လုံခြုံမှုမရှိသေး၍ ဒေသခံများ မြို့အတွင်း မဝင်ရောက်ရန် CDF – Matupi သတိပေး

ပုံအညွှန်း – မတူပီမြို့သိမ်းပြီး တော်လှန်ရေးရဲဘော်များကိုတွေ့ရစဥ်
ဓါတ်ပုံ – CDF – Matupi တပ်မဟာ(၁)

ပါခွီး
(မဇ္ဈိမ) ။ ။ ချင်းပြည်နယ် ၊ မတူပီမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီးသော်လည်း ဘေးကင်းလုံခြုံမှုမရှိသေး၍ မြို့တွင်းနှင့် မြို့အနီးရှိ ကျေးရွာများတွင်းသို့ ဝင်ရောက်ခြင်းမပြုကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi တပ်မဟာ(၁) က ဇွန်လ၃၀ရက် ွင်ထုတ်ပြန်သည်။

မတူပီမြို့ လုံခြုံရေး ၊ ပြည်သူများ ဘေးကင်းစေရေး ဦးထိပ်ထားလျက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်နှင့် မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီး အခြားဘက်တွင်လည်း စစ်ရေးတင်းမာမှုများ ရှိလာနိုင် သဖြင့် နောက်ထပ် တစ်စုံတစ်ရာ မထုတ်ပြန်ချိန်အထိ မြို့အတွင်းနှင့် မြို့အနီးနား ကျေးရွာများကို ဝင်ရောက်ခြင်းမပြုရန် အသိပေးထားခြင်းဖြစ်သည်။

“မြို့တွင်းမိုင်းရှင်းလင်းရေးလုပ်နေပါတယ် ။ မိုင်းကပုံမှန်မဟုတ်တဲ့ နေရာတွေနဲ့မှာ အများကြီးထောင်ထားကြတယ် ။ အစိုးရရုံးနားများမှာ ပိုများတယ် ။ အကုန်လုံး မရှင်းရသေးတဲ့အတွက်သတိပေးရတာပါ” ဟု CDF – Matupi တပ်မဟာ(၁) ပြန်ကြားရေးတာဝန်ခံ က မဇ္ဈိမ ကိုပြောသည်။

အဆိုပါ မိုင်းများအပြင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် မပေါက်ကွဲ သေးသည့် လက်နက်ကြီးကျည်များကိုလည်း သတိထားရန်လိုအပ်သည်ဟု ဆိုသည်။
မြို့မှ စစ်ကောင်စီတပ်ကို တိုက်ထုတ်ခဲ့ပြီးနောက် မိုင်းရှင်းလင်းရေးပြုလုပ်နေသည့် ရဲဘော်သုံးဦး မိုင်းကြောင့် ထိခိုက်မှုရှိထားကြောင်း ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

မတူပီမြို့ လုံခြုံရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ဆက်လက်ဖော် ဆောင်မည်ဖြစ်ပြီး အခြားသော ချင်းဒေသကာကွယ်ရေးတပ်ရင်း ၊ တပ်ဖွဲ့များကို လည်း ပါဝင်နိုင်ရေးအတွက် အစီအမံများ ချမှတ်အကောင်အထည်ဖော်သွားမည်ဖြစ် ကြောင်း CDF – Matupi တပ်မဟာ(၁) ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြန်လည်တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများမှာ လတ်တလော အားဖြင့် မူအဆင့်ရှိနေသေးပြီး ဆက်လက်၍ သက်ဆိုင်ရာ တပ်ရင်း ၊ တပ်ဖွဲ့များကို ဖိတ်ခေါ်ကာ အသေးစိတ်ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။

ချင်းပြည်နယ် ၊ မတူပီမြို့ ရှိ စစ်ကောင်စီအခိုင်အမာချ တပ်စွဲထားသော ခမရ(၃၀၄) ၊ ခလရ(၁၄၀) နှင့် စစ်ဗျူဟာ စခန်းကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များက ဇွန်လ ၉ရက်နေ့တွင် ထိုးစစ်ဆင်ခဲ့ပြီး ဇွန်လ ၂၉ရက်နေ့တွင် အပြီးတိုင် သိမ်းပိုက်နိုင် ခဲ့ခြင်းဖြစ်သည်။

အဆိုပါတပ်စခန်းများသိမ်းပြီးနောက် တောထဲထွက်ပြေးသွားသည့် စစ်ကောင်စီတပ် သားများကို လိုက်လံရှင်းလင်းနေကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်မှ မတူပီမြို့လွတ်မြောက်ရေးအတွက် အသက်သွေး ၊ ချွေး ပေးဆပ်ခဲ့ကြသော ချင်းညီနောင်တပ်ဖွဲ့ဝင်များနှင့် အိမ်နီးချင်း မဟာမိတ် တပ်ဖွဲ့ဝင် အားလုံးကို မတူပီ မိဘပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များက အမြဲအမှတ်ရ နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မတူပီမြို့ လုံခြုံရေး ၊ ပြန်လည်တည်ဆောက်ရေး ၊ ဒဏ်ရာရရဲဘော်များ ကုသစောင့် ရှောက်ရေး နှင့် အခြားသော နောက်ဆက်တွဲလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် ဆက်လက်ကူညီ ထောက်ပံ့ကြပါရန် အသိပေးနိုးဆော်ထားသည်။
မတူပီမြို့သိမ်းတိုက်ပွဲအတွင်း CDF – Matupi တပ်မဟာ(၁) မှ ရဲဘော် ခြောက်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး