တရုတ် ပင်စင်စနစ် အပြစ်အနာအဆာက သက်ကြီးပိုင်း လူဦးရေအတွက် စိန်ခေါ်မှုများ ဖန်တီး

The Economic Times

တရုတ်နိုင်ငံ၏ လူဦးရေ အချိုးအစား တဖြည်းဖြည်း ပြောင်းလဲနေခြင်းက နိုင်ငံ၏ ပင်စင်စနစ်အတွက် စိန်ခေါ်မှုများစွာ ဖြစ်ပေါ်စေပြီး သက်ကြီးပိုင်း နိုင်ငံသားများအတွက် သဟဇာတ မဖြစ်ဘဲ ရှိနေစေသည်။ နိုင်ငံသားများသည် အပြစ်အနာအဆာ မကင်းသော ပင်စင်စနစ်ကို ခံစားကြုံတွေ့နေရသလို တဖက်တွင်လည်း ကလေးသုံးဦး ပေါ်လစီကြောင့် သက်ကြီးပိုင်းများအပေါ် နောက်ထပ် ဝန်ထုပ်များ ဖြစ်ပေါ်စေသည်။

တရုတ်၏ လူဦးရေတွင် အသက် ၆၀ နှင့်အထက် ဦးရေက ၂၀၂၃ တွင် ၂၉၆ ဒသမ ၉၇ သန်းသို့ ရောက်ရှိရာ စုစုပေါင်း လူဦးရေ၏ ၂၁ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၂၂ က ၂၈၀ ဒသမ ၀၄ သန်းကနေ မြင့်တက်ကြောင်း အစီရင်ခံစာများအရ သိရသည်။ နိုင်ငံတွင် သက်ကြီးပိုင်းဦးရေ ကြီးထွားလာခြင်းကြောင့် ပင်စင်စနစ်၌ သိသာသည့် ပြုပြင်ပြောင်းလဲမှု မရှိဘဲ ဆက်လက် ထိန်းသိမ်းမနိုင်ဘဲ ဖြစ်မည်ကို စိုးရိမ်ပူပန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေသည်။

တရုတ်၏ ပင်စင်စနစ်တွင် ထောက်တိုင်သုံးရပ် ရှိသည်။ အခြေခံ နိုင်ငံဦးစီးသော ပင်စင်စနစ်၊ လုပ်ငန်းရှင်များထံမှ ဆန္ဒအလျောက် ပေးသော အလုပ်သမား ပင်စင် အစီအစဉ်နှင့် ပုဂ္ဂလိက ပင်စင်အစီအစဉ်များ ဖြစ်သည်။ ထို အလွှာသုံးလွှာ ရှိသည့်ကြားမှပင် ယင်း ပင်စင်စနစ်သည် ဖွံ့ဖြိုးမှုအောက်မှာပင် ရှိနေဆဲ ဖြစ်ကာ သိသာသော ဘဏ္ဍာရေးဝန်ကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ပြည်နယ်အဆင့် ပင်စင်စီမံခန့်ခွဲရေးရုံးဌာနကြောင့်လည်း နောက်ထပ် ခက်ခဲရှုပ်ထွေးမှုများ ဖြစ်ရကာ နယ်မြေဒေသများအနှံ့ ကွာဟချက်များ ဖြစ်ပေါ်စေကြောင်း ယင်း အရေးကို ကျွမ်းကျင်သူများက ဆိုကြသည်။

ကော်ပိုရေးရှင်းနှင့် ပုဂ္ဂလိက ပင်စင်အစီအစဉ်များသည် ဖွံ့ဖြိုးမှုအောက်မှာပင် ရှိနေဆဲ ဖြစ်ကာ အစိုးရ ပင်စင်အစီအစဉ်မှာလည်း သိသာသော ဘဏ္ဍာရေး ဖိစီးမှုအောက် ရှိနေသည်ဟု ရိုက်တာသတင်းက ဆိုသည်။ ပင်စင်အစီအစဉ်များကို နိုင်ငံအဆင့်ထက် ပြည်နယ်အဆင့်က ပို၍ စီမံခန့်ခွဲနေခြင်းပဲ ဖြစ်သည်။

နိုင်ငံအနှံ့ ကွာဟချက်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကွမ်တုံကဲ့သို့သော ပို၍ ကြွယ်ဝသည့် ကမ်းရိုးတန်းပြည်နယ်များမှသည် ဟိုင်လောင်ကျင်းနှင့် လောင်နင်းကဲ့သို့သော နေရာများအထိ ပင်စင်ရန်ပုံငွေ အပြောင်းအလဲအတွက် အထူးရန်ပုံငွေတရပ်ကို တရုတ်နိုင်ငံက ၂၀၁၈ တွင် မတည်ခဲ့သည်။ တရုတ်၏ ပြည်နယ်အဆင့် စီရင်အုပ်ချုပ်ပိုင်ခွင့်ရုံး သုံးပုံတပုံသည် ပင်စင်လိုငွေ ပြလျက် ရှိသည်။ နိုင်ငံ၏ ပင်စင်စနစ်သည် ၂၀၃၅ ၌ ငွေကြေး ပြတ်လပ်သွားလိမ့်မည်ဟု နိုင်ငံပိုင် Chinese Academy of Social Sciences က ကြိုတင်ခန့်မှန်းထားသည်။ တရုတ်၏ ပြည်သူ့ပင်စင် ကုန်ကျစရိတ်သည် နိုင်ငံ ဂျီဒီပီ၏ ငါးရာခိုင်နှုန်းကျော် ရှိထားကြောင်း ပင်စင်ပညာရှင်များအရ သိရသည်။

