ဂါဇာအရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အား မလေးရှား ကြိုဆို

Photo: AFP

The Sun

နယူးယောက်တွင် ဒီဇင်ဘာ ၂၂ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ “Scaling Up and Monitoring Aid to Gaza” ဟု ခေါင်းစဉ်တပ်ထားသော ဂါဇာအရေး ဆုံးဖြတ်ချက်ကို မလေးရှားနိုင်ငံက ကြိုဆိုလိုက်သည်။

အဆိုပါ ဆုံးဖြတ်ချက်တွင် ဂါဇာသို့ လက်ငင်း ဘေးကင်းလုံခြုံသော လူသားချင်း စာနာထောက်ထားရေး အကူအညီများ တိုးချဲ့ပေးပို့ရေးနှင့် ရန်လိုမှုများ ရပ်တန့်ရေးအတွက် အခြေအနေများ ဖန်တီးရေးတို့ကို တောင်းဆိုထားသည်။

ကုလသမဂ္ဂ ပဋိညာဉ်အရ သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေများ အရေး၌ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များနှင့် ဆက်စပ်ဖြေရှင်းမှုများကို အားလုံးက လိုက်နာအကောင်အထည် ဖော်ကြရန် ယခု ဆုံးဖြတ်ချက်အား ကြိုဆိုရင်း မလေးရှားက တိုက်တွန်းသည်။

“လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ဘေးကင်းစွာ အတားအဆီးမဲ့ ပေးပို့နိုင်ဖို့အတွက် ချက်ချင်းအပစ်ရပ်ဖို့ မလေးရှားအနေနဲ့ ထပ်ပြီး တောင်းဆိုပါတယ်”ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ပါလက်စတိုင်းတွေအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြုုတ်စွာ ကျူးလွန်တာတွေဟာ တရားမျှတမှု မရှိဘဲ ချက်ချင်း အဆုံးသတ်သင့်တယ်၊ လူမျိုးရေး ခွဲခြားတဲ့ အစ္စရေးအစိုးရရဲ့ အညှာအတာမဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာဟာ ဆက်ပြီးတော့ အပြစ်လွတ်ကင်း မနေသင့်တော့ဘူး”ဟု ထို ထုတ်ပြန်ချက်က ဆိုသည်။

လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တွင် သက်ဆိုင်ရာ အားလုံးက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး ဥပဒေကို လိုက်နာရန် တောင်းဆိုထားပြီး အရပ်သားများနှင့် ပြည်သူပိုင်များကို တိုက်ခိုက်မှုများနှင့် အရပ်သားများအပေါ် အကြမ်းဖက်မှု၊ ရန်လိုမှုအပြင် အကြမ်းဖက်ဝါဒ လုပ်ရပ်တိုင်းကို ရှုတ်ချထားသည်။

ထိုပြင် ဓားစာခံများအား ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ရေးနှင့် ၎င်းတို့၏ ဆေးဝါးလိုအပ်ချက်များကို ဖြေရှင်းရန် လူသားချင်း စာနာထောက်ထားရေး အကူအညီများ လက်ခံရေးကိုလည်း တောင်းဆိုထားသည်။

ယခု ဆုံးဖြတ်ချက်အား အကောင်အထည် ဖော်မှုနှင့် စပ်လျဉ်းသော အစီရင်ခံစာကို ကောင်စီသို့ တင်ပြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း မေတ္တာရပ်ခံသည်။

ပါလက်စတိုင်းများအတွက် မြို့တော်အဖြစ် အရှေ့ဂျေရုဆလင် အပါအဝင် ၁၉၆၇ ခုနှစ်မတိုင်ခင် နယ်စပ်မျဉ်းကို အခြေခံသော ကိုယ်ပိုင်လွတ်လပ်သည့် အချုပ်အခြာပိုင် နိုင်ငံ အာမခံချက်ဖြင့် ကြာရှည်ခံသော ဖြေရှင်းနည်းကို မလေးရှားက ထပ်လောင်း တောင်းဆိုခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)