်သူများနှင့် ကုန်ကားများမှ အသုံးပြုရသည်။ ထို့နောက် ယခုဇွန်လမှ စတင်ကာ ကော့ကရိတ်−သင်္ဃန်းညီနောင် လမ်းဟောင်းကို ကရင်လက်နက်ကိုင်များမှ ကားသွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။

“လမ်းကြေးပေးရတာက ကျနော်တို့ ဒီမြဝတီ ကုန်ကားဝင်းကနေထွက်ရင် BGF(KNA)စပြီ။ တောင်ပေါ်တက်ရင် KNUနဲ့ PDF ၊ ပြီးသွားရင် ဟိုဘက်ကိုကျော်ရင် ငြိမ်းချမ်းရေးကောင်စီဆိုတဲ့ PCရှိတယ်၊ အဲ့ဒါပြီးသွားရင် စကစရဲ့အဖွဲ့အစည်းတွေကြီးပဲ ရှိတော့တယ်၊ မော်တော်ပီကယ်တောင်းလည်းပေး၊ စစ်တပ်ကတောင်းလည်း ပေး၊ ကာစတန်ကတောင်းလည်း ပေး၊ လဝကတောင်းလည်းပေး၊ အဲ့ဒါ တောက်လျှောက် ရန်ကုန်ရောက်တဲ့အထိပဲ”ဟု မြဝတီမြို့ခံတဦးမှ ပြောသည်။

တိုက်ပွဲများဖြစ်ပွားနေသည့် အာရှလမ်းမကြီးတွင် လက်နက်ကိုင်အချို့မှ လမ်းမကြီး မပိတ်ခင်ကတည်းက ကားများကို ငွေကြေးကောက်ခံမှုများပြုလုပ်နေခဲ့ကြောင်းသိရသည်။

“အာရှလမ်းတုန်းက ဂိတ်များတယ် အဲ့လောက်တော့ မပေးရဘူး၊ ဂိတ်များတာက၊ အာရှလမ်းကို မိုင်းခွဲ တံတားချိုးတာတွေရှိတော့ အဲ့ဒါကို တာဝန်ယူသလိုမျိုး လုံခြုံရေးယူသလို ဂိတ်တွေ ဂိတ်တွေအများကြီးပဲ၊ လက်နက်ကိုင်တွေက၊ အဲ့လက်နက်ကိုင်တွေက ဘယ်ကမှန်းလဲမသိဘူး၊ တခါတလေကျတော့ အောက်က အားကစားဘောင်းဘီတို၊ အပေါ်ကပြောက်ကျားဝတ်ပြီးတော့ တောစီးဖိနပ်နဲ့ သေနတ်လွယ်ထားပြီးတော့ ဘာကောင်မှန်းလဲမသိဘူး၊ ဘက်တံဆိပ်လဲမပါဘူး၊ တောင်းနေကျတာရှိတယ်”ဟု ကုန်ကားမောင်းနှင်သူ တဦးမှ ပြောသည်။

ယင်း အာရှကားလမ်းတွင် ငွေကြေးကောက်ခံသည့် အဖွဲ့သည် စစ်ကောင်စီနှင့် ယခင်BGF(KNA)တို့ဖြစ်ပြီး တော်လှန်ရေးအဖွဲ့များမှ လမ်းကို မထိန်းချုပ်နိုင်မီကဖြစ်၍ တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်လိုက်ပြီးသည့်နောက်တွင် အဆိုပါလမ်းမကြီးအား စစ်ရေးအခြေနေအရ ပိတ်ထားလိုက်ကြောင်း KNU အရာရှိတဦးက ပြောသည်။

မြဝတီ ကုန်သွယ်ရေးလမ်းကြောင်းတွင် ငွေကြေးကောက်ခံနေသည့်အဖွဲ့မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များမဟုတ်ကြောင်း Cobra စစ်ကြောင်း (PDF)မှ တာဝန်ရှိသူက ငြင်းဆိုသည်။

အာရှလမ်းပိတ်သွားပြီးသည့်နောက် ထော့ကော့ကော်လမ်းကို ပြည်သူများအသုံးပြုသွားလာရာတွင် လက်နက်ကိုင်အဖွဲ့အစည်းအစုံက ငွေကြေးကောက်ခံပြီး ကားတစီးကို အနည်းဆုံး ကျပ် ၈၀၀,၀၀၀ ကျော် ကုန်ကျခဲ့ကြောင်း ကုန်ကားနှင့် နီးစပ်သူများမှ ဆိုသည်။

