မြန်မာ၏ အရှိန်မြင့်နေသည့် ပြည်တွင်းစစ် – အိန္ဒိယ၏ ‘Act East’ မူဝါဒအတွက် ဂယက်ရိုက်ခတ်မှုများ

ကယားပြည်နယ်၊ လွိုင်ကော်ဒေသအတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား တွေ့ရစဉ် ၊ ဓါတ်ပုံ- လွိုင်ကော် PDF

ကယားပြည်နယ်၊ လွိုင်ကော်ဒေသအတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား တွေ့ရစဉ် ၊ ဓါတ်ပုံ- လွိုင်ကော် PDF

ဆူဘီး ဘွန်းမစ်

၁. မိတ်ဆက်

မြန်မာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်နှင့် အရှေ့တောင်အာရှကို ချိတ်ဆက်သည့် နိုင်ငံသည် လက်နက်ကိုင် ပဋိပက္ခ၊ တော်လှန်မှု၊ ဖရိုဖရဲအခြေအနေများ၊ ဝရုန်းသုန်းကားဖြစ်ခြင်းနှင့်အတူ ပြင်းထန်သော စက်ဝန်းတခုထဲသို့ မရပ်မနား ထိုးကျသွားခဲ့ပြီး ရန်လိုတိုက်ခိုက်မှုများ ရပ်စဲမည့် ချက်ချင်းလက်ငင်း အလားအလာမျိုး ရှိမနေသလို ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်သွားရေး မျှော်လင့်ချက်တို့လည်း နည်းပါးနေခဲ့သည်။ “အကြမ်းဖက်မှုတို့ ရပ်ဆိုင်းရန်၊ လူ့အခွင့်အရေးကို ကာကွယ်ရန်နှင့် ဒီမိုကရေစီလုပ်ငန်းစဉ်ကို လေးစားရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကဲ့သို့ ဒေသတွင်း အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂတို့က ထပ်တလဲလဲ တောင်းဆိုမှုများ ရှိသော်လည်း မြန်မာ (ဗမာ) အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံရေးအရ လိုက်လျောအလျှော့ပေးမှုများလုပ်ရန် သို့မဟုတ် တော်လှန်ရေးလှုပ်ရှားမှု အင်အားစုများနှင့် ညှိနှိုင်းဆွေးနွေးရန် စိတ်ဆန္ဒမရှိဟု ထုတ်ဖော်ပြသခဲ့သည်။” (Yun Sun, 2023 )
ပြိုင်ဘက် (ရန်ဘက်) သက်ဆိုင်ပတ်သက်သူများကို ထောက်ခံအားပေးသည့် အနောက်အုပ်စုနှင့် တရုတ်၏ ပါဝင်ပတ်သက်မှု အလားအလာတိုးလာခြင်းက မြန်မာကို အာရှ၌ နောက်ထပ် ကြီးမားသည့် ပေါက်ကွဲလုနီး အခြေအနေတရပ်ဆီ ရောက်ရှိစေရန် ခြိမ်းခြောက်နေသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဟု မိမိကိုယ်ကိုယ် ခေါ်သည့် မြန်မာအာဏာသိမ်းစစ်အုပ်စု ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် တရုတ်နှင့် ရုရှားတို့က စိတ်ပိုင်းဖြတ်ထားပုံရသည်။ တဘက်တွင်လည်း အနောက်အုပ်စု အင်အားကြီးနိုင်ငံများက မြန်မာတွင် စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်ရေးအပြင် အများအားဖြင့် အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံများနှင့် နိုင်ငံ၏ နယ်စပ်များတွင် တည်ရှိသည့် လူနည်းစု စိုးမိုးသော ပြည်နယ်များကို ပိုမိုကြီးမားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးအပ်ရန်အလို့ငှာ မြန်မာ၏ ဖက်ဒရယ် ဖွဲ့စည်းတည်ဆောက်ပုံ လုံးလုံးလျားလျား ပြန်လည်တည်ဆောက်မှုအတွက် ရှေ့ပြေးအဖြစ် ဒီမိုကရေစီလမ်းကြောင်းကို ပြန်ရောက်စေရေးကို ကြိုးပမ်းနေသည်မှာ သိသာထင်ရှားသည်။ မြန်မာသည် ဘာတေးလ် လင့်တနာ ပြောသည့် “မဟာ အရှေ့ဂိမ်း” ဆိုသည့် အခြေအနေသို့ တိုး၍ တိုး၍ သက်ဆင်းနေသည်ဟု ထင်ရသည်။ (Bertil Lintner, 2012 )
အိန္ဒိယ၏ အခန်းကဏ္ဍသည် မတင်မကျဖြစ်နေသည့်ပုံပေါ်ပြီး လက်ရှိအချိန်အထိ “စောင့်ကြည့်” အနေအထားတခုအဖြစ်သာ ရှိနေခဲ့သည်။ တချိန်တည်းတွင် အာဆီယံသည် ပဋိပက္ခမှ ထွက်နိုင်မည့် လမ်းကြောင်းတခု ရှာရန် ပြိုင်ဘက် သက်ဆိုင်ပတ်သက်သူများအကြား ညှိနှိုင်းဖျန်ဖြေရန် ကြိုးပမ်းထားသည်။ ထိုလုပ်ငန်းစဉ်က ချက်ချင်းလက်ငင်း ပြဿနာ ထိုးဖောက်ကျော်လွှားမှုအတွက် အလားအလာသိပ်မရှိလှသည့်ပုံပေါ်သည်။ မြန်မာအကျပ်အတည်းကို ပြေလည်အဆုံးသတ်စေရန် ပိုမို တက်ကြွထက်သန်သော အိန္ဒိယ မူဝါဒတရပ် ထားရှိရေး မိမိအနေဖြင့် ကာလကြာကတည်း ထောက်ခံခဲ့သည်။ အကြောင်းမှာ အကယ်၍ မြန်မာအကျပ်အတည်း ပိုမိုဆိုးဝါးလာပါက ယင်းက (က) အိန္ဒိယ၏ သတိထားဆင်ခြင်ရသော အရှေ့မြောက်ဒေသ၏ လုံခြုံရေးအတွက် ကြီးလေးသော ဂယက်ရိုက်ခတ်မှုများ ရှိလာလိမ့်မည် (ခ) မြန်မာရှိ အိန္ဒိယ၏ ဆက်သွယ်ချိတ်ဆက်မှု စီမံကိန်းများအပေါ် နှောင့်နှေးကြန့်ကြာစေမည့် ကြီးလေးသည့် သက်ရောက်မှုတို့ ရှိစေမည်၊ ထို စီမံကိန်းများ မပါပါက အရှေ့တောင်အာရှ၏ စီးပွားရေးကျားများနှင့် ကုန်းလမ်းဖြင့် ချိတ်ဆက်မည့် အိန္ဒိယ၏ အရှေ့ဖော်ဆောင် “Act East” ဆိုလိုရင်းက ဘယ်တော့မှ အထမြောက်လိမ့်မည် မဟုတ်ပေ (ဂ) မတည်ငြိမ်သော ဝန်းကျင်၌ ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ဩဇာသက်ရောက်နိုင်စွမ်းရှိသည့် အရေးပါသော အာရှအင်အားကြီးနိုင်ငံတခုအဖြစ် အိန္ဒိယ၏ ပုံရိပ်အပေါ် ထိခိုက်စေသည့် သက်ရောက်မှု ရှိစေလိမ့်မည် ဖြစ်သည်။(Subir Bhaumik, 2023)
ယခု ဆောင်းပါးတွင် မိမိအနေဖြင့် (က) မြန်မာအာဏာသိမ်းစစ်အုပ်စုကို ထိန်းချုပ်ရန် ကြိုးပမ်းသည့် အနောက်အုပ်စု အဆိုတင်သွင်းသော ကုလ ဆုံးဖြတ်ချက်များကို တရုတ်၊ ရုရှားတို့နှင့်အတူ ဆန့်ကျင်မဲပေးသည့် အိန္ဒိယ၏ မူဝါဒကို လုံးလုံးလျားလျား ပြန်လည်သုံးသပ်ရေး (ခ) စစ်တပ်မှ စပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အထိ မြန်မာရှိ အရေးပါသော သက်ဆိုင်ပတ်သက်သူအားလုံးနှင့် ဆက်သွယ်ချိတ်ဆက်ခြင်းအားဖြင့် ခိုင်မာပြီး သီးခြားရပ်တည်သော ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တရပ် (ဂ) ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးပြီး နိုင်ငံတကာ ကြီးကြပ်မှုအောက်၌ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပခြင်းနှင့်အတူ ဒီမိုကရေစီလမ်းကြောင်းပေါ် မူလအတိုင်း ပြန်လည်ရောက်ရှိရေး လမ်းပြမြေပုံတခုကို ဖော်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားသည့် အိန္ဒိယ၏ ကြိုးပမ်းမှု (ဃ) ရွေးကောက်ခံ အစိုးရတရပ်ထံ အာဏာလွှဲပြောင်းပေးပြီး စစ်တပ်က စစ်တန်းလျားသို့ ပြန်မသွားမချင်း စစ်ဖက်ဆိုင်ရာ လက်နက်ပစ္စည်းများ ထောက်ပံ့ရောင်းချခြင်း၊ လေ့ကျင့်သင်ကြား/ဖလှယ်မှု အစီအစဉ်များကို ရပ်ဆိုင်းထားရေးတို့အတွက် ထပ်မံ အခိုင်အမာ ပြောဆိုမည် ဖြစ်သည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းက မဟတ္တမ ဂန္ဒီ၏ စံများကို ဆက်လက်သယ်ဆောင်မည့် ခေါင်းထောင်သော်လည်း နူးညံ့ပျော့ပျောင်းသည့် အင်အားကြီးနိုင်ငံအဖြစ် အိန္ဒိယ၏ ပုံရိပ်နှင့် သင့်လျော်ရုံသာမက ကမ္ဘာ့စင်မြင့်ထက်ရှိ နေရာတခုအတွက် အိန္ဒိယ၏ မျှော်မှန်းချက်များနှင့်လည်း သင့်လျော်သည်။ မဟာဗျူဟာမြောက် ဆောင်ရွက်ရန် ပျက်ကွက်ခြင်းက အိန္ဒိယကဲ့သို့ ပြင်းပြသော ဆန္ဒရှိသည့် အင်အားကြီးနိုင်ငံတခုနိုင်ငံနှင့် သင့်လျော်မှု မရှိပေ။ ဒေသတွင်း အရေးကိစ္စများ၊ အထူးသဖြင့် ဒေသ၌ အကျပ်အတည်း စီမံခန့်ခွဲမှုနှင့် ကြားဝင်ဖျန်ဖြေမှုတွင် အပြုသဘောဆောင်ပြီး တက်ကြွထက်သန်သည့် အခန်းကဏ္ဍတခုဖြင့် ထောက်ကူခြင်း မရှိပါက ရည်ရွယ်ချက်အကြံ ထုတ်ဖော်မှုက အမှန်မဟုတ်ဘဲ လိမ်ညာသည့် အခြေအနေတခုသာ ဖြစ်မည် ဖြစ်သည်။

