“စစ်အာဏာသိမ်းမှုအောက်က အဆိုးဝါးဆုံး လူ့အခွင့်အရေး အခြေအနေ”

မြန်မာ့နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ စစ်အာဏာရှင်စနစ် အဆက်ဆက်မှာ ဘယ်တော့မှ မကောင်းခဲ့ပါ ဘူး။ အရပ်သားအစိုးရလက်ထက်မှာလည်း စစ်တပ်ရဲ့ အခန်းကဏ္ဍကို ဝင်ရောက်စွက်ဖက်ခွင့် မရှိခဲ့တာကြောင့် စစ် တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဒီအတိုင်း လက်ပိုက်ကြည့်နေရတဲ့ အနေအထားမျိုးသာ ရှိခဲ့တာပါ။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်  စစ်တပ်ကအာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ စစ်တပ်ဟာ အာဏာသိမ်းမှုအပေါ် ဆန့် ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းရာကအစပြုလို့ အဆိုးဝါးဆုံးလူ့အခွင့်အရေးချိုးဖောက်မှုတွေအထိ လက် ရဲဇက်ရဲ ကျူးလွန်ပါတော့တယ်။  

ဆန္ဒပြပြည်သူတွေကို ဦးခေါင်းကိုချိန်ပြီး ပစ်ခတ်သတ်ဖြတ်တာ ၊ ဖမ်းဆီးချုပ်နှောင်ပြီး နည်းမျိုးစုံနဲ့ ညှဥ်းပန်းနှိပ်  စက်တာ ၊ လူတယောက်ချင်းက စပြီး  အစုအပြုံလိုက် လက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်တာ ၊ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်တာ ၊ သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို လူမြင်ကွင်းမှာ စွန့်ပစ်တာ ..စတဲ့ ကမ်းကုန်တဲ့ ရက်စက်မှုတွေ နဲ့ ပြည်သူလူထု အကြောက်တရားတွေရသွားအောင် လုပ်ပြခဲ့ပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းမှုအောက်က အဆိုးဝါးဆုံး လူ့အခွင့်အရေးအခြေအနေကို ပြောပါ.. ဆိုရင်တော့ စစ်ကောင်စီတပ်တွေရဲ့ အဆိုးဝါးဆုံး လူ့အခွင့် အရေးချိုးဖောက်မှုဖြစ်တဲ့ စစ်ရာဇဝတ်မှုတွေကို လက်ညှိုးထိုးပြရမှာဖြစ်ပါတယ်။ 

စစ်ရာဇဝတ်မှုဆိုတာဘာလဲ 

စစ်ရာဇ၀တ်မှုဆိုတာ လက်နက်ကိုင်ပဋိပက္ခမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဥပဒေ ပါ

နိုင်ငံတကာစစ်စည်းမျဉ်းတွေကို ဖောက်ဖျက် ကျူးလွန်တဲ့လုပ်ရပ်ကို ခေါ်တာဖြစ်ပါတယ်။ ရာဇဝတ်မှုမြောက်တဲ့ 

သတ်မှတ်ချက်တွေထဲမှာ  နှိပ်စက်တာ ဒါမှမဟုတ် လူမဆန်စွာပြုမူတာ၊ ဓားစာခံအဖြစ် ဖမ်းဆီးတာ၊ တရားဥပဒေ မဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာ၊ အဆောက်အဦတွေ ၊ လူနေအိမ်တွေကို ဖျက်ဆီးတာ ၊ အရပ်သားလူထုကို ရည် ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာ ဒါမဟုတ် စစ်ပွဲမှာ တိုက်ရိုက်ပါဝင် ပတ်သက်မှု မရှိသူတွေကို ဦးတည်ပြီး ပစ်မှတ်ထားတိုက်ခိုက်တာ ၊ ဆန့်ကျင်ခုခံမှုကင်းမဲ့နေတဲ့ မြို့တွေ၊ ရွာတွေ၊ အိမ်တွေ၊ အဆောက်အဦတွေကို တိုက် ခိုက်တာ ၊ ဗုံးကြဲတာ၊ အမြောက်နဲ့ပစ်တာတွေ ပါဝင်ပါတယ်။

