သွေးစွန်းလက်နဲ့ ဘုရားဒါယကာကြီးများ

ဓားရိုင်း

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံတွေရဲ့သတ်ဖြတ်မှုကြောင့် သေဆုံးနေရတဲ့ ပြည်သူအရေအတွက်ဟာ တဖြည်း ဖြည်းမြင့်တက်နေပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ဇွန်လ ၂၄ ရက်အထိစာရင်းတွေအရ သေဆုံးသူ ၅၃၁၅ ယောက်ရှိနေပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်ကအစ ရဟန်းသံဃာအဆုံး ပါဝင်နေခဲ့တာ ဖြစ်ပါ တယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီဟာ တဖက်မှာလည်း သူတော်ကောင်းဟန် ဆောင်ပြီး ဘာသာသာသနာကိုလေးစားသူတွေအဖြစ် ပုံဖော်နေခဲ့တာဖြစ်ပါတယ်။ ထေကြီးဝါကြီးဆရာတော်ကြီး တွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေဟာ ဘွဲ့တံဆိပ်တော်တွေ၊ ငွေကြေးတွေနဲ့ဖျားယောင်း မှုတွေလုပ်နေခဲ့တာဖြစ်ပါတယ်။ အဲဒီထဲမှာ မင်းဆရာအဖြစ်ခံယူပြီး စစ်ခေါင်းဆောင်နဲ့ လက်တွဲလုပ်ဆောင်နေတဲ့ နာမည်ကြီး ဆရာတော်ကြီးတွေလည်းပါဝင်နေခဲ့တာကတော့ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာအထွန်းကားဆုံးတိုင်းပြည် အဖြစ်သတ်မှတ်ခံထားရတဲ့ မြန်မာပြည်သာသနာအတွက် ရှက်စရာကောင်းလွန်းပါတယ်။

တရားကို နတ်မစောင့် တော့သလို ဓမ္မနဲ့ အဓမ္မဟာလည်း တဖြည်းဖြည်းမသဲကွဲလာတာ တွေ့နေရပါတယ်။ ပြီးခဲ့တဲ့ နှစ်လအတွင်းမှာပဲ စစ်ကောင်စီတပ်နဲ့အပေါင်းအပါတွေဟာ စစ်ကိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို လေးကြိမ်တိုင်တိုင်ထပ်မံကျူးလွန်သွားခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မေလ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ လက်ထု တ္တောကျေးရွာမှာ အမျိုးသမီးနှစ်ယောက်အပါအဝင် ရွာသူရွာသား ၃၃ ယောက်ကိုသတ်ဖြတ်ခဲ့တာပါ။ လက်ထု တ္တောရွာဟာ မန္တလေး- မုံရွာ ကားလမ်း၊ ရထားလမ်းတို့နဲ့ကပ်လျက် အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့ ရွာကြီးတရွာ ဖြစ်ပါ တယ်။ အဲဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ နီးပါးဟာ ရွာအတွင်းကို ပစ် ခတ်ဝင်ရောက်လာပြီးနောက် ဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေတဲ့အရပ်သားတွေကို အစုလိုက်အပြုံလိုက် ပစ် သတ်ခဲ့တာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ အဲဒီသတ်ဖြတ်မှုကို အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) တိုင်းအတွင်းက တပ်မ(၃၃) လက်အောက်ခံ ခမရ(၁၃)၊ အမှတ်(၉၀၉) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၂၉) ထပရ၊ စစ်မှုထမ်းဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ပျူစောထီးတွေ စုစုပေါင်းအင်အား ၇၀ လောက်ကကျူးလွန် ခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် မေလ ၂၉ ရက်၊ ၃၀ နဲ့ ၃၁ ရက်နေ့တွေအတွင်း စစ်တွေမြို့အနီး ဗျိုင်းဖြူ ကျေးရွာမှာ နောက်ထပ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီတပ်ကကျူးလွန်သွားခဲ့တာဖြစ်ပါတယ်။ မေလ ၂၉ ရက် မနက်ပိုင်းမှာ ဗျိုင်းဖြူရွာအတွင်းကို စစ်ကောင်စီတပ်နဲ့ နောက်လိုက်တွေ ဝင်ရောက်လာပြီးနောက် ရွာလေး ရွာကထောင်နဲ့ချီတဲ့ အရပ်သားတွေကိုစုစည်းစေခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ထောင်နဲ့ချီတဲ့ အရပ်သား တွေကို

