စစ်အာဏာရှင်ကို လူသတ်အားပေးလုပ်နေတဲ့ အိန္ဒိယ

ဓားရိုင်း

လူထုအပေါ် အကြမ်းဖက်လုပ်ရပ်တွေကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီကို လက်နက်အများဆုံးရောင်းချနေတဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယလည်းပါဝင်နေပါတယ်။ အီးယူနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာစစ်ကောင်စီကို လက်နက်မရောင်းဖို့ တောင်းဆိုမှုတွေရှိနေတဲ့ကြားက လက်နက်အများဆုံးရောင်းချတဲ့နိုင်ငံတွေထဲမှာ တရုတ်နဲ့ ရုရှားပြီးရင် အိန္ဒိယက အများဆုံးဖြစ်နေခဲ့တာပါ။ အိန္ဒိယလို ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံကြီးက မြန်မာစစ် အာဏာရှင်ကို လူသတ်လက်နက်တွေကူညီပေးနေခဲ့တယ်ဆိုတာ ရုပ်ဆိုးအကျည်းတန်လွန်းတဲ့ကိစ္စ ဖြစ်ပါတယ်။ အိန္ဒိယမူဝါဒရေးရာသုတေသနအဖွဲ့ (Vivekananda International Foundation)ရဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ကထုတ်ပြန်တဲ့ အစီရင်ခံစာအရ အိန္ဒိယရဲ့လက်နက်တင်ပို့မှု ၅၀ ရာခိုင်နှုန်းကျော်ဟာ မြန်မာနိုင်ငံကိုရောက်ရှိခဲ့ ကြောင်း အတည်ပြုထားခဲ့တာဖြစ်ပါတယ်။ Stockholm International Peace Research Institute ရဲ့အချက် အလက်တွေအရဆိုရင်လည်း ၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယဟာ မြန်မာနိုင်ငံကို တတိယမြောက် လက်နက်အများဆုံးတင်သွင်းတဲ့နိုင်ငံဖြစ်တယ်လို့ ဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်အတွင်းမှာပဲ လူ့ အခွင့်အရေးအဖွဲ့ Justice For Myanmar က မြန်မာစစ်ကောင်စီကို စစ်လက်နက်နဲ့ လေ့ကျင့်ရေးသင်တန်းတွေ ပံ့ပိုးပေးပြီး စစ်ရာဇဝတ်မှုကျူးလွန်မှုတွေကို အားပေးနေတဲ့ အိန္ဒိယစီးပွားရေးလုပ်ငန်းတွေကိုထပ်မံဖော်ထုတ်ခဲ့ တာတွေ့ရပါတယ်။ အဲဒီစီးပွားရေးလုပ်ငန်းတွေထဲမှာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက စီမံဆောင်ရွက်နေတဲ့ လုပ်ငန်း ၁၆ ခုအထိ ပါဝင်ပတ်သက်နေခဲ့တာဖြစ်ပါတယ်။

အိန္ဒိယ ပြည်သူ့ကဏ္ဍစီးပွားရေး လုပ်ငန်းများ (PSUs)ဟာ တရားမဝင် မြန်မာစစ်အုပ်စုကို စစ်လက်နက်ပစ္စည်း၊ အခြေခံအဆောက်အအုံနဲ့ လေ့ကျင့်ရေးသင်တန်းတွေပံ့ပိုးပေးနေပြီး လက်ရှိဖြစ်ပွားနေတဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို အားပေးကူညီနေတယ်လို့ Justice For Myanmar ကဆို ပါတယ်။ အိန္ဒိယ ပြည်သူ့ကဏ္ဍစီးပွားရေး လုပ်ငန်းတွေဟာ အိန္ဒိယအစိုးရ အများစုပိုင်ဆိုင်တဲ့ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေဖြစ်ပြီး ကာကွယ်ရေးကဏ္ဍအပါအဝင် အိန္ဒိယ စီးပွားရေးနယ်ပယ်တစ်ဝန်းက ကဏ္ဍများစွာမှာပါဝင် ပတ်သက်နေတာဖြစ်ပါတယ်။ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန စီမံဆောင်ရွက်နေတဲ့ လုပ်ငန်းတွေထဲက Brah Mos Aerospace Private Limited ၊ Garden Reach Shipbuilders and Engineers Limited ၊ BEML Limited ၊ Hindustan Shipyards Limited ၊ Yantra India Limited နဲ့ Mazagon Dock Shipbuilders Limited တို့ဟာ မြန်မာစစ်ကောင်စီနဲ့ အဓိကဆက်ဆံနေတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။ အဲဒီလုပ်ငန်းတွေဟာ စစ်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ၊ ဒုံးကျည်တွေ၊ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာတွေနဲ့ အမြောက်ပြောင်းတွေ တင်ပို့ ရောင်းချထားသလို ဆက်လက်တင်ပို့ဖို့လည်း မြန်မာစစ်ကောင်စီနဲ့ သဘောတူစာချုပ် ချုပ်ဆိုထားခဲ့တယ်လို့ Justice For Myanmar ကဆိုထားပါတယ်။

