ဖားကန့်တွင် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်

ဖားကန့်တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့စစ်ရှောင်တွေကို တွေ့ရစဉ်

အဂမ်

(မဇ္ဈိမ) ။ ။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စခန်းသိမ်းတိုက်ပွဲအဖြစ် ကချင်ပြည်နယ်၊ ဖားကန့်မြို့က စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်နေပြီး လေးရက်မြောက်ဖြစ်သော ဇန်နဝါရီလ ၉ ရက်နေ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။

ဇန်နဝါရီ ၆ ရက်နေ့ စတင်ကာ KIA ဦးဆောင်သော ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့က ဖားကန့်ဒေသ ဝှေခနှင့် နမ်တိန်တပ်စခန်းကို တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။

“တိုက်ပွဲက ဖြစ်နေကြတုန်းပဲ၊ ဒီဘက် နမ်တိန့်တပ်စခန်းကို KIA က မရရအောင်တိုက်ဖို့ရှိနေတယ်၊ ခုက KIA က ရွာကို ဝန်းရံထားတဲ့အနေအထားမှာရှိတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်ထွက်လို့မရဘဲ သူတို့ရဲ့စခန်း ကတုန်ကျင်းတွေထဲကနေပဲ ပြန်ပစ်ခတ်နေတာဟုတ်တယ်၊ ကျနော်တို့လည်း အသေးစိတ်တော့ ပြောမပြတက်သေးဘူး” ဟု ဖားကန့်ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိမှာ KIA နှင့် ပူးပေါင်းတပ်ဖွဲ့သည် စစ်ကောင်စီတပ်စခန်းတည်ရှိသော ဝှေခနှင့် နမ်တိန်ကျေးရွာ တခုလုံးကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေကြသည်။

ယခုလို တိုက်ပွဲဆက်လက် ဖြစ်ပွားနေခြင်းကြောင့် နမ်တိန့်ဒေသခံ ၈၀ ဝန်းကျင်ခန့် ဇန်နဝါရီလ ၆ ရက်နေ့ကတည်းက နမ်တိန်ကျေးရွာအထက်မှာရှိသော ၆ မိုင် (ဒေသအခေါ်) နေရာမှာ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ထို့အပြင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ဝှေခါဒေသခံများသည်လည်း နီးစပ်ရာ ဘုန်းကြီးကျောင်းများ၊ ဘာသာရေးကျောင်းများတွင် တိမ်းရှောင်ခိုလှုံနေကြသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် ဖားကန့် – မြစ်ကြီးနားလမ်းပိုင်းကို ခေတ္တပိတ်ထားကြောင်းနှင့် မြစ်ကြီးနားဘက်သို့ ဆင်းမည့်ကားများလည် ဖားကန့်မြို့ထဲဘက်သို့ နောက်ပြန်လှည့်ခဲ့ရကြောင်း မြစ်ကြီးနား – ဖားကန့် အဝေးပြေးယာဉ်မောင်းများက ပြောသည်။

စာတည်း။ ။ နောင်နောင်