အထူးဒေသ(၁)အခြေခံဥပဒေကိုအခြေခံ၍ ကိုးကန့်ဒေသကို ပြန်လည်တည်ဆောက်မည်ဟု MNDAA စစ်ဦးစီးချုပ်ပြော

ရွှေနွယ်

မဇ္ဈိမ။ ။ စစ်ပွဲအပြီး ကိုးကန့်ဒေသ ပြန်လည်ကောင်းမွန်လာစေရန်အတွက် “အထူးဒေသ (၁) အခြေခံဥပဒေ” ကိုအခြေခံ၍ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူလူထုနှင့်တကွ ကြိုးပမ်းအားထုတ်သွားမည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)စစ်ဦးစီးချုပ်၊ မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖုန်တဲရင်မှ ၎င်း၏ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးသဝဏ်လွှာတွင် ပြောကြားသည်။

” ရဲဘော်တို့အနေဖြင့် ရှေးတော်လှန်ရေးသမား၊ လူကြီးတို့၏ချွေတာတတ်သော အစဉ်အလာ၊ လုပ်ပုံကိုင်ပုံ၊ အမွေများကိုဆက်ခံပြီး မိမိ‌ဒေသတည်ဆောက်ရေးအပေါ်ကို အစွမ်းကုန် အပင်ပန်းခံကြိုးစားအားထုတ်သောလုပ်ဟန်ဖြင့် အထူးဒေသ (၁) အခြေခံဥပဒေကို အခြေခံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူလူထုနှင့်တကွ ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါသည်” ဟု ဦးဖုန်တဲရင်မှ ပြောသည်။

ရှမ်းပြည်နယ်၊ အထူးဒေသ(၁)၏ အာဏာပြန်လည်ရရှိရေးသည် ၎င်းတို့ အမျိုးသားရေးလုပ်ငန်းစဉ်၏ ပထမခြေလှမ်းမျှသာဖြစ်ပြီး MNTJP ပါတီ၊ MNDAA တပ်မတော် နှင့် အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီတို့အနေဖြင့် ‌ဒေသအတွင်းရှိ ပြည်သူလူထုများအတွက် ဖွံ့ဖြိုးတိုးတက်ရေးပြီး တည်ငြိမ်အေးချမ်းသော အထူးဒေသ (၁)တခုကို တည်ဆောက်ပေးရန် ကတိပြုကြောင်း နှစ်သစ်ကူးသဝဏ်လွှာတွင်ပြောကြားသည်။

” ကျူးကျော်သူအားလုံးကို မိမိတို့ရဲ့ သမိုင်းနယ်မြေထဲကနေ မောင်းထုတ်လိုက်နိုင်တဲ့အချိန်မှာဆိုလျင် အထူးဒေသ(၁)နယ်မြေအတွင်းမှာ တိုင်းရင်းသားဖိနှိပ်ခံရမှုဆိုသည်မှာ လုံးဝရှိမည်မဟုတ်တော့ပါ။ ပုဂ္ဂလိက လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့စစ်အဖွဲ့တွေလည်း မရှိတော့ပါ။ ဆိုက်ဘာမှုခင်းနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများ ပြန်လည်ရှင်သန်လာခြင်းမျိုးကို လုံးဝ ခွင့်ပြုမည်မဟုတ်ပါ။ ပြည်သူလူထုများလည်း ဖိနှိပ်မှုများကို မခံစေရပါ” ဟု ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖော်ဆောင်လျက်ရှိသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်သုံ့ပန်း ထောင်နှင့်ချီ၍ ဖမ်းဆီးရရှိကြောင်းနှင့် လက်လွတ်ခဲ့ရသော သမိုင်းဝင်နယ်မြေအမြောက်အမြားကို ပြန်လည်သိမ်းပိုက်ထားနိုင်ကြောင်း သိရသည်။ စစ်ဆင်ရေးကာလတလျှောက် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့်သည် မူပန်(သိန္နီ) ၊ ကွတ်ခိုင် ၊ မုံးကိုးနှင့် ကိုးကန့်ဒေသတို့ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပြီး ယမန်နေ့ ဇန်နဝါရီလ ၁ ရက်နေ့အထိ စစ်ဆင်ရေး ၆၅ ရက်တာကာလအတွင်း စစ်ကောင်စီ၏ တပ်စခန်း ကြီး၊ ငယ်နှင့် စစ်ဆေးရေးဂိတ်ပေါင်း ၂၅၀ ကျော်ကို သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု နှစ်သစ်ကူးသဝဏ်လွှာတွင် ဆိုသည်။

ထို့ပြင် နယ်စပ်ဂိတ် ငါးခုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး ဆိုက်ဘာမှုခင်း(ကျားဖြန့်) လုပ်ဆောင်ရာ နေရာ ၃၀၀ ကျော်ကိုလည်း ဖြိုခွဲနိုင်ခဲ့ကြောင်း သိရသည်။ ကျားဖြန့်လုပ်ငန်းရှင် ထောင်နှင့်ချီကိုလည်း ဖမ်းဆီးရရှိကာ တရုတ်နိုင်ငံထံ လွှဲအပ်ပေးခဲ့ကြောင်း ဆိုသည်။ ဆိုက်ဘာမှုခင်း(ကျားဖြန့်) နှင့် ဆက်စပ်ပတ်သက်သူ တရုတ်နိုင်ငံသား ၄၀,၀၀၀ ကျော်ကိုလည်း တရုတ်ပြည်အတွင်း ပြန်လည်ဝင်ရောက်စေကာ ပြစ်မှုများကို ဝန်ခံစေခဲ့ကြောင်း ဆိုသည်။

မဇ္ဈိမမှ ပြုစုထားသည့် စာရင်းများအရ MNDAA သည် တရုတ်−မြန်မာနယ်စပ်ဂိတ်များဖြစ်သည့် ချင်းရွှေဟော်ဂိတ်၊ ရန်လုံကျိုင်းနယ်စပ်ဂိတ်၊ မုံးကိုးနယ်စပ်ဂိတ်၊ ပန်ဆိုင်းနယ်စပ်ဂိတ်နှင့် ကျင်စန်းကျော့နယ်စပ်ဂိတ်တို့ကို သိမ်းပိုက်ထားနိုင်ခြင်းဖြစ်သည်။ ထို့အပြင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း၊ သိန္ဒီ၊ မုံးကိုး၊ ကွမ်းလုံနှင့် ကုန်းကြမ်းမြို့တို့ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးသည် တနိုင်ငံလုံးရှိ ဒီမိုကရေစီလိုသားသော ပုဂ္ဂိုလ်များနှင့် တော်လှန်ရေးအဖွဲ့အစည်းတရပ်လုံးမှ အားပေးထောက်ခံခဲ့ကြသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးသမိုင်းရေစီးကြောင်းတလျှောက် မတွေ့မြင်ခဲ့ဖူးသည့် အောင်မြင်မှုများကို ရရှိခဲ့သောကြောင့် လွန်စွာအားရဝမ်းမြောက်ကြောင်းလည်း စစ်ဦးစီးချုပ်ကပြောသည်။

စာတည်း – သန့်ဇော်(သန်လျင်)