၂. မြန်မာ၏ ရှည်ကြာသော ပြည်တွင်းစစ်

ကိုလိုနီခေတ်အလွန် မြန်မာနိုင်ငံတွင် မဆုံးနိုင်သော တိုင်းရင်းသား ပဋိပက္ခများက ကမ္ဘာ့ သတင်းရေးသားခံရမှု အနည်းဆုံး ပြည်တွင်းစစ်တခုအဖြစ် ဖော်ပြထားသည်။ (Bertil Linter,1990) သို့သော် ၂၀၁၀ တွင် အကန့်အသတ်ဖြင့် ဒီမိုကရေစီ ပြန်ရပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အာဏာ ရခြင်းနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အများအပြားနှင့် ပြည့်စုံကျယ်ပြန့်သော ညှိနှိုင်းဆွေးနွေးမှုတရပ် စတင်ရန် ကြိုးပမ်းမှုများက တိုးတက်မှုတချို့ကို မြင်တွေ့ခဲ့ရသည်။ နိုင်ငံ၏ လုပ်ကြံခံရသည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ခြင်းအားဖြင့် တိုင်းရင်းသားများနှင့် ပြန်လည်ရင်ကြားစေ့ပေါင်းထုပ်ရေးအတွက် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသခဲ့သည်။ ဗြိတိသျှတို့က ဗမာ (လက်ရှိ မြန်မာ) ကို လွတ်လပ်ရေးမပေးမီ ၁၉၄၇ ခုနှစ်တွင် တိုက်ခိုက်နေသော တိုင်းရင်းသားလူမျိုးစုများနှင့် ပင်လုံမြို့၌ ညှိနှိုင်းဆွေးနွေးမှုမှတဆင့် ဖက်ဒရယ်ပြည်ထောင်စုတခု ဖြစ်ပေါ်လာစေရေး ဖခင်ဖြစ်သူ၏ ကြိုးပမ်းမှု အောင်မြင်မှု မရခဲ့သည့်နောက်တွင် ဒေါ်အောင်ဆန်းစုကြည်က ထိုလုပ်ငန်းစဉ်ကို ပင်လုံ လုပ်ငန်းစဉ်အဖြစ် ခေါ်ဆိုရန် ဆန္ဒရှိခဲ့သည်။ (Angshuman Choudhury 2023)
မြန်မာ၏ ပဋိပက္ခစစ်ဇုန်များတွင် ပြည့်စုံနှံ့စပ်သော အပစ်ရပ်စဲမှုများမှတဆင့် ရှေ့သို့ တက်လှမ်းခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပထမဆုံး ကိုင်လှုပ်မှုက ၂၀၁၇ တွင် ဖြစ်ပေါ်ခဲ့ပြီး ထိုအချိန်က တပ်မတော် (မြန်မာစစ်တပ်) သည် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ (ARSA) သောင်းကျန်းသူများ၏ တိုက်ခိုက်မှုများနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မွတ်စလင် ရိုဟင်ဂျာများအပေါ် ပစ်မှတ်ထားပြီး လူမဆန်သည့် လူမျိုးတုန်းသတ်ဖြတ်မှုကို လုပ်ဆောင်ခဲ့သည်။ စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုကြောင့် ထောင်ချီ သေဆုံးခဲ့ရပြီး ဒုက္ခသည် ငါးသိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရောက်ရှိစေခဲ့ကာ ယင်းက ၁၉၇၈-၇၉ ခုနှစ်က ရိုဟင်ဂျာတို့အပေါ် ပထမဆုံး စစ်တပ် စေ့ဆော်လုပ်ဆောင်သည့် စနစ်တကျ ဖိနှိပ်သတ်ဖြတ်မှုနောက်ပိုင်း ထွက်ပြေးပျောက်ကွယ်ထားခဲ့ရသည့် အခြားသော ရိုဟင်ဂျာ ၇၀၀,၀၀၀ နှင့် ထပ်ပေါင်းစေခဲ့သည်။ (Myanmar’s Rohingyas, 2023) ဝန်ကြီးဌာနသုံးခု ( ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ) တို့ကို ထိန်းချုပ်ပြီး လွှတ်တော်တွင် အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရယူထားသည့် စစ်တပ်၏ ကောင်းစွာရည်ရွယ်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဖြစ်ပေါ်စေခဲ့သည့် အားနည်းချက်များနှင့်ပတ်သက်ပြီး ရိုဟင်ဂျာအကျပ်အတည်းက မီးမောင်းထိုးပြသခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း စစ်တပ်ကို ချုပ်ထိန်းရန် ကြိုးပမ်းရမည့်အစား ရိုဟင်ဂျာ မေးခွန်းနှင့်ပတ်သက်ပြီး စစ်တပ်နှင့် တသဘောထားတည်း ရပ်ခဲ့သည့်အတွက် သူမသည် နိုင်ငံတကာတွင် သူမအပေါ် အများယုံကြည်လက်ခံမှု အများအပြားကို ဆုံးရှုံးခဲ့ရသည်။
သို့သော် ၂၀၂၁ ဖေဖေါ်ဝါရီ စစ်တပ် အာဏာသိမ်းပြီးနောက်တွင် အခြေအနေက ပို၍ ဆိုးသည့်ဘက်သို့ ကူးပြောင်းရောက်ရှိသွားသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ပြိုလဲပျက်စီးသွားပြီး တော်လှန်မှုပဋိပက္ခစစ်နယ်မြေအားလုံးတွင် တိုက်ပွဲများက အရှိန်မြင့်တက်ခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်စုဖွဲ့ရန်နှင့် ပြန်လည်လက်နက်တပ်ဆင်ရန် ရက္ခိုင့်တပ်တော် (AA) က အပစ်ရပ်စဲမှု ရရှိသော်လည်း ၂၀၂၂ ဇူလိုင်တွင် တိုက်ခိုက်မှုများ ပြန်စခဲ့သည်။ ဒီမိုကရေစီအတွက် ကနဦး ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှုတရပ်အပေါ် စစ်တပ်ဘက်က လူမဆန်ရက်စက်စွာ ဖိနှိပ်ဖြိုခွင်းပြီးနောက် မြန်မာ၏ ဗဟိုချက်မဒေသအဖြစ် ရှုမြင်သည့် ဗမာတိုင်းရင်းသား ဒေသများတွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက တဟုန်ထိုး တိုးပွားလာခဲ့သည်။ အဆိုပါအဖွဲ့များသည် နည်းဗျူဟာ အကြောင်းရင်းများအတွက် ကချင်၊ ကရင်၊ ရှမ်း၊ ဝ နှင့် ကိုးကန့် ကဲ့သို့ ကာလရှည် လက်နက်ကိုင်တိုက်ခိုက်မှု လှုပ်ရှားမှုများနှင့် ချိတ်ဆက်ထားခဲ့သည့်အတွက် စစ်တပ်အနေဖြင့် ယခင်ကာလများထက် ပိုပြီး အင်အားဆွဲဆန့်အသုံးပြုရသလို ယင်း၏ ရင်းမြစ်များအပေါ်တွင်လည်း ဝန်ပိစေခဲ့ရသည်။ (Subir Bhaumik,2023 )
လျော့ရဲရဲ စုဖွဲ့ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) များက အိန္ဒိယ၏ အရှေ့မြောက်ဒေသနှင့် နယ်စပ်ချင်းထိစပ်နေသော စစ်ကိုင်းတိုင်းဒေသတွင် စစ်တပ်အပေါ် ပုံမှန်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းအားဖြင့် အိန္ဒိယ၏ မဏိပူရ်နှင့် မီဇိုရမ်ပြည်နယ်များသည် ဒုက္ခသည်များ စီးဝင်မှု မြင့်တက်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ မြန်မာမှ ဒုက္ခသည် ၃၀,၀၀၀ ကျော် သည် အဆိုပါ ပြည်နယ်နှစ်ခုထဲသို့ ရောက်ရှိခဲ့ကြသည်ဟု ယုံကြည်ရပြီး ၎င်းတို့ထဲတွင် ၂၀၁၉ ရွေးကောက်ပွဲများတွင် သိမ်းကျုံးအနိုင်ရပြီး ဒုတိယအကြိမ်မြောက် အစိုးရတရပ် ဖွဲ့စည်းရန် အသင့်ဖြစ်ခဲ့ကြသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပါတီဝင်အများစု အပါအဝင် မြန်မာလွှတ်တော်မှ အမတ် ၅၀ ဦးထက်မနည်းလည်း ပါဝင်သည်။
PDF တပ်ဖွဲ့ဝင်များသည် “မြန်မာပြည်သူတို့၏ အစစ်အမှန် အစိုးရ” ဟု ထုတ်ဖော်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ သစ္စာခံကြသည်။ NUG သည် NLD ကဲ့သို့ ဦးဆောင်ပါတီများမှ ကိုယ်စားလှယ်များ ပါဝင်ရုံတင်မကဘဲ ဩဇာကြီး အရပ်ဖက်လူမှုအစုအဖွဲ့များနှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှလည်း ကိုယ်စားလှယ်များ ပါသည်ဖြစ်သည့်အတွက် ယင်းသည် အပြောင်းအလဲအတွက် ကျယ်ပြန့်သော အမျိုးသားလှုပ်ရှားမှုတခုအဖြစ် ရှုမြင်ခံလာရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဖမ်းဆီးအကျဉ်းချခံထားရသလို ထောင်ဒဏ်ခြောက်နှစ် ထပ်မံတိုးခံထားရသည်ဖြစ်ရာ အများစုက ခေါင်းဆောင်ပိုင်းအတွက် NUG ကို လေးစားကြသည်။
PDF များနှင့်ပတ်သက်ပြီး မကြာသေးခင်က လေ့လာချက်တခုတွင် အောက်ပါအတိုင်း တွေ့ရှိသည်။ “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) များ မြန်မာတွင် ၂၀၂၁ ခုနှစ်က ပထမဆုံး ပေါင်းစည်းပူးပေါင်းခဲ့ချိန်က ၎င်းတို့ကို စစ်တပ်ဟု သိကြသည့် အာဏာသိမ်းစစ်အုပ်စု စစ်တပ်၏ အလျင်အမြန် စီးနင်းလွှမ်းမိုးခြင်း ခံရမည့် လူငယ်စေတနာ့ဝန်ထမ်းများနှင့် တက်သုတ်ရိုက် စုဖွဲ့ထားသည့် အဖွဲ့များအဖြစ် အများအပြားက ရှုမြင်ကြသည်။ ထိုသို့ ရှုမြင်သည့်အတိုင်း ဖြစ်မလာဘဲ PDFs များသည် ပြီးခဲ့သည့်နှစ်နှင့် နှစ်ဝက်တွင် အရွယ်အစား၊ အဖွဲ့အစည်းနှင့် လုပ်နိုင်စွမ်းတို့တွင် ကြီးထွားလာခဲ့ပြီး လက်ရှိအချိန်တွင် အာဏာသိမ်းစစ်အုပ်စု၏ ရှင်သန်နိုင်မှုအပေါ် အဓိက ခြိမ်းခြောက်မှုတခု ဖြစ်စေနေပြီဖြစ်သည်။ ၎င်းတို့တွင် အကြီးစား လက်နက်ပစ္စည်းများ မရှိသော်လည်း အဆင့်မြင့်သည့် ကွပ်ကဲမှု ဖွဲ့စည်းတည်ဆောက်ပုံနှင့် နိုင်ငံတကာ အထောက်အပံ့တို့နှင့် တိုးတက်ပွားများလာသော PDFs များသည် မှတ်သားလောက်သည့် နည်းဗျူဟာဆိုင်ရာ စဉ်းစားဉာဏ်နှင့် ဒဏ်ခံနိုင်မှုတို့ကို ပြသထားသည်။ အကယ်၍ ၎င်းတို့အနေဖြင့် ၎င်းတို့၏ ကွပ်ကဲမှု ဖွဲ့စည်းတည်ဆောက်ပုံနှင့် လက်နက်များကို တိုးတက်စေမည် ဆိုပါက ၎င်းတို့သည် တော်လှန်ရေးထိန်းချုပ်မှုအောက် နယ်မြေများကို ကူညီချဲ့ထွင်ရရှိစေနိုင်ပြီး စစ်အုပ်စု ကျရှုံးစေရေးကို ပိုမိုမြန်ဆန်စေနိုင်မည် ဖြစ်သည်။ ၎င်းတို့၏ တပိုင်းတစစီဖြစ်နေသည့် သဘောသဘာဝနှင့် အလျင်အမြန် တိုးတက်မှုတို့ကြောင့် PDFs များသည် အကဲခတ်အများစုနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအတွက် နားလည်ရန် ခက်ခဲသည့် ပဟေဋ္ဌိတခုအဖြစ် ဆက်ရှိနေသည်။ ခိုင်မာအားကောင်းသည့် လူအများထောက်ခံအားပေးမှုမှ အကျိုးရရှိခြင်းအားဖြင့် တိုက်ပွဲကို ခံနိုင်ရည် ပိုရှိလာပြီး ပိုမို ညှိနှိုင်းချိတ်ဆက်လာနိုင်သည့် အဆိုပါ တော်လှန်ရေးအဖွဲ့များသည် လက်ရှိတွင် မြန်မာ၏ အနာဂတ် လုံခြုံရေးမြင်ကွင်းတွင် အရေးပါပြီး၊ အဆုံးအဖြတ်ပေးကောင်းပေးနိုင်သည့် အခန်းကဏ္ဍတခု၌ ပါဝင်နေသည်။ (ရဲမျိုးဟိန်း၊ ၂၀၂၃)
NUG ၏ လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ဆွေးနွေးရာတွင် ယင်း၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “ကျွန်မတို့ရဲ့ လက်ရှိ ကြိုးပမ်းမှုက စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ထုတ်ဖို့နဲ့ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းဆီ ရောက်စေဖို့ ဖြစ်တယ်” ဟု ယခု စာရေးသူကို မကြာသေးခင်က ပြောသည်။ ပါလီမန်လွှတ်တော်ကို မူလအတိုင်း ပြန်ကျင်းပနိုင်ရေးနှင့် စစ်တပ်ကို စစ်တန်းလျားသို့ ပြန်ပို့ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုကို ဖြစ်မြောက်အောင် ပံ့ပိုးရန် ဒေါ်ဇင်မာအောင်သည် အနောက်အုပ်စု ဒီမိုကရေစီနိုင်ငံများအပြင် အိန္ဒိယနှင့် အာဆီယံတို့ကို အခိုင်အမာ စည်းရုံးခဲ့သည်။ ထိုဦးတည်ရာလမ်းကြောင်းအတိုင်း တိုးတက်မှု များစွာ မရှိခဲ့သလို အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက်ကလည်း ပြဿနာထိုးဖောက်ကျော်လွှားနိုင်ခြင်း မရှိသည့်အတွက် မြန်မာလူငယ်များသည် စစ်တပ်ကို တိုက်ခိုက်ရန်နှင့် အာဏာမှ ဖြုတ်ချရန် သေရေးရှင်ရေးတမျှ ကြိုးပမ်းမှုအဖြစ် လက်နက်စွဲကိုင်ခဲ့ကြသည်။ စစ်တပ်သည် ဆိုးဝါးစွာ ဆန့်ထုတ်ဖြန့်ကျက်ထားရသလို ဘက်ပြောင်းခိုလှုံမှုများပြားလာခြင်းမှတဆင့် အောက်ခြေတပ်သားများအကြား စိတ်ဓာတ်ကျဆင်းနေမှုများက ထင်ရှားပေါ်လွင်နေသည် ဆိုသော်လည်း စစ်တပ်တွင် PDF နှင့် အခြားတိုင်းရင်းသားတပ်ဖွဲ့များကို တိုက်ခိုက်ရန် လုံလောက်သည့် ပစ်အားရှိနေဆဲဖြစ်သည်။ တရုတ်နှင့် ရုရှားထံမှ အားကောင်းသည့် ထောက်ပံ့မှုနှင့်အတူ စစ်အုပ်စုက ၎င်းတို့အနေဖြင့် ဆက်လက်ရပ်တည်နေနိုင်သေးသည်ဟု ထင်မြင်နေသည်။

