ကျောက်မဲတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ဘေးရှောင်ထောင်နှင့်ချီ အကူအညီလိုအပ်

ကျောက်မဲမှ စစ်ဘေးရှောင်များ / ဓါတ်ပုံ- တောင်ပေါ်သားလေး

ဂျူချန်း

(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ထောင်နှင့်ချီ သည့်စစ်ဘေးရှောင်များသည် နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် ကျေးရွာများတွင် တိမ်းရှောင်နေကြရကာ အကူညီများလိုအပ်လျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှသိရသည်။

ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများလည်းရှိပြီး စစ်ဘေးရှောင်အချို့သည် ရုတ်တရက် နေအိမ်မှထွက်ခွာလာရသဖြင့် အကူအညီများစွာလိုအပ်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ဘုန်းကြီး ကျောင်းမှဆန်များကို ပေးထားကာ မိမိအစီအစဉ်ဖြင့် စားသောက်ရေးကိစ္စများကို ဆောင်ရွက်နေကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် ဆရာတော်တပါးက မိန့်ကြားသည်။

“စစ်ဘေးရှောင်တွေက ဦးဇင်းတို့မှာတင်မဟုတ်ဘူး၊ ဘုန်းကြီးကျောင်းတိုင်းမှာရှိတယ်၊ အများကြီးပဲ။ ကလေးတွေရော လေဖြတ်ထားတဲ့သူတွေရောပါတယ်။ ရွာတွေထဲမှာလည်း ပို့ထားရတယ်။ လိုအပ်တာ ကတော့ အကုန်ပါပဲ” ဟု ဆရာတော်တပါးက မိန့်သည်။

ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ ယနေ့ ပဉ္စမမြောက် ဇွန်လ ၂၉ ရက်နေ့အထိ စစ်ဘေးရှောင်များသူများ တိုးလာနေဆဲဖြစ်ကာ လက်ရှိတွင် နားပြိန်ဘုန်းကြီးကျောင်း၌ ၁,၀၀၀ ကျော်၊ ခိုအုံဘုန်းကြီးကျောင်း၌ ၂၀၀ ကျော်၊ ကန်မိန်ကျောင်း၌ ၁၃၀ နှင့် ချောင်းချောက်ကျောင်း၌ ၄၀၀ ကျော်၊ နမ့်စောဘုန်းကြီးကျောင်း၌ ၂၀၀ ကျော်၊ နောင်ပိန်ကြီး ရှမ်းစာပေယဉ်ကျေးမှု အဆောက် အအုံ၌ ၃၅၀ ကျော်ရှိရာ ပန်လော့၊ ခိုင်းမွန်၊ ပုံပိုး စသည့်ကျေးရွာအတွင်းရှိ နေအိမ်များသို့လည်း ပို့ဆောင် ထားရကြောင်း ဆရာတော်က မိန့်ကြားသည်။

ကျောက်မဲမြို့ပေါ်မှ ဒေသခံအချို့သည် မန္တလေးဘက်သို့ တိမ်းရှောင်ကြပြီး အကြောင်းအမျိုးမျိုးကြောင့် မြို့ပေါ်၌ ၅၀ ရာခိုင်နှုန်းခန့် ကျန်ရှိနေသေးကြောင်း ဒေသခံထံမှ သိရသည်။
“အကြောင်းအမျိုးမျိုးပါ။ မိသားစုကြောင့်၊ လိုင်းကားမရှိတာကြောင့် စတာတွေပေါ့နော်။ ပိတ်မိတာမျိုး တော့ မဟုတ်ပါဘူး။ မြို့ထဲကလူတွေကတော့ မန်းလေးဘက်သွားတာများတယ်။ မြို့ထဲမှာတော့ ၅၀-၇၀ ရာခိုင်နှုန်းလောက် ကျန်နေသေးတယ်” ဟု ဒေသခံက မဇ္ဈိမကို ပြောသည်။

ကျောက်မဲမြို့တွင် ယနေ့ (ဇွန်လ ၂၉ ရက်)အထိ တိုက်ပွဲပြင်းထန်နေပြီး မြို့တောင်ဘက်ရှိ အမြောက်တပ် (၃၅၂)တပ်စခန်းနှင့် မြို့ပေါ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA က ဇွန်လ ၂၆ ရက် ညနေ ၄ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ပြီး မြို့ပေါ်ကို ထိန်းချုပ်ကာ ဌာနဆိုင်ရာရုံးတချို့တွင် TNLA အလံများလွှင့်ထူထားသည်ကို တွေ့ရကြောင်း မြို့ခံများက ဆိုသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ်၌ နောက်ဆုံးကျန်ရှိနေသည့် ခြေမြန်တပ်ရင်း ခမရ (၅၀၁) နှင့် (၅၀၂) ကို တော်လှန်ရေးပူးပေါင်းတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် ယင်းတပ်ရင်းများတည်ရှိရာ ရပ်ကွက်(၇) နှင့် (၈) တို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဓိက လုပ်ဆောင်နေကြောင်း သိရသည်။

“တဒုန်းဒုန်း တဒိုင်းဒိုင်းပဲ။ အခုလေးတင် ဗုံးလားမသိဘူး အသံအကျယ်ကြီး အုန်းအုန်းနဲ့ နှစ်ချက်ကြား လိုက်ရတယ်။ တော်တော်ဆိုးတယ်” ဟု ဒေသခံက ယနေ့ (ဇွန်လ ၂၉ ရက်)မွန်းတည့် ၁၂ နာရီခန့်တွင် ပြောသည်။

လက်ရှိတွင်ကျောက်မဲမြို့နယ်၌ ခမရ အမှတ်(၅၀၁)၊ (၅၀၂) ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် (၁)နှင့် စစ်ဘက်အင်ဂျင်နီယာတပ်များကျန်ရှိနေပြီး ထိုတပ်များကိုရရှိပါက ကျောက်မဲခရိုင်ကို TNLA ကသိမ်းပိုက် နိုင်မည်ဖြစ်သည်။

စာတည်း။ ။စောဖေ