မော်လမြိုင်လေဆိပ် တိုက်ခိုက်ခံရပြီးနောက် မြို့အဝင်အထွက်လမ်းများကို စစ်ဆေးရေးတင်းကြပ်

သံလွင်တံတား (မော်လမြိုင်) ထိပ်၌ စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို စစ်ဆေးနေပုံ (ပုံဟောင်းဖြစ်ပါသည်)

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင်မြို့သို့ ဝင်ရောက်နိုင်သည့် အဝင်အထွက်လမ်းများတွင် စစ်ကောင်စီက အစစ်အဆေးများ တင်းကြပ်နေကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ တရက်တည်းတွင် မော်လမြိုင်လေဆိပ်နှင့် မင်းရွာရှိ တိုင်းရင်းသားယဉ်ကျေးမှုစင်တာဝင်းတို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက တင်းကြပ်စစ်ဆေးမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

မော်လမြိုင်လေဆိပ်နှင့် မင်းရွာရှိ တိုင်းရင်းသားယဉ်ကျေးမှုစင်တာဝင်း တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

လက်ရှိမှာ မော်လမြိုင်မြို့အတွင်းသို့ တော်လှန်ရေးနှင့် သက်ဆိုင်သည့် လူ၊ ပစ္စည်းများ ပါလာခြင်းရှိ၊ မရှိကို စစ်ကောင်စီက တင်းတင်းကြပ်ကြပ် စစ်ဆေးလာခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့ခံတဦးက ပြောသည်။

” မုတ္တမဘက်က သံလွင်တံတားဂိတ်၊ အတ္တရံ၊ ဇာသပြင်၊ မုဒုံဘက်ကို ထွက်တဲ့ ဘက်က စစ်တပ်တွေ အများကြီးရှိတယ်လေ၊ ရွှေနတ်တောင်၊ အဲ့မှာလည်း စစ်တယ်။ ချောင်းဆုံတံတားဘက်လည်း စစ်တယ်။ အဓိကက တော်လှန်ရေးသမားတွေ ပါမပါ စစ်တာပေါ့။ အစစ်ခံရတာလည်း လူငယ်တွေနဲ့ လူလတ်ပိုင်းတွေ များတယ်။ အရင်က မစစ်ဘူး၊ ဂိတ်တွေမှာ သူတို့ရှိပေမယ့် ဒီတိုင်း ဖြတ်သွားလို့ရတယ် မစစ်ဘူး” ဟု မော်လမြိုင်မြို့ခံက မဇ္ဈိမကိုပြောသည်။

မုတ္တမမြို့ဘက်မှ အဝင် သံလွင်တံတား (မော်လမြိုင်)ထိပ်ရှိ စစ်ဆေးရေးဂိတ်၊ ဘားအံမြို့ဘက်မှ အဝင် အတ္ထရံတံတားဂိတ်၊ ဇာသပြင်တံတားဂိတ်၊ မုဒုံမြို့ဘက်မှ အဝင် ရွှေနတ်တောင်တဝိုက်နှင့် သံလွင့်တံတား(ချောင်းဆုံ) ဂိတ် တို့တွင် လူငယ်များပါသည့် ကားများအား အဓိကထား စစ်ဆေးနေခြင်းဖြစ်သည်ဟု သိရသည်။

မြို့အဝင် လမ်းများအပြင် မော်လမြိုင်မြို့တွင်း တောင်ပေါ်တန်းထိပ်၊ ဈေးချိုအဝိုင်း၊ မော်လမြိုင်လေဆိပ်အနီး၊ တောင်ဝိုင်း စသည့် နေရာများတွင်လည်း စစ်ကောင်စီက နံနက်ပိုင်းနှင့် ညပိုင်းများတွင် ဆိုင်ကယ်များကို အဓိကထား စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရသည်။

“စစ်တယ် ဆိုင်ကယ်တွေဆို ပိုစစ်တယ်။ ယောကျ်ားလေးနှစ်ယောက်စီးတာဆိုရင် ဆိုင်ကယ်နောက်အဖုံးပါ ဖွင့်စစ်တယ်။ မှတ်ပုံတင်က အခု အပြင်သွားတိုင်း ယူသွားနေရတယ်။ မှတ်ပုံတင် ပြပြန်ရင်လည်း ရစ်တဲ့ကောင်ဆို စမက်ကဒ်ကို မေးတယ်။ တော်တော် ကြပ်နေတာ” ဟု မော်လမြိုင်မြို့ခံ လူငယ်တဦးက ပြောသည်။

လမ်းသွားလမ်းလာများကိုသာမက မော်လမြိုင်မြို့ပေါ်ရှိ အမျိုးသမီး၊ အမျိုးသား၊ အိမ်ထောင်သည် အဆောင်များ၊ တိုက်ခန်းများ၊ တည်းခိုခန်းများကိုလည်း စစ်ကောင်စီက မကြာခဏ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။

” အိမ်က မောင်လေး လမိုင်းက လာလည်တာကို ဧည့်စာရင်းတိုင်ရမယ်တဲ့၊ ရိုးရိုး ဧည့်စာရင်း တိုင်ရတာ မဟုတ်ဘူး၊ ပိုက်ဆံ ၃,၀၀၀ ပေးရသေးတယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို” ဟု မော်လမြိုင်၊ မြိုင်သာယာရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း မော်လမြိုင်မြို့ရှိ စစ်ကောင်စီ၏အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပစဉ် ဒရုန်းဖြင့် ဗုံးကြဲခံခဲ့ရပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ရာထူးအကြီးပိုင်းအပါအဝင် စစ်ကောင်စီတပ်သားအချို့ ဒဏ်ရာရခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ် အပြီးတွင်လည်း မော်လမြိုင်မြို့ အဝင်အထွက်နှင့် မြို့တွင်း လမ်းဆုံများတွင် စစ်ကောင်စီက အစစ်အဆေး တင်းကြပ်မှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်