မိုလိုကျိုးစခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်များ သိမ်းဆည်းရမိကြောင်း KNU ထုတ်ပြန်

သိမ်းဆည်းရမိခဲ့သည့် လက်နက်များနှင့် စခန်းပုံ (ဓါတ်ပုံ- KNU)

YT(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်)၊ သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီတပ်​၏ ပွိုင့် (၉၃၉) မိုလိုကျိုး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ပိုင်ဆိုင်သည့် လက်နက်များ သိမ်းဆည်းရမိကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ပိုင်ဆိုင်သည့် လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း KNU က ထုတ်ပြန်ခြင်းဖြစ်သည်။

” မိုလိုကျိုးကို KNU က သိမ်းလိုက်ပြီ။ တော်တော်ထိတယ်တဲ့ စကစဘက်က။ စော်ထာက ကောင်တွေလည်း ပြန်ဆုတ်သွားပြီ” ဟု KNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ​၏ အလောင်း ၇၀ ကို တွေ့ခဲ့ရပြီး ထွက်ပြေးလွတ်မြောက်သွားသူများလည်း ရှိကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ငါးဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ရှိကြောင်း KNU က ဖော်ပြထားသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့ကြောင်း ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

ပူးပေါင်းတပ်ဖွဲ့က မိုလိုကျိုးစခန်းအား နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ပထမအကြိမ်အဖြစ် ထိုးစစ်ဆင်ခဲ့ခြင်းရှိပြီး ထိုအချိန်မှစ၍ စခန်းအား ဝိုင်းပတ် ပိတ်ဆို့ထားခဲ့ကာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်မှ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KNU က ဆိုသည်။

မိုလိုကျိုးစစ်ကောင်စီစခန်းသည် ကရင်နီပြည်နယ်နှင့် KNU တပ်မဟာ (၅) နယ်မြေအစပ်၊ သံလွင်မြစ်ကမ်းဘေး၊ ဖဲထာအနီးတွင် နှစ် ၃၀ ကြာ တပ်စွဲထားသည့် စစ်ကောင်စီ​စခန်း ဖြစ်ပြီး အဆိုပါ စခန်း​၏ အနီးတွင် စော်ထာစခန်းနှင့် သီမူထာ စခန်းတို့လည်း တည်ရှိကာ သိမူထာစခန်းကို KNLA က ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ကတည်းက သိမ်းပိုက်ထားခဲ့သည်။

ပွိုင့် (၉၃၉) မိုလိုကျိုးစခန်းကို သိမ်းပိုက်လိုက်သည်နှင့် တပြိုင်နက် အဆိုပါစခန်း​၏ တောင်ဘက်၊ သံလွင်မြစ်ကမ်းဘေးရှိ စော်ထာစခန်းမှ စစ်ကောင်စီတပ်သားများကလည်း စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)