၃, အနောက်အုပ်စု၏ တုံ့ပြန်မှု

ယင်းနှင့်ပတ်သက်ပြီး အနောက်အုပ်စု အင်အားကြီးနိုင်ငံများ၊ အထူးသဖြင့် အမေရိကန်သည် မတူခြားနားမှုတခုကို ဖြစ်စေရေး ကြားဝင်ရန် စီစဉ်နေသည့်ပုံပေါ်သည်။ အမေရိကန်နှင့် ယူကေသည် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေးနှင့် မြန်မာတွင် အကြမ်းဖက်မှုတို့ အဆုံးသတ်ရပ်ဆိုင်းရေး တောင်းဆိုပြီး မြန်မာစစ်အုပ်စုကို အပြင်းအထန်ဝေဖန်ထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တရပ်ကို အဆိုတင်ခြင်းအားဖြင့် ၂၀၂၂ ဒီဇင်ဘာတွင် မြန်မာနှင့်ပတ်သက်ပြီး ပိုမို ထိရောက်မှုရှိသည့် ကြားဝင်မှုတခုအတွက် အခြေအနေပေးရန် ပထမခြေလှမ်း လုပ်ဆောင်ချက်ကို လုပ်ဆောင်ခဲ့သည်။ ထို အဆိုတင်သည့် ဆုံးဖြတ်ချက် မဲခွဲမှုသည် ဆယ်စုနှစ်များအတွင်း အထူးသဖြင့် ၂၀၂၁ ဖေဖေါ်ဝါရီတွင် စစ်တပ်က ရွေးကောက်ခံအစိုးရတရပ်ကို ဖြုတ်ချပြီးနောက်ပိုင်း မြန်မာရှိ အခြေအနေနှင့်ပတ်သက်၍ ကုလ လုံခြုံရေးကောင်စီ၏ ပထမဆုံး ဆုံးဖြတ်ချက်တခု ဖြစ်ခဲ့သည်။ အဖွဲ့ဝင် ၁၂ နိုင်ငံ၏ မဲပေးမှုဖြင့် အတည်ပြုခဲ့သည့် ယူကေ အဆိုပြုသော ဆုံးဖြတ်ချက် (S/RES/2669(2022)) သည် ယမန်နှစ်က အရှေ့တောင်အာရှနိုင်ငံများအသင်းက အတည်ပြုသော ဘုံသဘောတူညီချက် ငါးချက်ကို ရည်ညွှန်းရင်း အာဆီယံ လုပ်ငန်းစဉ်၏ အရေးပါမှုကို ရည်ညွှန်းပြောဆိုမှုတချို့ ပြုလုပ်ခဲ့သည်။
တရုတ်၊ ရုရှားတို့နှင့်အတူ အိန္ဒိယသည် ထိုဆုံးဖြတ်ချက်ကို မဲမပေးဘဲ နေခဲ့သည်။ အကြောင်းမှာ ဒေလီသည် စစ်ရေး ဆောင်ရွက်ချက်ထက် မြန်မာစစ်အုပ်စုနှင့် “အပြုသဘောဆောင် ဆက်ဆံပတ်သက်မှု” ကို ပိုမိုနှစ်သက်နေဆဲဖြစ်ပုံရခြင်းကြောင့် ဖြစ်သည်။ သို့သော် မကြာသေးခင်ကမှ ရှင်သန်လာသည့် ဗမာ (လူမျိုးစု) တော်လှန်မှု အပါအဝင် တော်လှန်ရေးအင်အားစုပေါင်းစုံနှင့်ရင်ဆိုင်အတွေ့တွင် မြန်မာစစ်အုပ်စု၏ ကြံ့ကြံ့ခံနိုင်စွမ်း မရှိခြင်းနှင့်ပတ်သက်ပြီး တရုတ်ဘက်က နှစ်သိမ့်ပေးမှု မရှိခြင်းက ဆုံးဖြတ်ချက်တွင် ဗီတိုအာဏာသုံး ပယ်ချရန် ငြင်းပယ်ခြင်းအားဖြင့် ပေါ်လွင်ထင်ရှားနေသည်။
တချိန်တည်းတွင် နေတိုးအုပ်စု (အထူးသဖြင့် အမေရိကန်) က ဘော့စနီးယားတွင် သတ်မှတ်ခဲ့သကဲ့သို့ပင် အမေရိကန်သည် မြန်မာတွင် လေယာဉ်မပျံသန်းရ ဇုန် သတ်မှတ်ရန် စဉ်းစားနေသည်ဟု သတင်းများ ရှိနေသည်။ ယင်းသို့ ချမှတ်ခြင်းက တိုက်ပွဲကို အရပ်ဖက်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အသာရစေရန် ပြန်လည်ဟန်ချက်ထိန်းစေလိမ့်မည် ဖြစ်သလို ဖြစ်နိုင်ဖွယ်ရာအားဖြင့် ရခိုင်၊ ချင်း၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မြန်မာစစ်တပ် အရေးနိမ့်စေရန် ဦးတည်စေနိုင်သည်။ ထို တိုင်း၊ ပြည်နယ်များတွင် ရက္ခိုင့်တပ်တော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့သည် ၎င်းတို့၏ ပြည်နယ်များ၌ အများအပြားတွင် ထိရောက်သည့် ထိန်းချုပ်မှုကို တိုးမြှင့်ထားသည်။
လက်ရှိအချိန်အထိတော့ မြန်မာစစ်တပ်သည် လေကြောင်းစွမ်းအားကို အကြီးစား အသုံးပြုပြီး ထို ပြည်နယ်တိုင်းများတွင် ခြေကုပ်တခုကို တနည်းနည်းဖြင့် ဆက်ထိန်းထားသည်။ ၂၀၂၂ အောက်တိုဘာလက ကချင်လွတ်မြောက်ရေးတပ်မတော်က စီစဉ်ထားသော တေးဂီတဖျော်ဖြေပွဲတခုကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၆၀ နီးပါး သေဆုံးခဲ့ရသည်။ ယင်းနောက်တွင်လည်း ရခိုင်ပြည်နယ်တွင် အလားတူ ဗုံးကြဲမှုများ ရှိခဲ့သလို များမကြာသေးခင်က ချင်းပြည်နယ်တွင်လည်း အလားတူ ဗုံးကြဲမှု ရှိခဲ့သည်။ ချင်းအမျိုးသားတပ်ဦးနှင့် ဗမာ PDF တို့ ပူးတွဲ စီမံခန့်ခွဲသည် Camp Victoria တွင် ဗုံးများကျခဲ့ချိန်တွင် ဒေလီအနေဖြင့် မြန်မာမှ ဒုက္ခသည်ထောင်ချီကို လက်ခံနေရာပေးထားရပြီးဖြစ်သည့် မီဇိုရမ်သို့ နောက်ထပ် ဒုက္ခသည်များ စုပြုံဝင်ရောက်လာမည့် စိန်ခေါ်မှု ရှိသော အလားအလာတခုကို သတိပြုမိလာခဲ့ရသည်။
မြန်မာစစ်တပ်အတွက် ကြီးမားသည့် ပြဿနာ (သို့) ဆုံးရှုံးမှုများနှင့် ထိခိုက်ရစေမည်ဖြစ်သည့် လေယာဉ်မပျံသန်းရဇုန်တခုက တရုတ် ငွေကြေးပံ့ပိုးသော ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် တရုတ်၏ ယူနန်ပြည်နယ်ကို (ရေနံ-ဓာတ်ငွေ့ ပိုက်လိုင်းနှင့်အတူ) ချိတ်ဆက်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) လည်ပတ်မှုအပေါ် လက်တွေ့စင်စစ်အားဖြင့် ထိခိုက်ဟန့်တားစေနိုင်သည်။ စစ်အုပ်စုနှင့် အကြီးအကျယ် အားနည်းလာနေသည့် မြန်မာစစ်တပ်ကို ဖြုတ်ချခြင်းအားဖြင့် အမေရိကန်နှင့် ၎င်းတို့၏ မဟာမိတ်များအနေဖြင့် မြန်မာကို ဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာသို့ တရုတ်၏ ကုန်းလမ်းမှ ပင်လယ်သို့ ဝင်လမ်းကို ပိတ်ဆို့ကောင်း ပိတ်ဆို့နိုင်သည်။ ဧကန်အားဖြင့် ယင်းက တရုတ်ကို ချုပ်ထိန်းမည့် အမေရိကန်၏ အဓိက မဟာဗျူဟာရည်မှန်းချက်တခုဖြစ်သည်။
