ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၁၉ ဦး ရနောင်းတွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၁၉ ဦး ရနောင်းတွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲတရားမဝင်ဝင်ရောက်ခဲ့သည့်မြန်မာနိုင်ငံသားများ (ဓာတ်ပုံ − လူမှုကွန်ယက်)

မဇ္ဈိမ ။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်၊ ရနောင်းမြို့တွင် အောက်တိုဘာ ၂ ရက်က တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၉ ဦး ထိုင်းအာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

မြန်မာဘက်ခြမ်း ကော့သောင်းမြို့မှ စက်လှေဖြင့် ထိုင်းနိုင်ငံထဲ တရားမဝင် ခိုးဝင်ခဲ့သည့် မြန်မာနိုင်ငံသားများကို ထိုင်းစစ်တပ်၏ ခြေလျင်တပ်ရင်း အမှတ် ၂၅ ၏ စစ်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း ၂၅ ၏ ဆိုရှယ်မီဒီယာပို့စ်တခုတွင် ဖော်ပြသည်။

တရားမဝင် ဝင်ရောက်လာသည့် မြန်မာများကို ကားနှစ်စီးထဲတွင် ပုန်းအောင်းလိုက်ပါလာသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ ပို့ဆောင်မှုခရီးစဉ်သည် မြန်မာရွှေ့ပြောင်းများကို အလုပ်အကိုင်အတွက် ဘန်ကောက်သို့ ပို့ဆောင်ပေးသည့် ပွဲစားများ စီစဉ်သော ပို့ဆောင်မှု ဖြစ်သည်ဟု ထိုင်းစစ်တပ်က ထင်မြင်ယူဆသည်။

လက်ရှိတွင် တရားမဝင် ဝင်ရောက်သည့် မြန်မာ ၁၉ ဦးသည် ရနောင်းခရိုင် ပက်ခ်ချန်း ရဲစခန်းတွင် စစ်ဆေးမေးမြန်းခံနေရပြီး ၎င်းတို့အပေါ် ဥပဒေအရ အရေးယူမှုများ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသားအများအပြားသည် အလုပ်လုပ်ရန် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်အလုပ်လုပ်ကြသည်။ ရွှေ့ပြောင်းလုပ်သား အများစုသည် ထိုင်းတွင် တရားဝင် အလုပ်လုပ်ကိုင်ကြသော်လည်း တချို့သည် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်ကြသည်။

မြန်မာနိုင်ငံသားများ ထိုင်းတွင် တရားဝင် အလုပ်လုပ်ကိုင်ခြင်းကို ပိုမို လွယ်ကူစေရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ ပိုမိုကောင်းမွန်သည့် အခွင့်အရေးများနှင့် လူမှုဘဝဖူလုံမှုတို့ ရရှိစေရေး ကြိုးပမ်းမှုအဖြစ် ပြီးခဲ့သည့်နှစ်များအတွင်း ထိုင်းနှင့် မြန်မာ အာဏာပိုင်များသည် နှစ်နိုင်ငံ သဘောတူညီချက်များ ထူထောင်ပြီး ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

19 Myanmar nationals detained in Ranong for illegally entering Thailand