ဒါ့အပြင် မြန်မာစစ်ကောင်စီကို စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်း တွေအပါအဝင် နည်းပညာနဲ့ လောင်စာဆီတွေ လွှဲပြောင်းရောင်းချနေတာအားလုံး ချက်ချင်းပိတ်ပင်ဖို့နဲ့ စစ် ဘက်ဆိုင်ရာ လေ့ကျင့်သင်တန်းအားလုံးကိုလည်း ရပ်ဆိုင်းဖို့ အိန္ဒိယနိုင်ငံကို Justice For Myanmar က တောင်း ဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ကပဲ အိန္ဒိယ စစ်ထောက်လှမ်းရေး တွဲဖက်ညွှန်ချုပ် ဗိုလ်ချုပ် ချာရန်ဂျက် ဆင်း ဂျူးဂန်း ဟာ အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး စစ်ကောင်စီ တတိယခေါင်းဆောင် ဗိုလ်ချုပ်ကြီး မောင် မောင်အေးနဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အပြင် နှစ်နိုင်ငံ စစ်တပ်ကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ သင်တန်းသား စေလွှတ်ရေးတို့ကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယနဲ့ စစ်ကောင်စီတို့ကြား ပိုမိုနွေးထွေးလာတဲ့ ဆက်ဆံ ရေးကို မီးမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။ စစ်ကောင်စီ တတိယခေါင်းဆောင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဟာ လူထုအပေါ်ကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အနောက်နိုင်ငံ အစိုးရတွေရဲ့ အရေးယူပိတ်ဆို့ခံ ထားရသူဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ပူးပေါင်းညှိနှိုင်းရေးမှူးအဖြစ် ကြည်း၊ ရေ၊ လေ တပ်တွေကို ကြီးကြပ်ပြီး လက်နက်ဝယ်ယူရာမှာ အရေးပါတဲ့အခန်းကနေ ပါဝင်နေတာဖြစ်ပါတယ်။ ဒီလိုပုဂ္ဂိုလ်နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး စစ်တပ်နှစ်ခုအကြား ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရေး လုပ်ဆောင်လာမှုကိုကြည့်ရင် လက်ရှိအချိန်ထိ အိန္ဒိယအစိုး ရရဲ့ ရပ်တည်မှုဟာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေဘက်မှာ မရှိဘူးဆိုတာရှင်းနေပါတယ်။ ရိုင်းစိုင်းတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေအတွက် မြန်မာစစ်ကောင်စီကို နိုင်ငံတကာအသိုက်အဝန်းအများစုက ရှောင်ရှားနေချိန်မှာ အိန္ဒိယကတော့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေး ပိုမိုခိုင်မာလာခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေးမပြတ်ရှိနေစေဖို့အတွက် အိန္ဒိယအစိုးရဘက်က အဆင့်မြင့်အရာရှိတွေကို လေးလဝန်းကျင်တကြိမ် စေလွှတ်နေခဲ့တာလည်းတွေ့ရပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကဆိုရင် အိန္ဒိယလေတပ် စစ်ဦးစီး လက်ထောက်အကြီးအကဲ(ထောက်လှမ်းရေး) လေတပ် ဒုဗိုလ်ချုပ်ကြီး အိုင်ချက်တီယာအီယက် ကိုယ်တိုင် နေပြည်တော်ကိုရောက်လာခဲ့ပြီး နှစ်နိုင်ငံလေတပ်ကြား ပူး ပေါင်းဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီလေတပ်က ဆင်းရဲနွမ်းပါးတဲ့ကျေးရွာတွေ ကအရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်နေစဉ်အတွင်း အိန္ဒိယလေတပ်ဗိုလ်ချုပ်ဟာ မြန်မာ လေတပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးထွန်းအောင်နဲ့ တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။ အိန္ဒိယ လေတပ်ဗိုလ်ချုပ် လာ ရောက်ပြီးမကြာခင်မှာပဲ စစ်ကောင်စီလေတပ်ဟာ စစ်ကိုင်းတိုင်းမှာ လူအနည်းဆုံး ပြည်သူ ၄၀ သေဆုံးပြီး ဒါဇင် ပေါင်းများစွာ ဒဏ်ရာရစေတဲ့ လေကြောင်းတိုက်ခိုက်မှု နှစ်ခုကိုထပ်မံကျူးလွန်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီလေ တပ်ဟာ အာဏာသိမ်းကာလသုံးနှစ်အတွင်း နိုင်ငံတဝန်းမှာ

လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၃,၄၀၀ နီးပါး ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ပထမ လေးလအတွင်း စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု ၈၁၉ ကြိမ်ပြုလုပ်ပြီး ပျမ်းမျှ တနေ့ကို ခြောက်ကြိမ်ဖြစ်ကာ အရပ်သား ၃၅၉ ယောက်သေဆုံးခဲ့ပြီး တခြားသူ ၇၅၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ကဖော်ပြထားပါတယ်။ ဘာသာရေး အဆောက်အအုံ ၅၀ ၊ ကျောင်း ၃၈ ကျောင်းနဲ့ ကျန်းမာရေး အဆောက်အအုံ ၁၁ ခုကိုလည်း အဲဒီလေးလအတွင်း ဖျက်ဆီးခဲ့တာပါ။ အရင်နှစ်တွေက မှတ်တမ်းတင်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်မှာ ၈၅ ကြိမ်၊ ၂၀၂၂ ခုနှစ်မှာ ၃၃၉ ကြိမ်နဲ့ ၂၀၂၃ ခုနှစ်မှာ ၁,၂၂၈ ကြိမ်အထိ မြင့်တက်သွားခဲ့တယ်လို့လည်း ဉာဏ်လင်းသစ် သုတေသနက ဆိုထားပါတယ်။

ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ဖော်ပြချက်အရ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ အခု နှစ် ဧပြီလ ၃၀ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂,၄၇၁ ကြိမ်ပြုလုပ်ခဲ့ပြီး လူအနည်းဆုံး ၁,၂၉၅ ယောက် သေ ဆုံးခဲ့တယ်လို့လည်းသိရပါတယ်။ အခုနှစ် ပထမ လေးလအတွင်း ကလေးငယ် ၆၁ ယောက်အပါအဝင် အရပ်သား ၃၅၉ ယောက်ဟာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးထားခဲ့တာဖြစ်ပါတယ်။ အခုလို အကြမ်း ဖက်လုပ်ရပ်တွေကို စစ်ကောင်စီ ဆက်တိုက်ကျူးလွန်နိုင်နေတာဟာ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့ရဲ့ လက်နက်ပံ့ပိုးမှု တွေကြောင့်ဆိုတာ စဉ်းစားဖို့တောင်မလိုပါဘူး။ အခုနှစ် ဇန်နဝါရီလအတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှုအတွက် အချိန်ရွေးချယ်ဖို့နဲ့ အသုံးပြုမယ့် လေယာဉ်နဲ့ လက်နက်ရွေးချယ်ဖို့ အချက်အလက်တွေထုတ်ပေးနိုင်တဲ့ အလို အလျောက် ရာသီဥတုစခန်းတွေအတွက်ဖြစ်ပုံရတဲ့ ပစ္စည်း ၅၂ မျိုးကို စစ်ကောင်စီလေတပ်ဆီပေးပို့ခဲ့တယ်လို့ Justice For Myanmar ကဖော်ပြထားပါတယ်။ ဒါ့အပြင် မိုးလေဝသကိရိယာတွေတပ်ဆင်ဖို့ အိန္ဒိယလေတပ်က စစ်သား ၁၅ ယောက်ကိုလည်း လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံမှာ ဖြန့်ကြက်ထားခဲ့တာပါ။ တရုတ်နဲ့ အပြိုင် ပထဝီနိုင်ငံရေးကိုအားပြိုင်နေတဲ့ အိန္ဒိယ ရဲ့ စစ်ကောင်စီအပေါ် သဘောထားတွေက ပြောင်းလဲဦးမှာမဟုတ် ပါဘူး။ ဒီမိုကရေစီတံဆိပ်ကပ်ပြီး အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ မြန်မာစစ်အာဏာရှင်လူစုကို လူမိုက်အားပေး ဆက်လုပ်နေဦးမှာသေချာပါတယ်။