အင်းတော်မြို့ နန့်သာရွာတိုက်ပွဲတွင် ဗိုလ်ကြီးအပါအဝင် ၁၄ဦးသေဆုံး

အင်းတော်မြို့နယ်၊ နန့်သာရွာစစ်တပ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းထားသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ/ အမှတ်(၁) စစ်ဒေသ၊ Indaw Revolution (IR)

ကိုခင်မောင်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ် ၊ နန့်သာရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး တဦးအပါအဝင် ၁၄သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း အမှတ်(၁) စစ်ဒေသမှ ယမန်နေ့( ဇွန်လ ၂၈ရက်)တွင် သတင်းထုတ်ပြန်သည်။

အင်းတော်မြို့နယ်၊ နန့်သာရွာစခန်းတွင် အခြေချနေသော ဗိုလ်ကြီး ပြုံးမောင်မောင် ဦးစီးသည့် တပ်မ(၇၇) လက်အောက်ခံ ခလရ(၆) အင်အား ၁၄ ဦးကို ကသာခရိုင် တပ်ရင်း(၂)၊ EAOs (KIA) နှင့် အင်းတော်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ ဇွန်လ ၂၈ရက် နံနက်ပိုင်းတွင် စခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲအတွင်း အင်းတော်စစ်တပ်ကုန်းကနေ လက်နက်ကြီးနဲ့ အကြိမ် ၄၀နီးပါး ပစ်ခတ်ခဲ့သလို ဒီမနက် ၈နာရီ ၆မိနစ်မှာလည်း တံတားဦးတက်ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ ထိခိုက်မှု မသိရသေးပါ။”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ် တဦးက ပြောသည်။

စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က နန့်သာရွာကို လက်နက်ကြီးရော လေကြောင်းမှပါ ပစ်ခတ်ခဲ့ရာ အရပ်သားထိခိုက်မှုရှိကြောင်း ကာကွယ်ရေးဘော်တဦးက ပြောသည်။

ထိုတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်နှစ်ဦး အသက်အန္တရာယ် မစိုးရိမ်ရထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသထံမှသိရသည်။

ဇွန်လ ၂၂ ရက်နေ့ ညက တိုက်ပွဲတွင် နန့်သာရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်သောကြောင့် ‌ဦးဇင်းတပါးအပါအဝင် ဒေသခံ ၁၇ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းစစ်ရေးသတင်းများဖော်ပြပေးနေသည့် Indaw Revolution -IR အဖွဲ့ထံမှ သိရသည်။

အင်းတော်မြို့မှ ရှစ်မိုင်အကွာခန့်အကွာတွင် တည်ရှိသော မန္တလေး-မြစ်ကြီးနားလမ်းပိုင်းရှိ နန့်သာရွာတွင် ၂၀၂၃ ခုနှစ်၊ မတ်လကတည်းက စစ်ကောင်စီတပ်သားများ အထိုင်ချတပ်စွဲခဲ့ပြီး ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)