စစ်ကောင်စီတပ်နဲ့ လက်ဝေခံပျူစောထီးတွေ၊ပြည်သူ့စစ်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းကနေ ဒီကနေ့အထိ  စစ်ရာဇဝတ်မှု သုံးမျိုး ကို လက်ရဇက်ရဲ ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့ပါတယ် ။ ဒီလိုကျူးလွန်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိနေတယ်ဆိုတာကိုလည်း IIMM ခေါ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေး ရေးယန္တရားအဖွဲ့ ရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ စစ် ကောင်စီတပ်တွေ မကြာခဏကျူးလွန်လေ့ရှိတဲ့ စစ်ရာဇဝတ်မှုတွေကတော့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ် ဆင်ရေးမှာ ဖမ်းဆီးထားတဲ့အရပ်သားတွေကို သတ်ဖြတ်မှု ၊ အရပ်သားတွေကို ခွဲခြားမှုမရှိဘဲ ပစ်မှတ်ထားပြီး အင် အားသုံး ဗုံးကြဲ တိုက်ခိုက်မှု နဲ့ နေအိမ်အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးမှု တွေပဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး

အာဏာသိမ်းစစ်တပ်ဟာ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကို ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်  လုပ်ဆောင်ခဲ့တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေ သေဆုံးမှု သိသိသာသာမြင့်တက်ခဲ့ပါတယ်။ အဲဒီအထဲ က ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အတွင်းမှာရှိတဲ့ မိုဆိုနဲ့ကွိုင်ကံ ရွာချင်းဆက် လမ်းမှာ ဖြတ်သန်းသွားလာသူ စုစုပေါင်းလူ ၄၉ ယောက်ကို စစ်ကောင်စီ၏တပ်မ( ၆၆ )လက်အောက်ခံ အမှတ် (၁၀၈) ခြေမြန်တပ်ရင်းက ဖမ်းဆီးပြီး မော်တော်ယာဉ်များတွေနဲ့ အတူ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တဲ့ကိစ္စဟာ ကမ်းကုန်အောင် ရက်စက်တဲ့ စစ်ရာဇဝတ်မှု ဖြစ်ပါတယ်။ လူပေါင်း ၄၉ ယောက်ကို ကားခြောက်စီး၊ ထော်လာဂျီနဲ့ ဆိုင်ကယ်ငါးစီး နဲ့အတူ မီးရှို့သတ်ဖြတ်သွားခဲ့တာဖြစ်ကြောင်း သက်သေအထောက်အထားတွေအရ သိရပါ တယ်။ 

၂၀၂၂ ခု မေလ ၁၀ ရက်နေ့မှာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာ ရှိတဲ့ မုန်တိုင်ပင်ရွာအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ် ကတော့ ကြားရသူ အပေါင်းကို တုန်လှုပ်သွားစေခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ အာဏာသိမ်းကာလတလျှောက် မှာ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေထဲက လူသိအများဆုံး စစ်ရာဇဝတ်မှုဖြစ်ခဲ့ပါတယ်။ အဲဒီနေ့မှာ စစ်တပ်က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ရွာထဲဝင်လာလို့ မုန်တိုင်ပင်ရွာသူရွာသားတွေဟာ ဘေး ကင်းမယ်လို့ယူဆပြီး ဘုန်းကြီးကျောင်းထဲသို့ ပြေးဝင်ပုန်းအောင်ခဲ့ကြတာပါ။ အဲဒီမှာ စစ်တပ်က ရာနဲ့ချီရှိတဲ့ရွာသား တွေထဲက ရွာသားတွေကို ငါးယောက်တတွဲ လက်ပြန်ကြိုးတုပ်ပြီး ညှဥ်းပန်းနှိပ်စက်ခဲ့ပါတယ်။ နောက်ရက်မှာ ဖမ်းထားတဲ့သူတွေကို အတွဲလိုက်ခေါ်ထုတ်ပြီး ရွာသား ၂၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေ ရွာထဲက ထွက်သွားပြီးနောက်ပိုင်း ဒေသခံတယောက် ကောက်ရတဲ့ စစ်သားတယောက်ရဲ့လက်ကိုင်ဖုန်းထဲမှာ ဒီ ကိစ္စနဲ့ပတ်သက်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်းတွေကို တွေ့မြင်ခဲ့ကြရပါတယ်။ ဖုန်းထဲက ဒီမှတ်တမ်းတွေထဲမှာ အတန်းလိုက် လက်ပြန်ကြိုးတုပ်ခံထားရသူတွေရဲ့ ဓာတ်ပုံတွေ ၊ စစ်သား သုံးယောက်က ဒေသခံတွေကို ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့ ကိစ္စတွေကို မြိန်ရေယှက်ရေ အပြန်အလှန်ပြောဆိုနေပုံတွေဟာ စစ်ကောင်စီတပ်တွေအနေနဲ့ စစ် ရာဇဝတ်မှုကို ကျူးလွန်နေတယ်ဆိုတာကို ဖုံးမနိုင်ဖိမရ ဖြစ်စေခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်အရဆိုရင် အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၃ မတ် လဆန်း အထိ သုံးနှစ်နီးပါးကာလထဲမှာ တနိုင်ငံလုံးက အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း  ၃၂ ခု ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက် ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်မှု