“ထော့ကော့ကော်လမ်းက ကားအတက်အဆင်းများလာတဲ့နောက်မှာ တချို့က ခြောက်ဘီးပဲ ရမယ် ၁၂ဘီး မရဘူး ၊ ဒါမျိုးတွေဖြစ်လာတော့ ကုန်ကဲ့တဲ့နေရာတွေမှာ အဆင်မပြေတာတွေဖြစ်လာတော့ ကြက်ဥတောင်လမ်းဆိုပြီး ထပ်လာပြန်တယ်။ အဲ့လမ်းလည်း KNU၊ PC အဖွဲ့စုံပဲ အကုန်လုံးတောင်းတယ်၊ နောက် ၁၀၁၈ လမ်းပေါ်လာတယ် ၊ အဲ့လမ်းတွေလည်း ၇၀၀,၀၀၀၊ ၈၀၀,၀၀၀ ကျော်ပေးရတာပဲ၊ ရာသီဥတုကြောင့် လမ်းတွေပျက်တော့ ကော့ကရိတ်လမ်းဟောင်း သုံးရတယ်ပေါ့ ၊ အဲ့လမ်းကျတော့ ဈေးက မတရားတောင်းတာ၊ အောက်ဗိုလ်တဲကျော်ကျော်လောက်ကိုပဲ ဘတ်(ထိုင်းငွေ)နဲ့တောင်းတာ ဘတ် ၇,၀၀၀ တောင်းတာ၊ ဘတ်မပါဘူးဆိုတော့ မြဝတီမှာ တခါတည်းငွေလဲလာခဲ့တဲ့”ဟု ကုန်သည် တဦးက ပြောသည်။

မြဝတီမြို့ကို သွားသည့် ကားလမ်းတွင် BGF(KNA)မှ ထိန်းချုပ်သည့် ကားလမ်း နှစ်လမ်းနှင့် ငြိမ်းချမ်းရေးကောင်စီ(PC)မှထိန်းချုပ်သည့် ကားလမ်း တလမ်းရှိကြောင်း သိရသည်။

ငြိမ်းချမ်းရေးကောင်စီ(PC)ထိန်းချုပ်သည့်လမ်းတွင် ဂိတ် နှစ်ခုသာရှိပြီး ယခုအခါ ရာသီဥတုအခြေနေကြောင့် အသုံးမပြုတော့ကြောင်းနှင့် လမ်းဟောင်းတွင် ကောက်ခံသည့်ကိစ္စတွင် သေချာမသိသေးကြောင်း ငြိမ်းချမ်းရေးကောင်စီ(PC)မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ကားသမားတွေပြောတဲ့ ငွေကြေးကောက်ခံတဲ့ကိစ္စက ကျနော်ပြောဖို့ကျ လက်လှမ်းမီဖို့ခက်ပါတယ်၊ မရှိဘူးလိုတော့မဟုတ်ပါဘူး ရှိနိုင်ပါတယ်၊ ကျနော်တို့PCထိန်းချုပ်တယ်ဆိုပေမယ့် ကျနော်တို့ နေရာမှာက ကရင်လက်နက်ကိုင်အဖွဲ့အစုံနေတဲ့ အစဥ်အလာကရှိတဲ့အခါကျတော့လေ တခြားအဖွဲ့တွေနဲ့ ဘယ်လိုအခြေနေရှိတယ်ဆိုတာကတော့ ကျနော်အနေနဲ့ပြောဖို့ကျတော့ လက်လှမ်းမမီပါဘူးခင်ဗျ”ဟု ငြိမ်းချမ်းရေးကောင်စီ(PC)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်စောကျော်ညွှန့် က မဇ္ဈိမကို ပြောသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ PCအဖွဲ့မှ ထိန်းချုပ်သည့်လမ်းများသွားလာခွင့်ပြုရခြင်းမှာ တိုက်ပွဲအခြေနေကြောင့် အာရှလမ်းကိုပိတ်ထားသည့်အတွက် အများပြည်သူများ တနိုင်တပိုင်ကုန်စည်စီးဆင်းရန် အဆင်ပြေစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ထားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“လမ်းဟောင်းကနေပြီးတော့ ပေတရာလမ်းမဟုတ်ဘဲနဲ့ ဖြတ်လမ်းတွေပေါ့ ကျေးရွာချင်းဆက်လမ်းတွေကနေ ရှောင်ပြီးတော့ သွားတာတော့ ကြားတာရှိတယ်လေ၊ အဲ့မှာတော့ ကျနော်တို့ PCအဖွဲ့က ဟိုအရင်ကတည်းက အနည်းအကျဥ်းတော့ရှိပါတယ်ဗျ၊ ကျနော်တို့လမ်းတွေက ရွာသားတွေ ထော်လာဂျီလောက် သွားနိုင်အောင်လုပ်ထားတာဗျ၊ ပြည်သူတွေ အဆင်ပြေအောင် လမ်းဖွင့်ပေးလိုက်တာပါ၊ ကားတွေက အတော်များပြီး ဝန်ကအတော်များများပါလာကြတယ်၊ အဲ့တော့ ကျနော်တို့လမ်းတွေ တံတားတွေက အဲ့လောက်ခံနိုင်ရည်မရှိတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်ရတာရှိပါတယ်”ဟု ငြိမ်းချမ်းရေးကောင်စီ(PC)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်စောကျော်ညွှန့်က ပြောသည်။