မင်းဒရားချိုက်ရပ်ကွက်၊ ပညာရောင်ခြည် ဘုန်းကြီးကျောင်းအနီး ဈေးကွင်းပြင်မှာ စုရပ်စေခဲ့ပြီး ကျား/မ သတ်သတ်စီခွဲခဲ့တာဖြစ်ပါတယ်။ အဲဒီထဲက အမျိုးသား အယောက် ၁,၀၀၀ ကျော်လောက်ကို အင်္ကျီတွေချွတ်ခိုင်း ပြီးနောက် မျက်နှာကိုစည်းကာ သတ်ဖြတ်မှုတွေကို စတင်လုပ်ဆောင်ခဲ့တာလို့ အသက်မသေဘဲလွတ်မြောက်လာ သူတွေကဆိုခဲ့ကြပါတယ်။ အာရက္ခတပ်တော်(AA)ရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီဖြစ်စဉ်အတွင်း သေဆုံးသူ ၇၆ ယောက်ရှိပြီး စစ်တွေဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)၊ တပ်မ(၁၀၁)နဲ့ တပ်ရင်းတချို့က ထုတ်နုတ်အင်အား တွေ၊ စောမြရာဇာလင်းရဲ့ မျက်နှာဖုံးစွပ်ထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်တချို့နဲ့ စစ်သင် တန်းပေးထားတဲ့ မွတ်စလင်တွေ စုစုပေါင်း အင်အား ၁၇၀ နီးပါး ပါဝင်ခဲ့တယ်လို့ဆိုထားပါတယ်။

တတိယသတ်ဖြတ်မှုကတော့ စစ်ကိုင်းတိုင်း၊ မင်းကင်းအနီး မတောရွာမှာ ဖြစ်ပွားခဲ့တာပါ။ ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်က မတောရွာမှာကျင်းပနေတဲ့ မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးတွေကြဲပြီး တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၂၉ ယောက်အထိရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၆၆ ယောက်အထိရှိခဲ့တာဖြစ်ပါတယ်။ စတုတ္ထအကြိမ် အစုလိုက်အပြုံလိုက် သတ်ဖြစ်မှုကိုတော့ ၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်နဲ့ ၅ ရက်မှာ သံတွဲခရိုင်အတွင်း က ပင်လယ်ကမ်းခြေရွာ တရွာဖြစ်တဲ့ ဆင်ခေါင်းကျေးရွာမှာ စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ဆင်ခေါင်းကျေးရွာမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဇွန်လ ၄ ရက် မနက် ၈ နာရီလောက်ကစပြီး မြေပြင်အမြောက် တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာ၊ ရေတပ်သင်္ဘောကနေ အမြောက်နဲ့ ပစ်ခတ် တာတွေကို နှစ်ရက်ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီပစ်ခတ်မှုတွေကြောင့် ဆင်ခေါင်းရွာသားအများ အပြားသေဆုံးဖွယ်ရှိနေတာပါ။ လက်ရှိအချိန်ထိတော့ ဒဏ်ရာရ သေဆုံးစာရင်းကို ကောက်ယူနိုင်တာမရှိသေး ပါဘူး။ တလအတွင်းဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုလေးခုမှာ နှစ်ခုကို စစ်ကောင်စီ မြေပြင်ကြည်း တပ် တွေကျူးလွန်ခဲ့တာဖြစ်ပြီး အညာဒေသမှာဖြစ်ပွားခဲ့တဲ့ တခုကို လေတပ်က ကျူးလွန်ခဲ့ကာ ရခိုင်မှာဖြစ်ပွား တဲ့ နောက်တခုကိုတော့ ကြည်း၊ ရေ၊ လေ တပ်တွေ ပူးပေါင်းကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်တွေမတိုင်ခင် စစ်ကောင်စီတပ်ရဲ့အထင်ကရ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေအဖြစ် ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ပဇီကြီးကျေးရွာ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၁၇၀ ကျော်သေဆုံးခဲ့သလို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက် ညပိုင်းကလည်း ကချင်ပြည်နယ်၊ ဖားကန့်ဒေသ အနန့်ပါရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် KIA တပ်ဖွဲ့ဝင်တွေအပြင် အရပ်သား ၈၀ နီးပါးသေဆုံးခဲ့ဖူးတာဖြစ်ပါတယ်။ Myanmar Peace Monitor ရဲ့ ၂၀၂၄ ခုနှစ် မေလအတွင်း ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ ၂၀၂၂ ခုနှစ် မေလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်အထိ နှစ်နှစ်ကျော်ကာလအတွင်း ငါးယောက်နဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် ၁၅၄

ခုရှိခဲ့ပြီး အဲဒီထဲမှာ ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်စဉ် ၇၆ ခုအထိရှိခဲ့တယ်လို့သိရပါတယ်။ ဒီလို အကြမ်းဖက်သတ်ဖြတ်မှုတွေကို လက်ယဉ်နေပြီဆိုတဲ့အဆင့် ထက်ကျော်လွန်နေတဲ့ စစ်ကောင်စီတပ်ကိုဦးဆောင်နေသူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သူ့ရဲ့မင်းဆရာ အဖြစ်ခံယူထားတဲ့ သီတဂူဆရာတော်ကတော့ ချီးမွမ်းလို့မဆုံးနိုင်အောင် ချီးမွမ်းခန်းတွေဖွင့်နေခဲ့တာလည်းဖြစ် ပါတယ်။ မဘသ ဦးဆောင် ဆရာတော်ဟောင်းဖြစ်တဲ့ အင်းစိန်ရွာမ ဆရာတော် ဦးတိလောကာဘိဝံသကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်တဲ့ အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့ကို ပေးအပ်တဲ့ပွဲမှာဆိုရင် စစ်ခေါင်းဆောင်ကို သဒ္ဓါ၊ ပညာအားကောင်းတဲ့မင်းဆိုပြီး ချီးမွမ်းသွားခဲ့တာဖြစ်ပါတယ်။ ဒီလိုချီးမွမ်းထားခဲ့တဲ့ သူ့တပည့် စစ်ခေါင်းဆောင်ရဲ့လက်အောက်ငယ်သားတွေဟာ ပြီးခဲ့တဲ့ ဇွန်လတတိယပတ် အတွင်းမှာပဲ သာသနာတော်အတွက် အဖိုးတန် ဆရာတော်တပါးနဲ့ မြင်းခြံက ဆရာတော်တပါးကို ပစ်ခတ်သတ် ဖြတ်ခဲ့တာဖြစ်ပါတယ်။