အရပ်သားဘက် ပစ်မှတ်တွေကို လေကြောင်းက တိုက်ခိုက်တဲ့ကိစ္စတွေဟာ စစ်ကောင်စီအာဏာသိမ်းကာလထဲမှာ အဆိုးဝါးဆုံး စစ်ရာဇဝတ်မှုဖြစ်ပါတယ်။  ပြီးခဲ့တဲ့နှစ် ၂၀၂၃ ဧပြီ ၁၁ ရက်နေ့ မနက်ပိုင်းက  စစ်ကိုင်းတိုင်း၊ ကန့်ဘ လူမြို့နယ်၊ ပဇီကြီးရွာမှာ စုရုံးရောက်နေတဲ့လူအုပ်ကြီးကို စစ်ကောင်စီ လေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ လူပေါင်း ၁၆၈ ယောက် သေဆုံးခဲ့ရပါတယ်။ ၂၀၂၃ အောက်တိုဘာ ၉ ရက်၊ ည ၁၁ နာရီဝန်းကျင်က ကချင်ပြည်နယ် လိုင် ဇာမြို့ မုန်လိုင်ခက် စစ်ရှောင်စခန်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၉ ဦး သေ ဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၇ ဦးထိ ရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက် ညက ကချင်ပြည်နယ် ဖားကန့်ဒေသ အနမ့်ပါရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ် စဉ် ကတော့ အဲဒီနှစ်ထဲမှာ  စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေထဲမှာ လူအသေအပျောက်အများဆုံးဖြစ်ခဲ့ပါတယ်။  အနန့်ပါ ရွာမှာ ကျင်းပနေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂီတ ဖျော် ဖြေပွဲကို စစ်တပ်က ဂျက်တိုက်လေယာဉ်သုံးစီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆၆ ဦးရှိခဲ့ ပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။  အလားတူ ၂၀၂၂ စက်တင်ဘာ ၁၆ ရက်နေ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာက ကိုယ်ထူကိုယ်ထ ဖွင့်ထားတဲ့ စာသင်ကျောင်းကို စစ်ကောင် စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၁ ဦး အပါအဝင် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့ပါ တယ်။

၂၀၂၂ ဩဂုတ်လ ၁၁ ရက် နေ့ကလည်း စစ်ကိုင်းတိုင်းတောင်ပိုင်း ယင်းမာပင်မြို့နယ်ထဲက ငါးရက်တခါ ဖွင့်လှစ် ရောင်းချတဲ့ ရင်ပေါင်တိုင်ရွာ စျေးနေ့မှာ စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ အရင်ပစ်ခတ်ပြီး ရွာထဲကို သုံးရက်ကြာ တပ်စွဲခဲ့ပါတယ်။စစ်တပ်ပြန်ထွက်သွားချိန်မှာ ရုပ်အလောင်း ၁၈ လောင်း တွေ့ရှိခဲ့ရပါတယ်။ ဒေသခံ ၂၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံရပြီး နောက်ရက်အတန်ကြာမှ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေက အခုလို အရပ်ဘက် ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာမြန်မာ့ သတင်း (BNI) ၂၀၂၃ ခုနှစ် ဒီဇင်ဘာလလယ်မှာ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါ တယ်။ ဒီအစီရင်ခံစာထဲမှာ စစ် ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၃ နိုဝင်ဘာလ ၇ ရက်နေ့ အထိ အရပ်သားပြည်သူ သေဆုံးမှုပေါင်း ၅၆၆ ယောက်ထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကို ရက်အားဖြင့်ကြည့်ရင် ၂၀၂၁ ခုနှစ်မှာ ၄၆ ရက်၊ ၂၀၂၂ ခုနှစ် မှာကတော့ ၁၈၇ ရက်နဲ့  ၂၀၂၃ အတွင်း ဇန်နဝါရီကနေ နိုဝင်ဘာ ၇ ရက်အထိ ကတော့ ၃၅၅ ရက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

