မလေးရှားတွင် မြန်မာ ၁ ဦး ကျားကိုက်ခံရပြီး သေဆုံး

မလေးရှားတွင် မြန်မာ ၁ ဦး ကျားကိုက်ခံရပြီး သေဆုံး

မလေးရှားနိုင်ငံ၊ ကီလန်တန်ပြည်နယ် ဂွာမူဆန်မြို့ ရော်ဘာစိုက်ခင်းတခုတွင် နိုဝင်ဘာ ၁၁ ရက်က မြန်မာအမျိုးသားတဦး ကျားကိုက်ခံရသည်ဟု ယူဆရပြီးနောက် သေဆုံးသွားကြောင်း မလေးရှားပြည်တွင်းသတင်းများတွင် ဖော်ပြသည်။

အသက် ၂၂ နှစ်ရှိ အဆိုပါ မြန်မာအမျိုးသားသည် ဇနီးဖြစ်သူနှင့်အတူ ရော်အစေးခြစ်နေစဉ် ဖြစ်စဉ်ဖြစ်ပွားခြင်း ဖြစ်ပြီး ၎င်း၏ လည်ပင်းအနောက်ဘက်တွင် သွေးထွက်ဒဏ်ရာများ ရခဲ့ကြောင်း ဂွာမူဆန် ခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ ဆစ်ခ် ချွန်းဖူးက ပြောသည်။

အနီးအနားရှိ သစ်စစ်ဆေးရေးဆိုင်ဒ်တခုမှ ဒေသခံတဦးထံ အကူအညီတောင်းခံပြီးနောက် ၎င်းကို ဇနီးနှင့် သူငယ်ချင်းများဖြစ်ကြသည့် မြန်မာနိုင်ငံသား လေးဦးက ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဆစ်ခ်က ပြောသည်။

“အရေးပေါ် ကုသမှုတွေ လုပ်ပြီးတဲ့နောက် အဲဒီအမျိုးသား သေဆုံးကြောင်းကို ဆေးရုံက အတည်ပြုခဲ့တယ်”

“အလောင်း ခွဲစိတ်စစ်ဆေးမှုရလဒ်တွေအရ သူ သေဆုံးရတာက ကျားကိုက်ခံရတာကြောင့် ခေါင်းမှာ ပြင်းထန်ဒဏ်ရာတွေ ရလို့ သေဆုံးတာလို့ ပြသနေတယ်” ဟု ဆစ်ခ်က ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

နောက်ထပ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသလို ယခုကိစ္စကို ရုတ်တရက် သေဆုံးမှုအဖြစ် သတ်မှတ်ထားကြောင်း ၎င်းက ပြောသည်။

ထို့ပြင် တောရိုင်းတိရစ္ဆာန် ကျားကို စောင့်ကြည့် ဖမ်းဆီးရန် တောရိုင်းတိရစ္ဆာန်နှင့် အမျိုးသား ဥယျာဉ်များ ဌာနက ကင်မရာများနှင့် ထောင်ချောက်များ တပ်ဆင်သွားမည်ဟု ၎င်းက ပြောသည်။

ယခုဖြစ်စဉ်သည် ၄၈ နာရီအတွင်း ဒုတိယမြောက် ကျားတိုက်ခိုက်မှု ဖြစ်စဉ်လည်းဖြစ်သည်။

ထိုမတိုင်မီ ပြီးခဲ့သည့် သောကြာနေ့က ကျားကိုက်ခံရသည်ဟု ယူဆရသည့် အင်ဒိုနီးရှားနိုင်ငံသားတဦး၏ အလောင်းကို ရော်ဘာစိုက်ခင်းတခုတွင် ရှာတွေ့ခဲ့သည်။