မြန်မာတွင် ဘော့စနီးယား ပုံစံ လေယာဉ်မပျံသန်းရဇုန်တခု ဖန်တီးမည့် အမေရိကန်၏ အဆိုပြုချက်အတွက် အဓိကစိန်ခေါ်မှုများအနက် တခုက ယင်းကို ထိန်းထားနိုင်ရန် ထောက်ပံ့ပို့ဆောင်မှု အထောက်အပံ့ ထူထောင်ထိန်းသိမ်းခြင်း ဖြစ်လိမ့်မည် ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်ရှိ မြန်မာကမ်းရိုးတန်းပြင်ပ၌ လေယာဉ်တင်သင်္ဘောတစင်းက လေကြောင်း ဖြန့်ကျက်ပါဝင်မှုကို ပံ့ပိုးရန် လုံလောက်နိုင်သည်ဆိုသော်လည်း အထူးသဖြင့် လေယာဉ်မပျံသန်းရဇုန်က ရေရှည်ထိန်းထားနိုင်သော ကြိုးပမ်းမှုတခု ဖြစ်လာပါက ပုံစံတခုခုဖြင့် မြေပြင်အခြေပြု ထောက်ပံ့မှုစနစ်ကိုလည်း လိုအပ်လိမ့်မည်ဖြစ်သည်။
ယင်းအတွက်ကြောင့် မြန်မာတွင် လေယာဉ်မပျံသန်းရဇုန် လက်တွေ့ထိရောက်စေရေးအလို့ငှာ ထောက်ပံ့ပို့ဆောင်မှုကို ထိန်းထားရန် အမေရိကန်အနေဖြင့် ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းများနှင့် ကပ်လျက် ကုန်းမြေဒေသများသို့ ဝင်လမ်းရရန် ဆန္ဒရှိနိုင်သည်။ ရက္ခိုင့်တပ်တော်ကို အခိုင်အမာ ထောက်ကူခြင်းက ရခိုင်ပြည်နယ်လွတ်လပ်ရေးနှင့် ရိုဟင်ဂျာပြဿနာအတွက် အပြီးသတ် ဖြေရှင်းနည်းလမ်းတခုဆီ ဦးတည်စေနိုင်သည် ဆိုပြီး အမေရိကန်အနေဖြင့် ဘင်္ဂလားဒေ့ရှ်ကို ပြောဆိုတိုက်တွန်းနိုင်သည်။ ၂၀၂၃ နှစ်ကုန်ပိုင်းတွင် အတော်အတန်ကြီးမားသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများအကြား ရွေးကောက်ပွဲများကို ရင်ဆိုင်ရမည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာအတွက် ရိုဟင်ဂျာပြဿနာ အပြီးသတ်ဖြေရှင်းခြင်းက ဆွဲဆောင်မှုရှိသည့် အဆိုတခု ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်များကို ပြန်ခေါ်ယူမည်ဟု ရက္ခိုင့်တပ်တော်ကလည်း ကတိပြုထားသည်။ (Subir Bhaumik, 2023)
သို့သော် ဟာစီနာသည် ဖွံ့ဖြိုးမှုအကူအညီအတွက် အဓိကရင်းမြစ်ဖြစ်သလို၊ ဦးဆောင် ကုန်သွယ်မှု ပါတနာလည်းဖြစ်သည့် တရုတ်ကို အမျက်ထွက်စေမည်ကို စိုးရိမ်ခြင်းကြောင့် အနောက်အုပ်စု အင်အားကြီးနိုင်ငံများကို ထောက်ခံသည့် တိကျပြတ်သားသော လုပ်ဆောင်ချက်မျိုး မလုပ်ဆောင်ဘဲ ရှောင်ရှားနိုင်သည့် ရှေးရိုးစွဲ ခေါင်းဆောင်တဦးဖြစ်သည်။ ထိုနေရာတွင် အမေရိကန်နှင့် မဟာမိတ်များတွင် ရွေးချယ်စရာနည်းလမ်းနှစ်ခုရှိသည်။ ဟာစီနာကို ဖြုတ်ချပြီး လေယာဉ်မပျံသန်းရဇုန်တခုအတွက် ထောက်ပံ့ပို့ဆောင်မှု အထောက်အပံ့ ပံ့ပိုးရန် သဘောတူမည့် စစ်တပ် ထောက်ခံသော “အမျိုးသားအစိုးရ”တရပ်ကို ထောက်ခံအားပေးရန် သို့မဟုတ် ပိုမို တိကျပြတ်သားသည့် စစ်ရေး ကြားဝင်မှုပုံစံ သို့မဟုတ် Stinger (သို့) Starstreak (ရုရှားလေယာဉ်များအပေါ် ရင်ဆိုင်ရာတွင် ယူကရိန်းတပ်ဖွဲ့များက အလွန်အောင်မြင်စွာ အသုံးပြုခဲ့) ကဲ့သို့ အလွန်အရေးပါသည့် သယ်ရလွယ်သော လေယာဉ်ပစ်ဒုံးများကို မှန်မှန်ပုံမှန် ထောက်ပံ့မှုအတွက် လုပ်ဆောင်ရန်တို့ဖြစ်သည်။ ယင်းကဲ့သို့သော သယ်ရလွယ်သည့် လေယာဉ်ပစ် ဒုံးများ ရရှိမှုက မြန်မာစစ်တပ်၏ တိုက်ခိုက်ရေး လေကြောင်းစွမ်းအားကို လျော့ပါးစေမည် ဖြစ်သလို ရခိုင်နှင့် ကချင်ကဲ့သို့ မဟာဗျူဟာကျ ပြည်နယ်များတွင် မြန်မာစစ်တပ် အဆုံးစွန် အရေးနိမ့်စေရေးအတွက် လမ်းခင်းပေးကောင်းပေးနိုင်သည်။ ယင်းက မြန်မာကို ဖြတ်ပြီး တရုတ်၏ ကုန်းမှ ပင်လယ်သို့ ဝင်လမ်းအပေါ် ပိတ်ဆို့စေရန် အမေရိကန်နှင့် မဟာမိတ်များကို အကူအညီဖြစ်စေရုံတင်မကဘဲ လူနည်းစု ပြည်နယ်များ ပိုမိုကြီးမားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လုပ်ပိုင်ခွင့်များ ရရှိမည့် မြန်မာဖက်ဒရယ်ပြည်ထောင်စုတခု ထူထောင်ခြင်းနှင့် ဒီမိုကရေစီမူလအတိုင်း ပြန်လည်ရရှိရေးအတွက်လည်း လမ်းခင်းပေးနိုင်သည်။ သို့သော် တရုတ်က မြန်မာစစ်တပ်ကို တိုက်ရိုက် စစ်ရေးအထောက်အပံ့ ပေးပြီး ပြတ်ပြတ်သားသား တုံ့ပြန်ပါက ယင်းကဲ့သို့သော အနောက်အုပ်စု၏ လုပ်ဆောင်ချက်များက မြန်မာကို နောက်ထပ် အာဖဂန်နစ္စတန်အဖြစ်သို့ ပြောင်းလဲရောက်ရှိစေကောင်း ရောက်စေနိုင်သည်။
အမေရိကန်နှင့် ယင်း၏ မဟာမိတ်များနှင့် မပူးပေါင်းရန် တရုတ်ခေါင်းဆောင်များက ဟာစီနာကို အချက်ပြထုတ်ဖော်ထားပြီးဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သို့ အမေရိကန်ထိပ်တန်းအရာရှိနှစ်ဦး (ရေတပ်ဗိုလ်ချုပ် အီလင်း လာဘောင်ချာနှင့် ဒေါ်နယ်လူ) တို့ လာရောက်လည်ပတ်ခဲ့သည့် ဇန်နဝါရီလက အာဖရိက ငါးနိုင်ငံခရီးစဉ်အတွက် လမ်းကြောင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်း ဒါကာလေဆိပ်၌ ရုတ်တရက် ခရီးတထောက်ဝင်နားခြင်းကို ကြည့်မည်ဆိုပါက ဘင်္ဂလားဒေ့ရှ်သည် မြန်မာတွင် လမ်းကြောင်းဖော်ဆောင်သွားရန် လုပ်ဆောင်သည့် အနောက်အုပ်စုနှင့် တရုတ်အကြား ပါဝါအားပြိုင်ကစားရာ နယ်ပယ်တခုဖြစ်လာသည်ကို ညွှန်ပြသည်။