နေအိမ်အဆောက်အအုံများအား မီးရှို့ဖျက်ဆီးမှု

နိုင်ငံတဝန်းဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ခုခံမှုတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်နဲ့ လက်ဝေခံ ပျူ စောထီးတွေ၊ ပြည်သူ့စစ်တွေဟာ ကျေးရွာတွေ၊ မြို့တွေကို ဝင်ရောက်စီးနင်းမီးရှို့တာဟာ သာမန်လုပ်ရိုးလုပ်စဉ်တ ခုလို ကျင့်သုံးလာပါတယ်။ ဒါကြောင့် နေ့စဉ်နဲ့အမျှ ပြည်သူလူထုရဲ့  မီးလောင်ပျက်စီးရတဲ့ နေအိမ် အရေအတွက် ဆက်လက် မြင့်တက်နေပါတယ်။ ဒီဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့က အာ ဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ နေအိမ် ရှစ်သောင်းနီးပါး (၇၈,၇၃၇ လုံး) မီးလောင် ပျက် စီး ခဲ့ရတယ်လို့ ထုတ်ပြန်ထား ပါတယ်။ ၂၀၂၁ ခုနှစ်မှာ နေအိမ်ပေါင်း ၂,၁၁၁ လုံး၊ ၂၀၂၂ ခုနှစ်မှာ ၄၆,၉၃၇ လုံး နဲ့ ၂၀၂၃ ခုနှစ်ထဲမှာတော့ ၂၉,၆၈၉ လုံး မီးရှို့ဖျက်ဆီးခဲ့လို့ စစ်ကောင်စီအာဏာသိမ်းကာလ သုံးနှစ်အတွင်း စုစုပေါင်း ၇၈,၇၃၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းဟာ မီးရှို့ဖျက်ဆီးခံရမှု အများ ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေးမျက်နှာစာ အားလုံးမှာ ပိုမို ရှုံးနိမ့်လာတာနဲ့ အမျှ အရပ် သားပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်ဆုံး နည်းလမ်းတွေနဲ့ ဖိနှိပ်လာပါတယ်။ နယ်မြေရှင်းလင်းရေး စစ် ဆင်ရေးမှာ ဖမ်းဆီးထားတဲ့အရပ်သားတွေကို သတ်ဖြတ်မှု ၊ အရပ်သားတွေကို ခွဲခြားမှုမရှိဘဲ ပစ်မှတ်ထားပြီး အင် အားသုံး ဗုံးကြဲတိုက်ခိုက်မှု ၊ နေအိမ်အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးမှု စတဲ့ စစ်ရာဇဝတ်မှုတွေကို နေ့စဉ်နဲ့ အမျှ ကျူးလွန်နေပါတယ်။ ဒီကိစ္စတွေဟာ  စစ်အာဏာသိမ်း သုံးနှစ်တာ ကာလထဲ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားတဲ့ နေရာတွေမှာ ဖြစ်ရိုးဖြစ်စဉ်တခုလို ဖြစ်နေပါတယ်။  ပြည်သူတွေ အကြောက်တရားရအောင် လုပ်ဆောင်နေ တာဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေမှာ လူသားတွေအပေါ် ဘယ်လိုပြုမူဆက်ဆံရမယ် ဆိုတဲ့ ဂျီနီဗာ ကွန်ဗန်းရှင်း သဘောတူညီချက်တွေကို ချိုးဖောက်နေတာ ဖြစ်ပါတယ် ။          ။

၀ရဇိန်