ဖိလစ်ပိုင်ကို ခြိမ်းခြောက်၍မရကြောင်း တရုတ်ကို မားကို့စ် သတိပေး

ပုံ - ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ

ပုံ – ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ

ANI

တရုတ်၏ ရန်လိုမှုများ တိုးလာချိန်တွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက တရုတ်၏ နယ်ပယ်ချဲ့ထွင်ရေးလုပ်ရပ်များဖြင့် ၎င်းတို့နိုင်ငံကို ခြိမ်းခြောက်၍ရမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု Al Jazeera သတင်းဌာနက ဖော်ပြခဲ့သည်။

သမ္မတက ပါလာဝမ်ကျွန်းရှိ ဖိလစ်ပိုင်တောင်တရုတ်ပင်လယ်တပ်ဖွဲ့ဌာနချုပ်တွင် ထိုသို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်သမ္မတက “နိုင်ငံကို ကာကွယ်ရာမှာ ဒီပြဿနာတွေအားလုံးကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုတဲ့ ဖိလစ်ပိုင်ရဲ့ မူအတိုင်း လုပ်ဆောင်သွားမှာပါ” ဟု ဆိုသည်။

ဌာနချုပ်သို့ လာရောက်သည့် ခရီးစဉ်အတွင်း မားကို့စ်က ရိက္ခာဖြည့်တင်းရေးတာဝန်တွင် ပါဝင်ခဲ့သည့် ရေတပ်သား ၈၀ ဦးအား ဆုတံဆိပ်များ ချီးမြှင့်ခဲ့ပြီး အခြေအနေမှာ အန္တရာယ်ရှိနေသော်လည်း နိုင်ငံကို ဆက်လက်ကာကွယ်ရန် ရေတပ်သားများကို တိုက်တွန်းခဲ့သည်။ ထို့ပြင် မားကို့စ်က ဖိလစ်ပိုင်သည် ၎င်းတို့လွတ်လပ်ခွင့်ကို ဆက်လက်ကျင့်သုံးသွားမည်ဟုလည်း ပြောခဲ့သည်။

“ကျွန်တော်တို့ဟာ ဘယ်သူ့ရဲ့ ခြိမ်းခြောက်မှု ဖိနှိပ်မှုကိုမှ ခံမှာမဟုတ်ပါဘူး။ နိုင်ငံတကာဥပဒေနဲ့အညီ ကျွန်တော်တို့ရဲ့ နိုင်ငံ့အကျိုးစီးပွားကို အထောက်အပံ့ပြုရာမှာ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေကို ဆက်လက်ကျင့်သုံးသွားမှာပါ” ဟု မားကို့စ်က ဆိုသည်။

ပလာဝမ်ကျွန်းမှ ကီလိုမီတာ ၂၀၀ ခန့်အကွာရှိ Second Thomas ကျွန်းအနီးတွင် တရုတ်နှင့် ဖိလစ်ပိုင် ရေတပ်သားများအကြား မကြာသေးမီက ဖြစ်ပွားခဲ့သော အချင်းများမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် သမ္မတက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်အတွင်း တရုတ်တပ်ဖွဲ့ဝင်များသည် ဖိလစ်ပိုင်ရေတပ်သားများကို ဒဏ်ရာရရှိစေခဲ့သလို တောင်တရုတ်ပင်လယ်တွင် အနည်းဆုံး စစ်ရေယာဉ်နှစ်စီး ပျက်စီးစေခဲ့သည်။

ဖိလစ်ပိုင်ရေတပ်သားများက တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် ၎င်းတို့ပစ္စည်းများကို ခိုးယူကာ ပျက်စီးစေခဲ့သည်ဟု စွပ်စွဲခဲ့ကြောင်း Al Jazeera က ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်သင်္ဘောတစီးသည် တရုတ်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ခဲ့ပြီး တရုတ်ကမ်းခြေစောင့် ရေယာဉ်တစီးနှင့် တိုက်မိခဲ့သည်ဟူသော တရုတ်၏ စွပ်စွဲချက်ကို ဖိလစ်ပိုင်တပ်က ငြင်းဆိုခဲ့ကြောင်း ဖိလစ်ပိုင်သတင်းအေဂျင်စီ (PNA) က ဖော်ပြသည်။

ဖိလစ်ပိုင်တပ် (AFP) မှ ပြည်သူ့ရေးရာရုံး အကြီးအကဲ ဗိုလ်မှူးကြီး ဆားဆက်ထရီနီဒက်က “ဖိလစ်ပိုင်တပ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန်ထဲမှာရှိတဲ့ အာယုအင်းကျွန်းမှာ တရားဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းလည်ပတ်မှုနှင့် ရိက္ခာဖြည့်တင်းရေးတာဝန်တွေအကြောင်း အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးမှာမဟုတ်ပါဘူး။ တရုတ်ကမ်းခြေစောင့်တပ်ရဲ့ လိမ်လည်လှည့်ဖြားပြီး အထင်အမြင်လွဲမှားစေတဲ့ ပြောဆိုမှုတွေကို အလေးထားမှာ မဟုတ်ပါဘူး” ဟု သတင်းထောက်များကို ပြောသည်။

ဖိလစ်ပိုင်၏ သီးသန့်စီးပွားရေးဇုန် (EEZ) တွင် တရုတ်သင်္ဘောများ ရှိနေခြင်းနှင့် လုပ်ရပ်များသည် ဖိလစ်ပိုင်၏ အချုပ်အခြာအာဏာနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်ကို ထိပါးသည့် အဓိကပြဿနာအဖြစ် ရှိနေဆဲဖြစ်ကြောင်းနှင့် တရုတ်ကမ်းခြေစောင့်တပ်၏ အဆက်မပြတ်သော ရန်လိုသည့်လုပ်ရပ်များသည် ဒေသတွင်း တင်းမာမှုများကို မြင်တက်စေခဲ့ကြောင်း ဗိုလ်မှူးကြီး ဆားဆက်ထရီနီဒက်က ဆိုသည်။

အာယုအင်းကျွန်းသည် တောင်တရုတ်ပင်လယ်အတွင်း စပရတ်လေကျွန်းစုရှိ နစ်မြုပ်နေသော သောင်ခုံကျောက်တန်းဖြစ်သည်။ ဖိလစ်ပိုင်ရေတပ်၏ ကင်းစခန်းဟု ယူဆရသည့် BRP Sierra Madre ရေယာဉ်သည် ၁၉၉၉ ခုနှစ်ကတည်းက အာယုအင်းကျွန်းတွင် ဆိုက်ကပ်ထားခဲ့သည်။