၄.အထိမခံသော စီးပွားရေး

ကြီးမားသော အကျပ်အတည်းတခုအတွက် ပိုဆိုးစေသည်က မြန်မာ့စီးပွားရေးသည် ပြိုလဲတော့လုနီးနီးတွင် ရှိနေခြင်းဖြစ်သည်။ သို့သော် စစ်အုပ်စုသည် နိုင်ငံခြားအရန်ငွေများနှင့်ပတ်သက်ပြီး ဒေတာအချက်အလက်များကို ထုတ်ဖော်ရန် လိုလားခြင်း မရှိပေ။ နိုင်ငံသားအားလုံးကို ၎င်းတို့၏ နိုင်ငံခြားသုံးငွေများနှင့် နိုင်ငံရပ်ခြားမှ လက်ခံရရှိသော လွှဲငွေများကို ပြည်တွင်းသုံးကျပ်ငွေသို့ ပြောင်းလဲ လဲလှယ်ရန် ယခုလအတွင်း ဗဟိုဘဏ်က တိုက်တွန်းပြီးနောက် သီရိလင်္ကာပုံစံ စီးပွားရေးပြိုလဲမှု ဖြစ်နိုင်ခြေအလားအလာ ကြီးထွားမှုနှင့်ပတ်သက်ပြီး နိုင်ငံတွင် အထိတ်တလန့်ဖြစ်မှုတို့ ရှိခဲ့သည်။
မြန်မာ၏ နိုင်ငံခြားအရန်ငွေများက သိသိသာသာ တစတစ လျော့ပါးလာသည်ဟု ယုံကြည်ရပြီး ပြည်ပကြွေးမြီတို့ကလည်း မြင့်တက်နေခဲ့သည်။ ၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်းပြီးနောက် အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် COVID ကပ်ရောဂါတို့က နိုင်ငံ၏ စီးပွားရေးအပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်။
သို့သော် နိုင်ငံ၏ အာဏာသိမ်းစစ်အုပ်စုသည် တရုတ်ငွေကြေးထောက်ပံ့‌သော အခြေခံအဆောက်အအုံ စီမံကိန်းများကို တိုး၍ ဆက်လက် လက်ခံပြီး မိုင်းတွင်းများနှင့် အခြားသော အကျိုးအမြတ်ဖြစ်ထွန်းသည့် စီးပွားရေးလုပ်ငန်းများကို လွှဲပြောင်းရယူစေရန် တရုတ်ကုမ္ပဏီများကို ခွင့်ပြုပေးသည်။ ယင်းက သီရိလင်္ကာ သို့မဟုတ် ပါကစ္စတန်ပုံစံ အကျပ်အတည်း ဖြစ်လာခဲ့သည် ရှိသော် ၎င်းတို့ကို တရုတ်က ငွေကြေးအကျပ်အတည်းမှ ကယ်ထုတ်လိမ့်မည် ဆိုသည့် မျှော်လင့်ချက်ဖြင့် ဖြစ်သည်။ အခြားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ နိုင်ငံမှ ထွက်ခွာနေသည်ဆိုရင်တောင်မှ နိုင်ငံတွင် ဆက်ရှိနေသည့် တရုတ်၏ စီးပွားရေးအကျိုးစီးပွားများကို စစ်တပ်ဆန့်ကျင်သော မြန်မာတိုက်ခိုက်ရေးသမားများက တိုးမြင့် ပစ်မှတ်ထားလာသည်။ နိုင်ငံသားအားလုံးကို ၎င်းတို့၏ နိုင်ငံခြားသုံးငွေများနှင့် ပြည်ပမှ ပြန်လွှဲငွေများကို ကျပ်ငွေသို့ ပြောင်းလဲရန် တောင်းဆိုသည့် ၂၀၂၂ ဧပြီလ ဗဟိုဘဏ်၏ ညွှန်ကြားချက်က မြန်မာစစ်အုပ်စုကို ၎င်းတို့ အသည်းအသန်လိုအပ်နေသည့် နိုင်ငံခြားငွေများ သဲ့ယူရရှိစေရန် ထောက်ကူစေခဲ့သလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
၂၀၂၁ ဖေဖေါ်ဝါရီ စစ်တပ်အာဏာမသိမ်းမီ နှစ်လအကြာက မြန်မာ၏ နိုင်ငံခြားအရန်ငွေသည် (၂၀၂၀ ဒီဇင်ဘာလအထိ) ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံအဖြစ် ရှိနေခဲ့သည်။ စစ်အုပ်စုက နိုင်ငံ၏ နိုင်ငံခြားအရန်သုံးငွေနှင့်ပတ်သက်ပြီး လက်ရှိဒေတာအချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသော်လည်း ကိုဗစ် ကပ်ရောဂါ၏ သက်ရောက်မှုနှင့် အနောက်အုပ်စု ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် နိုင်ငံခြားအရန်သုံးငွေတို့သည် သိသိသာသာ တစတစ လျော့ပါးနေခဲ့ပြီဟု နိုင်ငံရှိ ဘဏ်လုပ်ငန်းနှင့် စီးပွားရေး သတင်းရင်းမြစ်များက ပြောသည်။
မြန်မာ၏ ပြည်ပကြွေးမြီသည် လက်ရှိတွင် ဒေါ်လာ ၁၀ ဘီလီယံနှင့် ၁၁ ဘီလီယံအကြား ရှိပြီး နိုင်ငံသည် ကြွေးမြီပြန်ဆပ်ရန် ထိုပမာဏ၏ ထက်ဝက်မျှပင် မရှိတော့ဟု တချို့သော အကဲဖြတ်မှုများက ဖော်ပြသည်။ ယင်းအခြေအနေက နိုင်ငံအတွင်း ရနိုင်သမျှ နိုင်ငံခြားငွေအားလုံးကို ကောက်သင်းကောက် ရယူရန် ထူးဆန်းသည့် ညွှန်ကြားချက်နှင့်ပတ်သက်ပြီး ရှင်းပြသည်။ ထိုလုပ်ဆောင်ချက်က “ဘဏ္ဍာရေး သေကြောင်းကြံမှု” ဟု မြန်မာ့အရေးနာမည်ကျော် အကဲဖြတ်သူ ဘာတေးလ် လင့်တနာက ပြောသည်။
သီရိလင်္ကာနှင့် မဟုတ်သော်လည်း ပါကစ္စတန်ကဲ့သို့ အခြား‌သော မိတ်ဆွေနိုင်ငံများနှင့် ၎င်းတို့လုပ်ဆောင်ထားခဲ့သကဲ့သို့ တရုတ်က ၎င်းတို့ကို ငွေကြေးအကျပ်အတည်းမှ ကယ်ထုတ်ပေးခြင်း မရှိပါက မြန်မာသည် ငွေပေးချေမှု ဆိုင်ရာ ပျက်ကွက်မှုများနှင့် မရှိမဖြစ် လိုအပ်သည့်ပစ္စည်းများ ပြတ်လပ်မှုတို့ဆီ ဦးတည်မည်ဟု မြန်မာ့အခြေအနေဖြစ်စဉ်များကို စောင့်ကြည့်နေသည့် စီးပွားရေးပညာရှင်များက ပြောသည်။
စစ်အုပ်စု၏ ညွှန်ကြားချက်က လျော့နည်းလာသည့် နိုင်ငံခြားအရန်ငွေများကို ကျားကန်ရန်အတွက် ရည်ရွယ်ရုံတင်မကဘဲ နိုင်ငံအတွင်းရှိ အာဏာသိမ်းစစ်အုပ်စုဆန့်ကျင်သော တက်ကြွလှုပ်ရှားသူများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပြည်ပအလှူရှင်များနှင့် ပြည်ပရောက် မြန်မာအစုအဖွဲ့များထံမှ ရန်ပုံငွေများ လက်ခံရရှိခြင်းကို တားဆီးပိတ်ဆို့ရန် ရည်ရွယ်သည်။ နိုင်ငံခြားသုံးငွေများကို ကောက်သင်းကောက်ရယူမည့် ညွှန်ကြားချက်ကို ဗဟိုဘဏ်က ထုတ်ပြန်ပြီး သုံးရက်အတွင်း ဗဟိုဘဏ်အကြီးတန်းအရာရှိတဦး သေနတ်ဖြင့် ပစ်ခတ်ခံရသည်ဖြစ်ရာ ဗဟိုဘဏ်၏ လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး အများပြည်သူ အမျက်ဒေါသတို့က သိသာပေါ်လွင်နေခဲ့သည်။ ၂၀၂၁ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရသည့် ဒေါ်သန်းသန်းဆွေသည် ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် အသက်ရှင်လွတ်မြောက်ခဲ့သည်။ နိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေများကို ပို၍ပို၍ တန်ဖိုး ကျဆင်းနေခဲ့သည့် ကျပ်ငွေသို့ လဲလှယ်စေရန် တရက်တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်က နိုင်ငံခြားငွေ ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားအားလုံးကို စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့သည်။ တရားဝင်ငွေလဲလှယ်မှုနှုန်းထားက တဒေါ်လာလျင် ၁,၈၅၀ ကျပ်ဖြစ်ရာ ယင်းက တဒေါ်လာလျင် ကျပ် ၂,၀၀၀ အထက်သို့ ပုံမှန် တက်နေခဲ့သည့် မှောင်ခိုဈေးကွက်နှုန်းထားအောက် အတော်ပင် လျော့နည်းသည်။ မီးလောင်ရာ လေပင့်ဖြစ်စေခဲ့သည်က မြန်မာကျပ်ငွေ အပ်နှံထားရှိသူများ တပတ်လျင် ၅၀၀,၀၀၀ သို့မဟုတ် ဒေါ်လာ ၂၅၀ အောက်နှင့်ညီမျှသော ပမာဏသာလျင် ထုတ်ယူနိုင်သည် ဆိုပြီး စစ်အုပ်စုက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းက ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေအားလုံးကို ပြည်တွင်းကျပ်ငွေသို့ လဲလှယ်မှုကို ပံ့ပိုးရန် ကျပ်ငွေအလုံအလောက် အမှန်တကယ် ရှိသလား ဆိုသည့် စိတ်ပူစရာ မေးခွန်းတခုကို ထွက်ပေါ်စေသည်။ ယင်အတွက်ကြောင့် မြန်မာများအတွက် ယင်းက နှစ်ခါပြန် ကံဆိုးခြင်း ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘဏ်တွင် ငွေလဲချိန်တွင် တဒေါ်လာအတွက် ပိုမိုလျော့နည်းစွာ ရသည်ဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့် သိသိသာသာ မြင့်တက်နေသည့် ဈေးနှုန်းလိုင်းကို ကိုင်တွယ်ရန် လျော့နည်းသောငွေကြေးဖြင့် ဖြစ်ကျန်ရစ်စေသည်။ ဗမာတိုင်းရင်းသားတို့ ကြီးစိုးသည့် ဧရိယာများတွင် ပေါ်ပြူလာ တော်လှန်မှုများကို နှိမ်နင်းရန် စစ်တပ်က လေကြောင်းစွမ်းအားနှင့် လက်နက်ကြီးများ အသုံးပြုခြင်းအပြင် တိုင်းရင်းသားလူနည်းစုတို့ စိုးမိုးထားသည့် ဧရိယာများတွင် တော်လှန်တိုက်ခိုက်မှုများ ဆက်ရှိနေခြင်းနှင့်အတူ နိုင်ငံ၏ နယ်မြေအများအပြားရှိ ပြည်တွင်းစစ် အခြေအနေများကြောင့် စိုက်ပျိုးရေးထုတ်လုပ်မှုက ကျဆင်းခဲ့သည်။
ပိုမိုဆိုးဝါးလာသည့် စီးပွားရေး အခြေအနေနှင့် လူမဆန်သော စစ်တပ် ဖိနှိပ်မှုတို့နှင့်ပတ်သက်၍ အများပြည်သူ အမျက်ဒေါသတို့က စစ်တပ်အုပ်ချုပ်သူများအပေါ်တွင်သာ တိုး၍ အာရုံစိုက်ရုံတင်မကဘဇဲ တရုတ်ဆန့်ကျင်ရေးအပေါ်တွင်လည်း တိုး၍ အာရုံကျသည်။ တရုတ်သည် အာဏာသိမ်းမြန်မာစစ်ကောင်စီကို ထောက်ခံပံ့ပိုးပေးနေခဲ့သည်။ ဂျပန်ကုမ္ပဏီများကဲ့သို့ အခြားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ နိုင်ငံမှ စတင်ထွက်ခွာနေသော်ငြား စစ်ကောင်စီသည် ၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်းပြီးနောက် ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ တရုတ်စီမံကိန်းသစ် ၁၅ ခုကျော်ကို ခွင့်ပြုချက်ပေးခဲ့သည်။ မြန်မာတွင် လုပ်ငန်းလုပ်ကိုင်နေသည့် ဂျပန်ကုမ္ပဏီ ၁၈၀ အနက် ၂၀ နီးပါးသည် နိုင်ငံမှ ထွက်ခွာသွားပြီးဖြစ်သည်။ နိုင်ငံခြားသုံးငွေအားလုံးကို ကောက်သင်းကောက်ရယူရန် ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ထပ်မံ ခြောက်ချားစေခဲ့သည်။ ယင်းအတွက်ကြောင့် ၂၀၂၂ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဘီလီယံနီးပါး မျှော်လင့်သည် ဆိုပြီး စစ်ကောင်စီ၏ ပြောဆိုချက်များက တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ်တွင် လုံးလုံးလျားလျား မှီခိုနေသည်။