ယခုဇွန်လမှ စတင်ကာ ရာသီဥတုအခြေနေကြောင့် လမ်းများ ပျက်စီးနေခြင်းကြောင့် ကုန်ကားအချို့ကို ကန့်သတ်ချက်များပြုလုပ်ကာ ကားဝန်များလျော့ချစေခဲ့ကြောင်း သိရသည်။

အဆိုပါ မြဝတီကားလမ်းတွင် ငွေကြေးကောက်ခံနေမှုနဲ့ ပတ်သက်ပြီး ယခင်BGF(KNA)မှ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

လမ်းဟောင်းကားလမ်းကို အသုံးပြုသွားလာရသည့် ကုန်ကားများသည် အသွားအပြန် ဂိတ်ကြေး သိန်း ၄၀ ကျပ်နီးပါး ကုန်ကျနေပြီး ယခင်အာရှလမ်းတွင် ဂိတ်ကြေး ၅၀၀,၀၀၀ ဝန်းကျင်သာ ပေးဆောင်ရကြောင်း သိရသည်။

လက်နက်ကိုင်အချို့သည် ပြည်တွင်းကုန်ကားများတွင်သာ ငွေကြေးကောက်ခံခြင်းမဟုတ်ဘဲ ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် ထိုင်းကုန်ကားများပါ ငွေကြေးကောက်ခံနေကြကြောင်း သိရသည်။

“ထိုင်းကားကို ကောက်တာက(၂၇၅)တပ်ရင်းအကျော် ဖားချောင်းတံတားကနေစတာ၊ အဲ့တံတားကနေ ကုန်သွယ်ရေးဇုန်အထိကိုကောက်တာ၊ အဲ့လမ်းမှာရှိတဲ့ အဖွဲ့အစည်းအစုံကနေကောက်တာ၊ အရင်က ဘတ် ၁၀၊၂၀ကနေ အခု ၁,၀၀၀ ၊၂,၀၀၀ ထိကောက်လာတယ်၊ တဂိတ်ကို ၂,၀၀၀ပေးရတဲ့အပြင်မှာ ဂိတ် ခုနစ်ဂိတ်ရှိတယ်၊ အဲ့တော့ ခုနစ်ဂိတ်ဆိုရင် မြန်မာငွေ ၁၄ သိန်း၊ ၁၅ သိန်းလောက်ကျပြီ” ဟု ကုန်သည် တဦးကပြောသည်။

ယင်းကုန်ကျသည့်ငွေများကို မြန်မာကုန်သည်များက ပေးဆောင်ရကြောင်း သိရသည်။

မြဝတီမြို့စောင့်တပ်ဖြစ်သည့် ခလရ(၂၇၅)တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ ထွက်ပြေးသွားပြီး ကရင်လက်နက်ကိုင်ဖြစ်သည့် BGF(KNA)အဖွဲ့က လမ်းများတွင်နေရာယူကာ ဂိတ်ဖွင့်၍ ထိုင်းကားများကို ငွေကြေးကောက်ခံနေခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

အာရှလမ်းမကြီးပိတ်လိုက်ပြီးနောက် လက်နက်ကိုင်အဖွဲ့အစည်းများထိန်းချုပ်ထားသည့် လမ်းများကို အသုံးပြုသွားနေရသည့် ကုန်ကားများသည် ငွေကြေးများစွာပေးဆောင်နေကြရပြီး ယခုဇွန်လအတွင်း မြဝတီမြို့တွင် ဆန်နှင့် အခြေခံစားသောက်ကုန်များ ပြတ်လပ်များမှုဖြစ်ပေါ်နေကာ ကုန်ဈေးနှုန်းများ သိသိသာသာ မြင့်မားလာကြောင်း မြဝတီမြို့ခံများထံက သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)