ရေဖြူတွင် စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ရွာ ၇ ရွာမှ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရ

ရေဖြူတွင် စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ရွာ ၇ ရွာမှ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရ

ပုံ – ရေဖြူမြို့နယ်မှ စစ်ဘေးရှောင်အချို့( ပုံဟောင်း)

ကိုရွှေမြိတ် (မဇ္စျိမ) ။ ။တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်တွင် စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီးနောက် လူ‌နေကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ဒေသခံများ‌ ဘေးလွတ်ရာထွက်ပြေးတိမ်း‌ရှောင်နေရကြောင်းသိရသည်။

ရေဖြူမြို့နယ်မှ ရပ်တော်မူဘုရားလမ်းဆုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ – DGRF၊ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့-LLPDF၊ ထားဝယ်နဂါးတပ်ခွဲနှင့် မဟာမိတ်တပ်ဖွဲ့-YPPDFတို့က အောက်တိုဘာလ ၄ ရက်နံနက်တွင် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ဒဏ်ရရာရသူများလည်း ရှိ‌ကြောင်း DGRF က အောက်တိုဘာလ ၉ရက်တွင်ထုတ်ပြန်သည်။

တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအများအပြားက စစ်ကြောင်းထိုး ဝင်ရောက်လာသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီက ရေဖြူမြို့ အနောက်ဖက်ကမ်းမှ စစ်ကြောင်း နှစ်ကြောင်း ခွဲပြီး အင်အား ၁၀၀ ကျော်ဖြင့် ဝင်လာရာ နဘုလယ်၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ရငဲ၊ ကုန်းသာယာအင်းနှင့် ဝဇွမ်းတော စသည့် ရွာများမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

“တောတောင်တွေထဲကို မရှောင်ရဲဘူး။ အခုက စစ်တပ်က အင်အားများတော့ တောနင်းရှာဖွေရင် ဖမ်းဆီး သတ်ဖြတ်ခံရမှာ ကြောက်လို့ နီးစပ်ရာ ရွာနဲ့ မြို့ပေါ်ကို တက်ရှောင်နေရတာ ဖြစ်တယ်”လို့ နဘုလယ်ရွာမှ စစ်ရှောင်တဦးက ပြောသည်။

စစ်ဘေးရှောင်အရေအတွက်ကို မသိရသေးပေ။စစ်ကောင်စီက နေအိမ်အချို့က်ို မီးရှို့ဖျက်ဆီးထားသလို အရပ်သားအချို့ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထားကြောင်းဒေသခံ များကပြောသည်။ လတ်တလောအခြေအနေအရ ရေဖြူမြို့နယ်အတွင်း စစ်ရေးတင်းမာလာနိုင်၍ ဒေသခံပြည်သူများ စစ်ရေးသတိရှိကြရန် တနင်္သာရီစစ်ဒေသခွဲမှ တာဝန်ရှိသူတဦးက သတိပေးသည်။

ပြီးခဲ့သည့် စက်တင်ဘာလက ရေဖြူမြို့နယ်အတွင်း စစ်ရေးတင်းမာခဲ့ရာ စစ်ကောင်စီခန်းအချို့ တိုက်ခိုက်ခံရသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ယာယီစခန်းနှစ်ခုကိုလည်း စစ်ကောင်စီက တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

စာတည်း – အေးချမ်း