တရုတ်မှလွဲပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်းက ဗဟိုဘဏ်၏ နိုင်ငံခြားငွေများ ကောက်သင်းကောက်မည့် ညွှန်ကြားချက်ကို ပြင်းထန်စွာ ကန့်ကွက်သည်။ ဂျပန်သံရုံးက စစ်ကောင်စီထံ စာတစောင် ပေးပို့ပြီး ယင်းစာထဲတွင် “မြန်မာတွင် လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသည့် ဂျပန်ကုမ္ပဏီများအနေဖြင့် စည်းမျဉ်းသစ်ထုတ်ပြန်ပြီးနောက် ကြီးလေးသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ ယင်းစည်းမျဉ်းသစ်များက နိုင်ငံတွင် ၎င်းတို့၏ လုပ်ငန်းများ ဆက်လုပ်ခြင်းကို အခက်အခဲများဖြစ်စေမည်ဖြစ်သည်။ ယင်းက ဂျပန်သံရုံးနှင့် အခြားသော အစိုးရအဖွဲ့အစည်းများ၏ လုပ်ငန်းအပေါ် ထိခိုက်နစ်နာစေလိမ့်မည်ဖြစ်သည်” ။ စင်္ကာပူသံရုံးကလည်း အပြောင်းအလဲအနည်းအကျဉ်းမျှဖြင့် ယင်းနှင့် ထပ်တူကျလုနီးပါးဖြစ်သော ထုတ်ပြန်ချက်တရပ်ကို ထုတ်ပြန်သည်။ သံရုံးနှစ်ခုစလုံးက မြန်မာ၏ အများဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပံ့ပိုးသူများထဲတွင် ပါဝင်သည့် ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများမှ ကုမ္ပဏီများအတွက် ကင်းလွတ်ခွင့်ရမှုများကို တောင်းဆိုပန်ကြားခဲ့သည်။ ဂျပန်နှင့် စင်္ကာပူသည် မြန်မာတွင် တရုတ်ပြီးလျင် အကြီးဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများဖြစ်ကြသည်။ စီးပွားရေးအစုအဖွဲ့ ဒါဇင်နှင့်ချီအနက် ပြင်သစ်မြန်မာ ကုန်သည်ကြီးများအသင်း၊ AustCham Myanmar ၊ EuroCham Myanmar နှင့် မြန်မာရှိ ဗြိတိန် ကုန်သည်များ အသင်း၊ ဂျာမန်မြန်မာ ကုန်သည်ကြီးများအသင်းတို့က ပူးတွဲထုတ်ပြန်ချက်တရပ်ကို ထုတ်ပြန်ပြီး ယင်းထုတ်ပြန်ချက်အရ နိုင်ငံခြားငွေ စည်းမျဉ်းသစ်က မလိုအပ်ဘဲ မြန်မာပြည်သူတို့၏ လူနေမှုအဆင့်အတန်းများကို နိမ့်ပါးကျဆင်းစေမည်၊ နိုင်ငံခြား စီးပွားရေး လုပ်ဆောင်ချက်များကို ရပ်တန့်စေမည်၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုကို ရပ်ဆိုင်းစေမည်၊ အခြား‌သော နိုင်ငံများနှင့်ကုန်သွယ်ရေး တင်းမာမှုများကို ဖြစ်စေမည် ဖြစ်သည်ဟု ဆိုသည်။ နိုင်ငံခြားငွေကြေးများ အသုံးပြုခြင်းအပေါ် ကန့်သတ်ခြင်းက မြန်မာကို ကမ္ဘာ့ စီးပွားရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်နှင့် အဆက်ပြတ်တောက်စေသည်ဟု ထုတ်ပြန်ချက်တွင် မှတ်ချက်ပြုသည်။”
၂၀၂၂ ဇန်နဝါရီတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ၏ အစီရင်ခံစာတစောင်တွင် မြန်မာသည် စီးပွားရေးပြိုလဲမှု ဖြစ်တော့မည့်ဆဲဆဲဟု ပြောသည်။ နိုင်ငံသည် ၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်းပြီးနောက် အလုပ်အကိုင် ရှစ်ရာခိုင်နှုန်း ကျုံ့ဝင်မှုကို တွေ့ကြုံခံစားခဲ့ရပြီး ယင်းက အလုပ်အကိုင် ၁ ဒသမ ၆ သန်း ဆုံးရှုံးမှုနှင့်ညီကြောင်း ပြောသည်။ နိုင်ငံ၏ ဆောက်လုပ်ရေး၊ အသင့်ချုပ် အထည်အလိပ်လုပ်ငန်းနှင့် ခရီးသွား ကဏ္ဍများက အဆိုးဆုံး အထိနာသည်ဖြစ်ရာ နိုင်ငံခြားအရန်သုံးငွေများတွင် သိသာစွာ လျော့ကျမှုကို ဖြစ်စေသည်။ ယင်းမတိုင်မီ တလ ၂၀၂၁ ဒီဇင်ဘာတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) က ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ရာတွင် ၂၀၂၂ နှစ်စပိုင်းရောက်ချိန်တွင် မြန်မာလူဦးရေ ၅၅ သန်း၏ ထက်ဝက်နီးပါးဖြစ်သည့် လူ ၂၅ သန်းခန့်သည် ဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် နေထိုင်ရလိမ့်မည်ဟု ခန့်မှန်းသည်။ နိုင်ငံ၏ဆင်းရဲနွမ်းပါးသူဦးရေက ၂၀၀၅ နောက်ပိုင်း မမြင်တွေ့ထားရသည့်လယ်ဗယ်များသို့ ပြန်လည်ရောက်ရှိဖွယ် ရှိသည်က လက်ရှိတွင် သေချာသလောက်နီးပါးရှိသည့်ပုံပေါ်ပြီး ယင်းက ကပ်ရောဂါမတိုင်မီ ၁၅ နှစ်တာ စီးပွားရေးတိုးတက်မှုကို ပျောက်ပျက်စေသည်” ။ ၂၀၂၁ စက်တင်ဘာတွင် ကုန်ဆုံးသည့် နှစ်အတွက် နိုင်ငံ၏ စီးပွားရေးသည် ၁၈ ရာခိုင်နှုန်း ကျုံ့ဝင်ခဲ့ပြီး နိုင်ငံခြားငွေများကို ကောက်သင်းကောက်ယူမည့် လုပ်ဆောင်ချက်ကြောင့် လက်ရှိတွင် အဆိုပါ ခန့်မှန်းချက်များအရ အခြအနေက ဆိုးသထက် ဆိုးလာနေသည်။ကုလအနေဖြင့် နိုင်ငံ စီးပွားရေးအပေါ် နောက်ဆုံးညွှန်ကြားချက်၏ သက်ရောက်မှုကို တွက်ချက်သည့်အခါ လက်ရှိ ဘဏ္ဍာနှစ်အတွက် တစ်ရာခိုင်နှုန်း တိုးတက်မှုအတွက် ယင်း၏ ခန့်မှန်းချက်များကို မကြာမီ ပြောင်းပြန်လှန်ကောင်းလှန်နိုင်သည်။ (Zubeda Chowdhury, 2023)
သို့သော် မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် သီရိလင်္ကာပုံစံ အကျပ်အတည်းတခုဖြစ်ခဲ့သည်ရှိသော် ၎င်းတို့ကို အကျပ်အတည်းမှ တရုတ်က ကယ်တင်ပေးလိမ့်မည်ဟု မျှော်လင့်ရင်း စိတ်အနှောင့်အယှက်ဖြစ်ပုံမရဟု ဘာတေးလ် လင့်တနာက ပြောသည်။ (Bertil Linter, 2023) ယင်းအတွက် ဒေါ်လာအသုံးပြုမှုကို ဖယ်ထုတ်လျှော့ချခြင်းဆီသို့ စစ်အုပ်စု၏ ယိမ်းယိုင်တိမ်းညွှတ်ခြင်းက ယွမ်ငွေအခြေပြု ဘဏ္ဍာရေးစနစ်တခုနှင့် ယုတ်စွအဆုံး ပေကျင်းအပေါ် ပိုမို အားကိုးမှုကို ဖြစ်ပေါ်စေကောင်းစေနိုင်သည်။ ယင်းက အတိအကျအားဖြင့် စစ်အုပ်စုကို ဖြုတ်ချရေး တိုက်ပွဲဝင်နေသည့် မြန်မာ့ ဒီမိုကရေစီ လိုလားသော အင်အားစုများကို စိတ်ပျက်လက်ပျက်ဖြစ်စေသည်။ နိုင်ငံအနောက်မြောက်ပိုင်းရှိ တရုတ်ပံ့ပိုးသော မိုင်တွင်း စီမံကိန်းများကို ပိတ်သိမ်းခြင်း မရှိပါက ထိုမိုင်းတွင်းများကို တိုက်ခိုက်မည်ဟု NUG ၏ စစ်ရေးအဖွဲ့ PDF များက ခြိမ်းခြောက်ပြီး ထိုစီမံကိန်းများမှ အကျိုးအမြတ်များက စစ်အုပ်စု၏ အိတ်ကပ်ထဲ ရောက်စေသည်ဟု ပြောသည်။
အဆိုပါ ခြိမ်းခြောက်မှု၏ အဓိကအာရုံက တရုတ်၏ ဝမ်ပေါင် ကုမ္ပဏီ ဖြစ်သည်ဟု ယုံကြည်ရပြီး ယင်းသတ္တုတူးဖော်မှုကုမ္ပဏီသည် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့အနီး အငြင်းပွားဖွယ် လက်ပံတောင်းတောင်၊ စံပယ်တောင်-ကြေးစင်တောင် ကြေးနီမိုင်းတွင်းများကို စီမံခန့်ခွဲရန် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နှင့် ဖက်စပ်လုပ်ငန်းတခု ရှိနေသည်။ အဆိုပါ သတ္တုတူးဖော်မှုလုပ်ငန်းများမှ ဝင်ငွေက အကြီးတန်းမြန်မာစစ်တပ်အရာရှိများနှင့် ခရိုနီများကို အကျိုးဖြစ်စေမည် ဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့ ၁၆ ခု၏ များမကြာမီက ပူးတွဲထုတ်ပြန်ချက်တွင် ပြောသည်။ အဆိုပါ စီမံကိန်းများ ပိတ်သိမ်းခြင်း မရှိပါက ယင်းတို့ကို တိုက်ခိုက်မည်ဟု PDF ပြောရေးဆိုခွင့်ရှိသူတဦးက သတိပေးသည်။ အာဏာသိမ်းပြီးနောက် လများအကြာတွင် တရုတ်စီမံခန့်ခွဲသော စက်ရုံ ၃၀ ကျော်သည် ဆန္ဒပြသူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ယင်းနောက်ပိုင်းတွင် PDF အဖွဲ့က မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းရှိ တရုတ်ငွေကြေးပံ့ပိုး‌သော ဆိပ်ကမ်းနှင့် တရုတ်၏ ယူနန်ပြည်နယ်ကို ချိတ်ဆက်သော ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း၏ Offtake ထိန်းသိမ်းရေးစခန်းတခုကို တိုက်ခိုက်ခဲ့သည်။ ယင်း‌နောက် တရုတ်စီမံခန့်ခွဲသော နီကယ်စက်ရုံတခု တိုက်ခိုက်ခံရသည်။
တရုတ်အကျိုးစီးပွားများအပေါ် လက်နက်ကိုင် တိုက်ခိုက်မှုများကို ဟန့်တားကာကွယ်ရန် အသည်းအသန် ကြိုးပမ်းသည့်အနေဖြင့် မြန်မာရှိ စိုးရိမ်ပူပန်နေသော တရုတ်သံရုံးက NUG ထံ ဆက်သွယ်ရန် ကြိုးပမ်းခဲ့သည်။ လက်ရှိအချိန်အထိ တိတ်တိတ်ပုန်း လက်လှမ်းခြင်းက အလုပ်ဖြစ်ခြင်း မရှိပေ။ မြန်မာရှိ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်သည့် အစုအဖွဲ့အားလုံးက တရုတ်ကို လူမဆန်သော စစ်ဗိုလ်ချုပ်ကြီးများကို ထောက်ကန်အားပေးရာတွင် အဓိက ဗီလိန်အဖြစ် ရှုမြင်သလို လက်ရှိအချိန်အထိ တရားဝင်သေဆုံးမှုအရေအတွက် ၁,၇၀၀ ခန့် ရှိစေခဲ့သည့် ဖြိုခွင်းနှိမ်နင်းမှုအတွက် ပေကျင်းကို တာဝန်ရှိသူအဖြစ် သတ်မှတ်ထားသည်။ (Irrawaddy ,2023)
      