သက်တော်(၇၇)အရွယ် ပဲခူး ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက် မနက်ပိုင်း က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာနဲ့ ကံမရွာအကြားမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တာခံရပြီး ပျံလွန်တော် မူသွားခဲ့တာဖြစ်ပါတယ်။ ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရပြီးသုံးရက်အကြာ ဇွန်လ ၂၂ ရက် ညပိုင်းက မြင်းခြံ မြို့နယ်၊ မြို့ပတ်လမ်း၊ မောင်ရင်မောင်နဲ့ ဆခမ ကျေးရွာအကြားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ရဲ့ပစ်ခတ် မှုကြောင့် လူမှုကူညီရေးအသင်းကားနဲ့ လူနာလိုက်ပို့တဲ့ ဆခမ ကျောင်းဆရာတော် ဦးဥတ္တမ လည်းပျံလွန်တော်မူ ခဲ့ရတာပါ။ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပစ်ခတ်ခံရတဲ့ဖြစ်စဉ်အတွင်း အသက်ဘေးမှလွတ်မြောက်ခဲ့တဲ့ ကန်သုံး ဆင့်ဆရာတော်ရဲ့ ဖြစ်စဉ်အမှန်ပြောကြားချက်ထွက်ပေါ်လာပြီးနောက် ဆရာတော်ကြီးရဲ့တပည့်သံဃာတွေနဲ့ လူ ပုဂ္ဂိုလ်တွေဟာ စစ်ကောင်စီ မဟနနဲ့ မဘသအဖွဲ့တွေ တိတ်ဆိတ်နေတဲ့အပေါ် ဝေဖန်မှုတွေလည်း မြင့်တက် နေပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်မှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဟောင်းဖြစ်ပေမယ့် လက်ရှိ နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့အနေနဲ့ ဖြစ်စဉ်အပေါ်တုံ့ပြန်တာမတွေ့ရသလို ဆရာတော်ကိုပစ်ခတ်ခဲ့တဲ့ ကျည်ဆံ ဟာ သံဃာထုတရပ်လုံးကိုထိမှန်ခဲ့တာဖြစ်တယ်လို့ မိန့်ကြားမှုတွေရှိနေတာပါ။ မင်းဆရာ သီတဂူ ဆရာတော်က တော့ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့ရတဲ့အပေါ် သည်းခံ၊ ခွင့်လွှတ်၊ မေ့ပျောက် ဖို့ဆိုပြီး သံဃာထုကို ဆိုခဲ့တာတွေ့ရပါတယ်။ တပည့်ဖြစ်သူ စစ်ခေါင်းဆောင်ကလည်း ဝမ်းနည်းကြေကွဲရပြီး တောင်းပန်ကြောင်းဆိုခဲ့ တာတွေ့ရပါတယ်။ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဈာပနကို ဦးစီးဆောင်ရွက်နေတဲ့ ဆရာတော်ကြီးတွေက တော့ ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ၊ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူးဆိုပြီး တုံ့ပြန်ထားခဲ့တာတွေ့ရပါ တယ်။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် က သံဃာတော်တွေကတော့ ဇွန်လ ၂၃ ရက်စတင်ပြီး ဝင်းနိမ္မိတာရုံဆရာ တော်ကို စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီဖြစ် ပါတယ်။ ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်းဆိုတာ စစ်ကောင်စီကို သံဃာထုကအဆက်အဆံမပြုဖို့ တညီတညွတ်တည်း ဆုံးဖြတ်ချက်ချတာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်က ပခုက္ကူမြို့မှာ သံဃာတော်တွေကို စစ်တပ်က ဓာတ်တိုင်မှာကြိုး တုပ်ရိုက်နှက်ခဲ့တာကြောင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ရာကနေ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပေါ်ခဲ့ဖူး တာဖြစ်ပါတယ်။ လက်ရှိအချိန်ဟာ သွေးစွန်းလက်နဲ့ ဘုရားဒါယကာလုပ်ချင်နေတဲ့ စစ်ဗိုလ်ချုပ်တွေကို တားဆီး ရမယ့်အချိန်ရောက်နေခဲ့ပြီလို့ ထင်မြင်မိပါတယ်။