တရုတ်တွင် ဘိုးဘွားရိပ်သာ အရေအတွက် တိုးပွားလာည့်ကြားမှ နိုင်ငံတော် ကောင်စီသည် သက်ကြီးပိုင်းများအတွက် သက်သာလွယ်ကူစေရေး အသေးစိတ်အစီအစဉ်ကို ထုတ်ပြန်ခဲ့ရာတွင် ယင်း၌ ပုဂ္ဂလိက ပင်စင်အစီအစဉ်သစ်ပါ ပါဝင်သည်။ သို့ရာတွင် ပင်စင်စနစ် ပြုပြင်ပြောင်းလဲမှုများက နှေးကွေးနေဆဲပဲ ဖြစ်သည်။

လူဦးရေ အချိုးနှုန်းနှင့် ပတ်သက်သော စိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အစိုးရက ကလေးသုံးဦး မူဝါဒကို စတင်သည့်နောက်တွင် အသက်ကြီးပိုင်း လူဦးရေအတွက် အကောင်အထည်ဖော်ပေးမှုများနှင့် ပတ်သက်ကာ မေးခွန်းများ မြင့်တက်လာခဲ့သည်။ မိသားစုများ လျော့ပါးလာခြင်းနှင့် လူဦးရေ အချိုးနှုန်း ပို၍ ကွာဟလာခြင်းတို့နှင့်အတူ သမရိုးကျ ထောက်ပံ့စနစ်များက အခြေအနေကို ပို၍ ဆိုးဝါးစေခြင်းတို့ကြောင့် အသက်ကြီးပိုင်းများစွာသည် မလောက်ငသော ပင်စင်ငွေဖြင့် ကိုယ့်အားကို ကိုးကာ အချိန်ပိုင်းအလုပ်များ ဆက်လက်လုပ်ကိုင်ခြင်းဖြင့် ရပ်တည်လာရသည်။ အသက်ကြီးပိုင်းများကို ပို၍ ထီးတည်းဖြစ်စေခြင်းနှင့် လူမှုဘေးကင်းရေးတို့ကို ပို၍ ဆိုးဝါးစေခြင်းတို့ ရှိနေသည့်ကြားမှ ကလေးသုံးဦး ပေါ်လစီကြောင့်လည်း အလားအလာက ပို၍ အခြေအနေ ဆိုးရဖွယ်ရှိသည်ဟု တက်ကြွလှုပ်ရှားသူများက မှတ်ယူကြသည်။

တရုတ်၏ ပင်စင်စနစ် ချို့ယွင်းချက်များကို ဖြစ်စေသော အကြောင်းအချက်အချို့ ရှိနေသည်။ ပို၍ လွှမ်းခြုံနိုင်ရေး ကြိုးပမ်းအားထုတ်မှုများ ရှိနေသော်လည်း စနစ်သည် အငြိမ်းစားများအား လုံလောက်ပြည့်စုံစွာ ထောက်ပံ့နိုင်ရေး ပျက်ကွက်ပြီး အထူးသဖြင့် ချွေတာစုဆောင်းနိုင်မှုနှင့် မိသားစုအား ထေက်ပံ့နိုင်မှုများ မရှိပေ။ မဖွံ့ဖြိုးသော ကော်ပိုရေးရှင်းနှင့် ပုဂ္ဂလိက ပင်စင်အစီအစဉ်ကလည်း အပိုဆောင်းဝင်ငွေအတွက် အကန့်အသတ်ရှိရာ ပြည်နယ်များက ပေးသော ပင်စင်ပေါ် ရပ်တည်နေရသူ အများစုအတွက် မလုံလောက်မှုများ ဖြစ်ရသည်။ ထိုပြင် ပြည်နယ်စီမံခန့်ခွဲရေးရုံးများကြား ကွာဟချက်များကြောင့် အသက်ကြီးပိုင်းလူဦးရေကြား မညီမျှမှုများကို ပို၍ ဆိုးဝါးစေသည်ဟု တရုတ်စီးပွားရေးဆိုင်ရာ ပညာရှင်များက မှတ်ချက်ပြုထားသည်။

အစိုးရ မူဝါဒများနှင့် အသက်ကြီးပိုင်းများ၏ လိုအပ်ချက်များကြား အချိတ်အဆက် ရှိမနေခြင်းက ပင်စင်စနစ် အခြေအနေကို ရုပ်ဆိုးအကျည်းတန်စေခြင်းပဲ ဖြစ်သည်။ အစိုးရ၏ ဦးစားပေးမှာ စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူဦးရေအချိုးနှုန်း တည်ငြိမ်ရေးတို့ ဖြစ်နေရာ ယင်းသည် သက်ကြီးပိုင်း လူဦးရေ၏ လူမှုဘဝဖူလုံရေးအတွက် အနုတ်ဆောင်နေတော့သည်ဟု ပညာရှင်များက ပြောဆိုကြသည်။