၅. အိန္ဒိယအတွက် ဂယက်ရိုက်ခတ်မှုများ

အမေရိကန်၊ ယင်း၏ အနောက်အုပ်စု မဟာမိတ်များနှင့် တရုတ်တို့က မြန်မာနှင့်ပတ်သက်ပြီး အာဏာအင်အားပြသနေချိန် အိန္ဒိယအတွက်မူ ပဋိပက္ခထဲ ပါဝင်ပတ်သက်ခြင်းမှ ရှောင်ရှားရန်က ခက်ခဲလာသည်။ မြန်မာရှိ ယိုယွင်းဆိုးရွားနေသည့် အခြေအနေက အိန္ဒိယအတွက် ချက်ချင်းလက်ငင်း သက်ရောက်မှု သုံးခု ရှိသည်။
ပထမတခုက ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စင်္ကြံကဲ့သို့ အိန္ဒိယ၏ ချိတ်ဆက်သွယ်မှု စီမံကိန်းများက များမကြာမီ အချိန်တခုခုတွင် ပြီးမြောက်ဖွယ်ရာ မရှိပေ။ အစီအစဉ်တွင် နောက်ကျနေပြီးဖြစ်ခြင်းနှင့်အတူ နိုင်ငံတဝန်း အရှိန်မြင့်နေသည့် ပဋိပက္ခတို့ကြောင့် လက်ရှိတွင် ဒေလီအတွက် ထိုစီမံကိန်းများကို အပြီးသတ်ရန် ဖြစ်နိုင်ခြေ မရှိတော့ဘဲ ဖြစ်စေခဲ့သည်။ မြန်မာတွင် အခြေအနေတို့ တည်ငြိမ်ခြင်း မရှိပါက အိန္ဒိယ၏ အလွန် အမွှမ်းတင်ထားသည့် အရှေ့ဖော်ဆောင် “Act East” မူဝါဒက ထို စီမံကိန်းများမပါဘဲ ရှေ့ဆက်သွားနိုင်မည် မဟုတ်ပေ။ ပြီးခဲ့သည့် ဆယ်စုနှစ်တွင် မြန်မာ၌ ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်သွားခြင်းကြောင့် ယင်းကို အရှေ့တောင်အာရှ၏ ကျန်နိုင်ငံများနှင့် ပေါင်းကူးမည့် မြေအဖြစ် အသုံးပြုရန် အိန္ဒိယအတွက် မျှော်လင့်ချက်များ မြင့်တက်စေခဲ့သော်လည်း ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု အကြီးအကျယ် ပျက်ပြားမှုတို့က ထိုမျှော်လင့်ချက်ကို ပျက်စီးစေခဲ့သည်။ မြန်မာနိုင်ငံ ငြိမ်းချမ်းမှု မရှိပါက အရှေ့မြောက်မှတဆင့် “Act East” ဖော်ဆောင်မှုက မည်သည့်အခါမှ ဖြစ်နိုင်မည် မဟုတ်ပေ။
ဒုတိယတခုက အရှိန်မြင့်တက်နေသည့် ဒုက္ခသည်ပြဿနာက အိန္ဒိယအရှေ့မြောက်ပြည်နယ်များအပေါ် ထိခိုက်စေသည့် သက်ရောက်မှု ရှိစေလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ အကန့်အသတ်ရှိ ရင်းမြစ်များအပေါ် ကုန်ခန်းစေသည်။ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်မှုများလုပ်ဆောင်ရန် သို့မဟုတ် လက်နက်များ ဝယ်ယူရန် အိန္ဒိယပြည်နယ်များကို အသုံးပြုရန် ကြိုးပမ်းလိမ့်မည် ဖြစ်သည့်အတွက် ယင်းက နှစ်နိုင်ငံဆက်ဆံရေးကို ခက်ခဲရှုပ်ထွေးစေမည်ဖြစ်သည်။ မီဇိုရမ်နှင့် မဏိပူရ်ရှိ ဒေသခံများက ဒုက္ခသည်များကို ထောက်ကူပံ့ပိုးလေ့ ရှိနိုင်သော်လည်း ဗဟိုအစိုးရက မြန်မာစစ်အုပ်စုကို စိတ်မချမ်းသာဖြစ်စေရန် ဆန္ဒမရှိပေ။ အကြောင်းမှာ ယင်းအခြေအနေကြောင့် တရုတ်ဘက်သို့ ထပ်မံတိမ်းညွတ်သွားမည်ကို စိုးရိမ်ပူပန်ခြင်းကြောင့် ဖြစ်သည်။ ယင်းက ဗဟိုအစိုးရနှင့် အရှေ့မြောက်ပြည်နယ်များအကြား သဘောကွဲလွဲမှုကို ဖြစ်စေနိုင်သည်။
တတိယတခုက နိုင်ငံတကာ ဖိအားပိုများလာခြင်း၊ စီးပွားရေး ပြိုလဲမှုနှင့် တော်လှန်တိုက်ခိုက်မှုများ တိုးပွားလာခြင်းတို့အောက်တွင် မြန်မာစစ်အုပ်စု အားနည်းလာခြင်းနှင့်အတူ ယင်းအခြေအနေက စစ်အုပ်စုကို အခိုင်အမာ ထောက်ကူပေးနေသည့် တရုတ်နှင့် ပိုမို နီးစပ်သွားစေလိမ့်မည် ဖြစ်သည်။ မြန်မာစစ်အုပ်စုသည် ၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်းပြီးနောက် တရုတ်ငွေကြေးပံ့ပိုးသော အကြီးစား အခြေခံဆောက်အအုံ စီမံကိန်း ၁၅ ခုကို ခွင့်ပြုပေးထားပြီးဖြစ်ပြီး ယင်းက နိုင်ငံကို ကြီးမားသည့် တရုတ်ကြွေးမြီထောင်ချောက်တခုအောက် ရောက်ရှိစေရန် ဆွဲသွင်းနေသည်။ မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် လက်ရှိတွင် ကုလနှင့် အခြားသော ကမ္ဘာလုံးဆိုင်ရာ ဖိုရမ်များတွင် ယင်း၏နောက်ကျော အကာအကွယ်ယူရန် တရုတ်၏ ထောက်ခံမှုအပေါ် လုံးလုံးလျားလျား မှီခိုနေသည်။ မြန်မာ၏ စီးပွားရေးနှင့် ကာကွယ်ရေး ကဏ္ဍများတွင် တရုတ်က အခိုင်အမာ နေရာယူအမြစ်တွယ်လာခြင်းနှင့်အတူ အိန္ဒိယအနေဖြင့် ယင်း၏ အထိအခိုက်မခံသော အရှေ့မြောက်ဒေသအတွက် လုံခြုံရေးဂယက်ရိုက်ခတ်မှုများ ကြီးထွားလာမည့်ကို စိုးရိမ်ပူပန်လာရသည်။
ကုလနှင့် ပုပ်ရဟန်းမင်းကြီးတို့နှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဒစ်ပလိုမေစီတွင် ပိုမိုကြီးမားသည့် အခန်း ကဏ္ဍမှ ပါဝင်ရေး မက္ကဆီကို သမ္မတ အန်ဒရေ မန်နျူရယ် လိုပက်ဇ် အော်ဘရာဒေါက မကြာသေးခင်က အိန္ဒိယကို တိုက်တွန်းသည်။ ဒေလီအနေဖြင့် ယင်းကို ကြိုးပမ်းကြည့်နိုင်သည့် နယ်ပယ်တခု ရှိသည်ဆိုပါက ယင်းက မြန်မာပင်ဖြစ်သည်။ လက်ရှိအချိန်အထိ အိန္ဒိယသည် ဘုံသဘောတူညီချက် ငါးရပ်ကို ထောက်ခံရင်း အာဆီယံ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ထောက်ခံထားသလို စောင့်ဆိုင်းကြည့်ရှုသည့် ချဉ်းကပ်နည်းကိုသာ ကိုင်ဆွဲထားသည်။ ယင်းက လက်ရှိအချိန်အထိ များစွာ ဘဝင်ကျအောင် မစွမ်းဆောင်နိုင်သည့်အတွက် အိန္ဒိယအနေဖြင့် သက်ဆိုင်သူအားလုံး ပါဝင်သည့် ပြည့်စုံကျယ်ပြန့်သော ဆွေးနွေးမှုတရပ် စတင်နိုင်ရေး အလားအလာများကို ရှာဖွေဖော်ထုတ်ရန် မြန်မာတွင် ဂန္ဒီ ငြိမ်းချမ်းရေး မစ်ရှင်တရပ်ကို စမ်းသပ်ကြည့်နိုင်သည်။ လက်ရှိအချိန်အထိ ဒေလီရှိ အများသဘောဆန္ဒက မြန်မာပဋိပက္ခထဲ ပတ်သက်ပါဝင်ခြင်းမှ ရှောင်ရှားရန်နှင့် ပြိုင်ဘက် သက်ဆိုင်သူများအကြား ပြေလည်မှုရရေး ညှိနှိုင်းဖျန်ဖြေရန် တာဝန်ကို အာဆီယံလက်ထဲတွင်သာ ထားရှိရေး ဖြစ်သည်။ သို့သော် မြန်မာစစ်အုပ်စုသည် ပင်လုံ ၂ အမျိုးအစား ပြည့်စုံကျယ်ပြန့်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုဆီ ပြန်သွားရန် စိတ်အားထက်သန်ခြင်း မရှိဘဲ အပြီးသတ်ရန် တိုက်ပွဲအတွက် အသင့်ပြင်ထားသည့်ပုံပေါ်သည်။ သွေးချောင်းစီး သတ်ပွဲနှင့်အတူ အခြေအနေက ပိုဆိုးလာနိုင်ရုံသာ ရှိတော့သည်။ သိသာထင်ရှားသည်က မြန်မာသည် ပါကစ္စတန်ကဲ့သို့ ကျရှုံးနိုင်ငံတခု ဖြစ်ရုံတင်မကဘဲ ပြုတ်လုတဲကာမျှ အခြေအနေနှင့် နီးကပ်လာသည့်ပုံရသည်။ တခုတည်းသော သင့်တင့်လျောက်ပတ်သည့် ဖြေရှင်းနည်းက ဒီမိုကရေစီဆီ ပြန်သွားရေး တွန်းအားပေးရုံမျှတင်မဟုတ်ဘဲ မြန်မာအတွက် အလုပ်ဖြစ်သော ဖက်ဒရေးရှင်းတခုကို ဖော်ထုတ်ရန်ဖြစ်သည်။ သို့‌သော် လောလောဆယ်တွင် ကြည့်ရသည်က ယင်းက အပြောလွယ် အလုပ်ခက်ဖြစ်နေသည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဆီယံအတွက် မြန်မာကို တစစီ ပြိုကွဲစေခွင့်မပြုရန်နှင့် တရုတ်နှင့် အနောက်အုပ်စုအကြား အင်အားပါဝါ ကစားပွဲအတွက် ကစားကွင်းတခု ဖြစ်လာစေခွင့်မပြုရန် ရှောင်ရှားနိုင်ရေးအတွက် တိကျပြတ်သားစွာ လုပ်ဆောင်ရန် အရေးကြီးသည်။ (Times of India, 2023)

