နမ့်ခမ်းမြို့ စခန်းသစ် တပ်စခန်းက လက်နက်ခဲယမ်းတွေကို TNLA သိမ်းဆည်းပြီး မြို့ကိုထိန်းချုပ် (ရုပ်သံ)

မဇ္ဈိမ – ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်ရဲ့ နောက်ဆုံး လက်ကျန် (စခန်းသစ်) တပ်စခန်းကို တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) က ဒီဇင်ဘာလ ၁၈ ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သိမ်းဆည်းရမိတဲ့လက်နက်တွေကို ကရိန်းနဲ့ သယ်ယူခဲ့ကြရပါတယ်။

စခန်းသစ် တပ်စခန်းကို သိမ်းပိုက်ပြီးနောက် နမ့်ခမ်းမြို့ကို အပြီးသတ် ထိန်းချုပ်လိုက်ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီလောက်မှာ (စခန်းသစ်) တပ်စခန်းက ဗိုလ်မှူး ဦးမြင့်ကျော် ဦးဆောင်တဲ့ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်နဲ့ အင်အား ၂၀၀ နီးပါးက TNLA ထံ အညံ့ခံ လက်နက်ချခဲ့တယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဒါပေမယ့် TNLA ဘက်က အတည်ပြုချက်ကိုတော့ မရသေးပါဘူး။

၁၀၂၇ စစ်ဆင်ရေးအဖြစ် နမ့်ခမ်းမြို့ပေါ်ကို TNLAက နိုဝင်ဘာလ ၇ ရက်နေ့မှာ ထိန်းချုပ်နိုင်ခဲ့ပြီး မြို့နဲ့ တမိုင်အကွာက အခိုင်အမာ ဂျပန်ခေတ်လက်ရာ (စခန်းသစ်) တပ်စခန်းကို နိုဝင်ဘာလ ၁၇ ရက်နေ့ကနေ တလအကြာမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

(စခန်းသစ်) တပ်စခန်းက စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်း အများအပြားတွေကို ဒီဇင်ဘာလ ၁၇ ရက်နေ့ည နဲ့ မနေ့က မနက်အထိ TNLA က သိမ်းဆည်းနေတယ်လို့ မဇ္ဈိမရဲ့ မြေပြင်သတင်းထောက်က ပြောပါတယ်။

TNLA ဘက်ကတော့ သိမ်းဆည်းရမိတဲ့ အရည်အတွက်ကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

လက်ရှိမှာတော့ နမ့်ခမ်းမြို့ထဲ TNLAက ထိန်းချုပ်ထားပြီး မြို့အဝင်အထွက်တွေကို ပုံမုန်သွားလာခွင့်ပြုထားသလို ချုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်း စတင်တော့မယ်လို့ သိရပါတယ်။

နမ့်ခမ်းမြို့အပြင် TNLA ဘက်က တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီလို့ ကြောညာထားပြီး နမ့်ခမ်း-နမ့်ဆန်မြို့အကြားက မန်တုံမြို့ရှိ စစ်ကောင်စီတပ်ရဲ့ လက်ကျန်စခန်းကိုလည်း ပိတ်ဆို့တိုက်ခိုက်နေပါတယ်။

Video- နမ့်ခမ်းမြို့ရှိ စခန်းသစ် တပ်စခန်းက လက်နက်ခဲယမ်းများကို TNLA က သိမ်းဆည်းနေစဉ် (video- Mizzima)