စစ်ကောင်စီတပ်ကပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နတ်သံကွင်းဈေး မီးလောင်

YT

(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ဖြူးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျရောက် ပေါက်ကွဲ၍ နတ်သံကွင်းမြို့မဈေး မီးလောင်ပျက်စီးခဲ့ကြောင်း မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံ များထံက သိရသည်။

“နတ်သံကွင်းဈေး စကစရဲ့လက်နက်ကြီးကျလို့ မီးလောင်နေတယ်။ အခုထိ လောင်နေဆဲပဲလို့ သတင်းရ ထားပါတယ်”ဟု ပဲခူးတိုင်း ရှေ့တန်းစစ်မြေပြင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မဇ္ဈိမကိုပြောသည်။

ဇန်နဝါရီလ ၇ ရက် ယနေ့ မွန်းလွဲ ၁ နာရီကျော်က ဖြူးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် နတ်သံကွင်းဈေးမီးလောင်ရခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“နတ်သံကွင်းဈေး မီးလောင်တာက ဖြူးကပစ်တဲ့ ၁၅၅ မမ နှစ်ဆင့် ဟောင်ဝစ်ဇာကြောင့်ပါ။ ဟိုးအရင်က တိုက်ပွဲဖြစ်ကတည်းက သံဈေး(နတ်သံကွင်းဈေး)ထဲ ဈေးမရောင်းကြတော့ဘူး၊ လမ်းဘေးမှာပဲရောင်းကြ တာ။ ဈေးထဲမှာတော့ ပစ္စည်းတွေရှိမယ့်ပုံ မပေါ်ဘူး” ဟု ဒေသခံတဦးက ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နတ်သံကွင်းဈေးအပြင် မြို့တွင်းတနေ ရာ၌လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲကာ ညနေ ၃ နာရီမှ ၅ နာရီဝန်းကျင်အထိ မီးလောင်ကျွမ်း ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

နတ်သံကွင်းမြို့မဈေးနှင့် မြို့တွင်းတနေရာ၌ လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ မီးလောင်ပျက်စီးမှု အခြေအနေများအား မဇ္ဈိမအနေဖြင့် အသေးစိတ် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

လက်ရှိတွင် နတ်သံကွင်းမြို့အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားသော်လည်း မြို့ အတွင်း၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသာမက စစ်ကောင်စီတပ်သားများပါရှိနေပြီး နေ့စဉ်နီးပါး ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံတဦး၏ ပြောဆိုချက်အရ သိရသည်။

နတ်သံကွင်း မြို့သိမ်းတိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှစ၍ မြို့တွင်း၊ မြို့ပြင် နေရာအနှံ၌ နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားနေကာ ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ကူများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