၆.အိန္ဒိယအတွက် ရွေးစရာနည်းလမ်းများ

အိန္ဒိယအတွက် မြန်မာနှင့်ပတ်သက်ပြီး ယင်း၏ မဟာဗျူဟာအရ အရေးတယူလုပ်ဆောင်ရန် ပျက်ကွက်မှုကို လက်လျော့စွန့်လွှတ်ရမည့် အချိန်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယင်းက တတ်နိုင်စွမ်း မရှိနိုင်တော့၍ ဖြစ်ပြီး အများအပြားသည် ချိန်ခွင်လျှာပေါ်တွင် ရှိနေသည်။ အကယ်၍ ဒေလီအနေဖြင့် ရုရှား၊ ယူကရိန်းနှင့် အနောက်အုပ်စု အင်အားကြီးနိုင်ငံများနှင့် ယင်း၏ ဆက်သွယ်ချိတ်ဆက်မှုကို အသုံးချခြင်းအားဖြင့် ယူကရိန်းအကျပ်အတည်းတွင် ငြိမ်းချမ်းရေး တမန် အခန်း ကဏ္ဍတရပ်မှ ပါဝင်ရန်ဆန္ဒပြင်းပြပါက ယခုအချိန်သည် မြန်မာတွင် အလားတူ ကြိုးပမ်းမှုတခုကို စတင်ရမည့်အချိန်ဖြစ်သည်။ “ဒါက စစ်ပွဲခေတ် မဟုတ်ပါဘူး” ဟု ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက ၂၀၂၂ SCO ညီလာခံ၏ ဘေးပန်းပြင်ပတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို သတိပေးခဲ့သည်။ ၎င်း၏ အစိုးရအနေဖြင့် ဝန်ကြီးချုပ်ရုံးတွင် အမျိုးသားလုံခြုံရေးကောင်စီ (NSC) နှင့် ပြည်ပရေးရာဝန်ကြီးဌာန (MEA) တို့ ထောက်ခံသည့် ဂန္ဒီ ငြိမ်းချမ်းရေး မစ်ရှင်တခုကို အတည်တကျ ဖွဲ့စည်းသော ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပလက်ဖောင်းတခုအဖြစ် ထူထောင်ဖွဲ့စည်းခြင်းကို စဉ်းစားကောင်း စဉ်းစားနိုင်သည်။ မစ်ရှင်အနေဖြင့် ကိုယ်စားလှယ်အဖွဲ့တခု စေလွှတ်ခြင်းအားဖြင့် မြန်မာကို ကမ်းလင့်ထောက်ကူခြင်းဖြင့် စတင်ကောင်း စတင်နိုင်သည်။ ကိုယ်စားလှယ်အဖွဲ့တွင် မဏိပူရီ နိုင်ငံရေးသမား ပြည်ပရေးရာဝန်ကြီးဌာန ဒုဝန်ကြီး အာရ် ကေ ရန်ဂျန် ဆင်းဂ်၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူ ဇိုရမ်သန်ငါ၊ နိုင်ငံတကာ ဗုဒ္ဓဘာသာ အဖွဲ့အစည်း ညွှန်ကြားရေးမှူးချုပ် အဘက်ဟီဂျစ် ဟယ်လ်ဒါ၊ ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး ဗစ်ခရမ် မစ်စရီ (မြန်မာဆိုင်ရာသံအမတ်ဟောင်း) နှင့် ဗုဒ္ဓဂါယာနှင့် အိန္ဒိယရှိ အခြားသော ဗုဒ္ဓဘာသာနေရာများတွင် မကြာခဏအခြေပြုသည့် ထင်ရှားသော ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ခေါင်းဆောင် နှစ်ဦးထက်မနည်း တို့ ပါဝင်ကောင်း ပါဝင်နိုင်သည်။ ဆင်းဂ်နှင့် ဇိုရမ်သန်ငါ တို့သည် မြန်မာနှင့်ပတ်သက်ပြီး အများအပြား သိရှိနားလည်သလို ဟယ်လ်ဒါသည် ဗုဒ္ဓဘာသာ နိုင်ငံများနှင့်ပတ်သက်ပြီး သိရှိကျွမ်းကျင်မှု ရှိသည့် ဝါရင့်ထောက်လှမ်းရေးအရာရှိတဦးဖြစ်သည်။ မစ်စရီသည် မြန်မာရော၊ တရုတ်နိုင်ငံရောနှင့်ပတ်သက်ပြီး သိရှိပြီး ထိုနိုင်ငံများတွင် သံအမတ်အဖြစ် အဆက်ဆက် ထမ်းဆောင်ပြီးမှ အနားယူပြီး ဒုတိယ NSA အဖြစ် တာဝန်ယူနေခြင်းဖြစ်သည်။ အရှင် ချာလင်ဒါ ဘန်တီ (အာသံဇာတိဖြစ်ပြီး ဗုဒ္ဓဂါယာရှိ မဟာဗောဓိ ဘုရားကျောင်း၏ ဦးဆောင်သံဃာတပါးဖြစ်) နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုပေါင်းစုံ ပရောဂျက်တခုကို ဦးဆောင်သည့် အထင်ကရ ဗီယက်နမ် ဗုဒ္ဓဘာသာ သံဃာတပါးဖြစ်သလို အထူးသဖြင့် ဗုဒ္ဓဘာသာကမ္ဘာတွင် ထင်ပေါ်သည့် အရှင် တေးဟူယန် ဒိုင်ယူ (ဒေါက်တာ လမ်အဖြစ် လူသိများ) တို့ဖြစ်သည့် ဗုဒ္ဓဘာသာ ဘာသာရေးပုဂ္ဂိုလ်ကျော်နှစ်ဦးထက်မနည်း ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သင့်သည်။
အရှင် ချာလင်ဒါ ဘန်တီ၏ ပါဝင်မှုက ပိုမို အမှတ်သင်္ကေတဖြစ်မည် ဆိုသော်လည်း ဒေါက်တာလမ်သည် လက်ရှိနီပေါဝန်ကြီးချုပ် ပွတ်ရှ်ပ် ကူးမား ဒါဟဲလ် ဦးဆောင်သည့် မော်ဝါဒီများ နိုင်ငံရေးလမ်းကြောင်းထဲ ပြန်လာမှုကို ရောက်ရှိစေခဲ့သည့် နီပေါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ၎င်း၏ ဦးဆောင်အခန်းကဏ္ဍအတွင်း ပြသထားသည့် များပြားသည့် ညှိနှိုင်းဆွေးနွေးမှု ကျွမ်းကျင်မှုများ ရှိသည်။
ကျွန်ုပ်၏ ကိုးလ်ကတ္တားနေအိမ်၌ ဧပြီ ၂၄ ရက်က ကျွန်ုပ်နှင့် အသေးစိတ် ဆွေးနွေးပြောဆိုရာတွင် ဒေါက်တာ လမ်က မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် သူ၏ လမ်းပြမြေပုံကို နားရှင်းအောင် ပြောခဲ့ပြီး ယင်းတွင် ၎င်း၏ အဆိုအရ မြန်မာတွင် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်အေးချမ်းမှုတို့ ပြန်လည်ရရှိစေရေး ကြိုးပမ်းမည့် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာရေးပုဂ္ဂိုလ်ကျော်များနှင့် ထောက်ကူမှုနှင့်အတူ ခိုင်မာတက်ကြွသည့် အိန္ဒိယ၏ အခန်း ကဏ္ဍတရပ်ကို ၎င်းက အခိုင်အမာ ပြောသည်။ (Liam 2023)
ဒေါက်တာ လမ် မျှော်မှန်းသည့် လမ်းပြမြေပုံတွင် အဓိက ဗမာ (မြန်မာ) ဗုဒ္ဓသံဃာတော်များ (စစ်တပ်ရော၊ အခြားသော သက်ဆိုင်သူများနှင့် အစိုးရမဟုတ်သော အဖွဲ့များရောကပါ ကြည်ညိုသည့်) ပါဝင်ခြင်းကဲ့သို့ အားကောင်းသည့် ဘာသာရေးအင်အားစုများနှင့် ဗုဒ္ဓဘာသာ၏ ခွင့်လွှတ်သည်းခံမှုပုံစံတခုဖြင့် ကျယ်ပြန့်သော ပြန်လည်ရင်ကြားစေ့မှု လုပ်ဆောင်ချက်များနှင့် ဘာသာရေးဝတ်ပြုပွဲများဖြင့် စတင်ခြင်းတို့ ပါဝင်သည်။ ယင်းက တပ်မတော်အတွက် လက်တုံ့ပြန်ခံရမည့်အပေါ် စိုးရိမ်ပူပန်ရန် မလိုဘဲ သိက္ခာရှိစွာ ထွက်ခွာမှုကို သိသာထင်ရှားစွာ ပံ့ပိုးပေးမည် ဖြစ်သလို တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားလူမျိုးစုများ၏ ပြင်းပြသော ဆန္ဒများကို ကျေနပ်စေနိုင်မည့် အစစ်အမှန် ဖက်ဒရေးရှင်းတခုဆီ ဦးတည်သော ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြောင်းလဲမှုနှင့်အတူ ဒီမိုကရေစီလမ်းကြောင်းဆီ မူလအတိုင်း ပြန်လည်ရောက်ရှိစေရန် လမ်းဖွင့်ပေးမည် ဖြစ်သည်။
ဒေါက်တာ လမ်က အဓိကကျသည့် အိန္ဒိယ အခန်း ကဏ္ဍတခုကို အခိုင်အမာ ဆိုသလို ယင်းလုပ်ငန်းစဉ်ကို အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ အဂျစ် ဒိုဗယ်လ်နှင့် ပြည်ပရေးရာဝန်ကြီး အက်စ် ဂျိုင်ရှန်ကာတို့က ကြီးကြပ်သင့်သည်ဟု ပြောဆိုသည်။ နှစ်ဦးစလုံးသည် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းကိစ္စရပ်များနှင့်ပတ်သက်ပြီး အဓိပ္ပါယ်ရှိသည့် တက်ကြွသော ရပ်တည်ချက်အတွက် လူသိများသည်။ ဝန်ကြီးချုပ် မိုဒီအနေဖြင့် ယခု ခေတ်သစ် အိန္ဒိယ ငြိမ်းချမ်းရေး ဒစ်ပလိုမေစီ၏ မျက်နှာနှင့် လှုပ်ရှားသော ဦးစီးပုဂ္ဂိုလ် ဖြစ်သင့်သည်ဟု ၎င်းက ပြောသည်။ (Apnews, 2023)
တဖက်တွင် ဆော်ဒီ အာရေးဗျနှင့် အီရန်အကြား၊ အခြားတဖက်တွင် အစ္စရေးနှင့် ပါလက်စတိုင်းအကြား ကြားဝင်ဖျန်ဖြေရန် လုပ်ဆောင်ခြင်းအားဖြင့် အရှေ့အလယ်ပိုင်းကဲ့သို့ အလွန်အရေးပါသည့် ပဋိပက္ခ ဖိစီးခံ ဒေသများတွင် ဩဇာကြီးထွားစေရေး လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားကြောင်းကို တရုတ်က ပြသထားပြီးဖြစ်သည်။ အိန္ဒိယအနေဖြင့် တရုတ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်းကြောင်း ပြသထားသည့် အာရှနှင့် အခြားနေရာများတွင် သံတမန်ရေးအရ ခြေသာစေရန် ဆန္ဒမရှိဘူးဆိုပါက ယင်းအနေဖြင့် ယူကရိန်း-ရုရှား ပဋိပက္ခနှင့် မြန်မာကဲ့သို့ နိုင်ငံများတွင် အလားတူ ငြိမ်းချမ်းရေးဖော်ဆောင်သူအခန်း ကဏ္ဍကနေ ပါဝင်ရန် လိုအပ်သည်။ ယူကရိန်း-ရုရှား ပဋိပက္ခနှင့် မြန်မာကဲ့သို့ နိုင်ငံများတွင် တရုတ်သည် သက်ဆိုင်ပတ်သက်သူတဖွဲ့ (မြန်မာတွင် စစ်တပ်ကို၊ ယူကရိန်းပဋိပက္ခတွင် ရုရှားကို) ကို အခိုင်အမာ ထောက်ခံပံ့ပိုးပေးနေပြီး ယင်းအတွက်ကြောင့် ငြိမ်းချမ်းရေး ဒစ်ပလိုမေစီအတွက် လိုအပ်သည့် အများယုံကြည်လက်ခံနိုင်မှု ကင်းမဲ့နေသည်ဟု ရှုမြင်ရသည်။

(ကိုလူအေး ဘာသာပြန်သည်)