နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၉ ဒီဇင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးမြို့တွင် အကြမ်းဖက်စစ်တပ်သားများ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပကဖ တို့က ရှင်းလင်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းက ကျေးရွာများ၌ ပြည်သူများနှင့် ကျောင်းသားများကို လေကြောင်းအန္တရာယ်၊ လက်နက်အန္တရာယ်၊ မိုင်းအန္တရာယ် ကာကွယ်‌နိုင်ရေးအတွက် ဟောပြောမှု တွေပြုလုပ်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီ၏ ခလရ (၅၀) တပ်ရင်းမှူး ဗိုလ်မှူးကြီးအပါအဝင် သုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်သတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများ ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး ကို ပြုလုပ်ခဲ့ကြသည်။

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အပါအဝင် ချင်းပြည်နယ်အတွင်းက မြို့နယ်ပညာရေးဘုတ်အဖွဲ့တွေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH ) ၏ ပညာရေးကော်မတီတို့အကြား တွေ့ဆုံဆွေးနွေးမှုကို ဒီဇင်ဘာ ၁၈ ရက် က ဗီဒီယိုကွန်ဖရင့်က တစ်ဆင့် ပြုလုပ်ခဲ့ကြသည်။

တိုင်းရင်းသားတော်လှန်ရေးအောင်ပွဲများသည် နွေဦးတော်လှန်ရေးအောင်ပွဲနှင့် ထပ်တူ ဖြစ်သည်ကို နားလည်လက်ခံရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်အတွင်း ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းက အရပ်သားများ ရှိသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေရာ လေးရက်အတွင်း ၁၀ရွာ ပျက်စီးထားပြီး ဒေသခံ အများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ နတ်လူ့ထိပ္ပန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးသည်ဟု Golden Eagle Force – Monywa အဖွဲ့တာဝန်ရှိသူထံက သိရသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ တပ်မ(၁၀၁)နှင့် လက်အောက်ခံတပ်များအား ကိုယ်တိုင်ထုတ် တာဝေး ပစ် ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူအခြေစိုက် Cobra Oneအဖွဲ့က အသိပေး ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁ ) စွန်တောင်ကျေးရွာအတွင်းသို့ ဒီဇင်ဘာ ၁၇ ရက်၊ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲပစ်ခတ်သွားသည်ဟု ဒေသခံက ပြောသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)နှင့် ဂျပန်နိုင်ငံတို့၏ ဆက်ဆံရေး အနှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် အာဆီယံနှင့် ဂျပန်နိုင်ငံခေါင်းဆောင်တွေ တိုကျိုမြို့မှာ ၃ ရက်ကြာ တွေ့ဆုံခဲ့ကြသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး လုထုသပိတ်နှင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွဲနေသော မြို့သိမ်း တိုက်ပွဲ စစ်ဆင်ရေးများကို ထောက်ခံပွဲကို ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် ဒီဇင်ဘာလ ၁၇ရက်နေ့က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ မှုကြောင့် ကမ်းထောင်းကြီးမြို့က အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

မြန်မာပြည်သူလူထု တရပ်လုံး၏ အသံနှင့် သဘောထားဆန္ဒကို အလေးထား ဂရုပြုရန် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း စုစုပေါင်း ၂၂၅ ခုက တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယိနှင့် တရုတ်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက် ကြသည်။

ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ် ပြန်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီ ပွိုင့်ကုန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း မိုးဗြဲ-ဖယ်ခုံ ၁၁၁၁ (MB1111) စစ်ဆင်ရေးမဟာမိတ်အင်အားစုက ယနေ့ ထုတ်ပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

နမ့်ဆန် မြို့နယ်မှာရှိသည့် စစ်တပ်ဗျူဟာကုန်းကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်က သိမ်းယူရာမှာ မီတာ (၂၀၀၀) အမြင့်ထိ တစ်မိနစ်ကို အတောင့်ရေ (၆၀၀) အထိ ပစ်ခတ်နိုင်တဲ့ တရုတ်နိုင်ငံထုတ် QJG-02 လေယာဥ်ပစ် စက်သေနတ်ကြီးကို သိမ်းယူရရှိခဲ့ကြောင်း PDF Insight ရေးသားထားတာတွေ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီ၏ စခန်းသစ် ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နမ့်ခမ်းမြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တအာင်းတပ်မတော်(PSLF/TNLA) ပြောရေးဆိုခွင့်ရုံးမှ တာဝန်ရှိသူက အတည်ပြုသည်။

ချင်းပြည်နယ် ၊ ဖလမ်းမြို့ပေါ်တွင် ပြောက်ကျားစစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က ဗိုလ်ကြီး ရဲလင်းသေဆုံးခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)ပြောရေးဆိုခွင့်ရှိသူ Salai Cung Ngai က မဇ္စျိမ ကိုပြောသည်။

ချင်းပြည်နယ် ၊ ဟားခါးမြို့နယ် ဘုံးဇုံးစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသူများကို စစ်သုံ့ပန်းဥပဒေအရ အရေးယူကိုင်တွယ်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော်ထံက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ရှိ ရန်လုံကျိုင်း တရုတ်−မြန်မာနယ်စပ်ဂိတ်တွင် မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) အလံလွှင့်ထူထားသည်မှာ ရက်သတ္တ ပတ်ခန့် ကြာမြင့်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့၍ စိစစ်မှုများပြုလုပ်လာသည့် အတွက် အခြေခံစားသောက်ကုန်များ စျေးနှုန်းမြင့်တက်နေပြီး ရခိုင်မှတင်ပို့သော စားသောက်ကုန် အချို့ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံအမှု တမှုကို စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ပယ်ချ လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

မလေးရှားနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန် ၂ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ကြေညာလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့က စီမံခန့်ခွဲမှုနှင့် တာဝ န်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၇ ရက်က တရားမဝ င်စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် ၆၃၀ ဖမ်းဆီရမိခဲ့ကြောင်း စစ်ကောင်စီ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန် သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ကိုကိုးကား၍ Sky Net One News သတင်းတွင် ဖော်ပြထား သည်။

ပုဂ္ဂလိက မီဒီယာများတွင် ရေးသားဖော်ပြထားသည့် တိုက်ပွဲသတင်းများ စစ်ကောင်စီတပ်၏ ရှုံးနိမ့်မှုသတင်းများကို သတင်းအမှားဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြသလို စစ်တပ်ထောက်ခံ လော်ဘီသတင်းမီဒီယာများတွင် လည်းဖော်ပြထားသည်။

နေပြည်တော်၊ ပုဗ္ဗသီရိမြိုနယ်၊ ဘဲကုန်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာတွင် နေထိုင်သော ပြည်သူ ကိုကောင်းမြတ်သူ အား facebook လူမှုကွန်ရက်တွင် ခေတ်သစ်သတင်းဌာနမှ သတင်းများကို ပြန်လည်မျှဝေသည်ဟုဆိုကာ စစ်ကောင်စီကနေ ဖမ်းဆီးလိုက်ကြောင်း ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၉ သုံးသပ်ချက်

စစ်တပ်အာဏာသိမ်းပြီးကတည်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်များ မရှိတော့ဘဲ လူမှုကွန်ရက်တွင် သတင်းမီဒီယာမှ သတင်းများ မျှဝေရုံဖြင့် ဖမ်းဆီးခံနေ ရဆဲဖြစ်သည်။

တော်လှန်ရေးအားကောင်းနေဆဲဖြစ်ပြီး ယနေ့ရရှိထားသည့် အချက်အလက်များအရစခန်းများ မြို့များ ဆက်လက်သိမ်းပိုက်နေသည်ကို တွေ့ရသည်။