BREAKING NEWS: ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာပစ္စည်း နေပြည်တော်အချုပ်ထောင်မှာပင် ဆက်လက်လက်ခံ

001

မဇ္ဈိမ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာပစ္စည်းပေးပို့မှုကို ယ​​​နေ့ (ဧပြီလ ၂၂ရက်​နေ့)က နေပြည်တော်အချုပ်ထောင်မှာပင် ဆက်လက်လက်ခံခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများကပြောသည်။

ထောင်ဝင်စာပစ္စည်းပေးပို့မှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လူချင်းတွေ့ဆုံခွင့်မရခဲ့သော်လည်း ​​ဒေါ်​အောင်ဆန်းစုကြည်က ​စာအုပ်များမှာယူခဲ့မှုကို ​ထောင်တာဝန်ရှိသူများက တဆင့်ပြန်​ပြောပြ​ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက မဇ္ဈိမကို​ပြောသည်။

“ဒီကိုပဲ ပို့ရတယ်။ နောက်ပြီးတော့ စာအုပ်တွေဘာတွေမှာတာတော့ရှိတာပေါ့။ စာအုပ်တွေကတော့ အင်္ဂလိပ်လိုတွေထုတ်ဝေတဲ့စာအုပ်တွေပေါ့။ တရားဝင်ထုတ်တဲ့စာအုပ်တွေ အဲ့တာမျိုးတွေမှာတာပေါ့။ ပစ္စည်းကတော့ ထောင်ကပဲလက်ခံထားတယ်။ ရွှေ့တယ် မ‌ရွှေ့ဘူးဘာမှမပြောဘူး”ဟု ဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် တပတ်လျှင် တရက် အပတ်စဉ်တနင်္လာနေ့တိုင်း​​နေပြည်​တော်အချုပ်​ထောင်တွင် ထောင်ဝင်စာပစ္စည်း​ပေးပို့​နေခြင်းဖြစ်ပြီး နောက်ပိုင်းတွင်လည်း အချုပ်ထောင်မှာပင် ဆက်လက်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

“သေချာတာကတော့ ဒီမှာပဲ အဲ့ဒီအထဲမှာ မဟုတ်ရင်တောင် ဒီမှာပဲရှိတယ်။ နေပြည်တော်ထဲမှာပဲရှိတယ်ဆိုတာတော့ သေချာတယ်လေ” ဟု ၎င်းက ဆိုသည်။

တရားရုံးနှင့် နီးစပ်သူ နောက်တဦးကမူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေပြည်တော်အချုပ်ထောင်ထဲမှာပင် ရှိနေဆဲဖြစ်ကြောင်း ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။ မည်သို့ မည်ပုံသိရကြောင်း အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

“သတင်းလည်း တခုမှမဟုတ်သေးဘူး။ အဲ့ဒီထဲမှာပဲရှိသေးတယ်။ ကျွန်တော်လည်း တိကျအောင် လှမ်းလှမ်းပြီးတော့ ချိတ်ဆက်ရတာပေါ့” ဟု၎င်းက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီက အကျဉ်းထောင်များမှသည် နေရာရွှေ့ပြောင်းကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက သတင်းဌာနများတွင် ဖော်ပြကြသည်။

ရာသီဉတု အပူချိန်ပြင်းထန်နေချိန်ဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့သာမက ကျန်းမာရေးအရ လိုအပ်သည့် အကျဉ်းသားများ၊ အသက်ကြီးနေသည့်အကျဉ်းသားများကို အပူဒဏ်ကာကွယ်နိုင်ရေး လိုအပ်သည့်ကာကွယ်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC နှင့် VOA သတင်းဌာနတို့ကို ဧပြီလ ၁၆ ရက်နေ့က ဖြေကြားထားသည်။

အပူဒဏ်ကာကွယ်မှုများ မည်သို့ဆောင်ရွက်ပေးထားကြောင်းနှင့် မည်သည့်နေရာသို့ရွှေ့ပြောင်းကြောင်း စစ်ကောင်စီက ပြောဆိုခြင်းမရှိပေ။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲခဲ့ပြီး လက်ရှိတွင် ပြစ်ဒဏ်ပြန်လည်လျှော့ပေါ့မှုများအရ ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ချမှတ်ထားသည်။

​အမှုကိစ္စများ​ဆွေး​နွေးနိုင်ရန်အတွက် ဒေါ်​အောင်ဆန်းစုကြည်နှင့် ​လူချင်းတွေ့ဆုံခွင့်​ပေးရန် ​ရှေ့​​နေအဖွဲ့က ၂၀၂၃ ခုနှစ် အ​စောပိုင်းကတည်းက စတင်ပြီး ​အကြိမ်ကြိမ်စာဖြင့် ​ရေးသားတင်ပြ​နေ​​​သော်လည်း စစ်​ကောင်စီက လက်ခံခြင်း မရှိ​သေး​​ကြောင်း သိရသည်။