မြိုင်မြို့အထွက် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ရဲတပ်သား ၂ ဦး သေဆုံး

MTO

(မဇ္ဈိမ) ။ ။မကွေးတိုင်း ၊ မြိုင်မြို့အထွက်ရှိ စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ များက ပူးပေါင်းတိုက်ခိုက်ရာ ရဲတပ်သားနှစ်ဦးသေဆုံးသွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ယနေ့ ဇန်နဝါရီလ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

မြိုင်မြို့မှ မန္တလေးမြို့ဖက်သို့အထွက် စစ်ဆေးရေးဂိတ်ကို အနီးကပ်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင် (ပကဖ)မှ ဗိုလ် Cross က ပြောသည်။

“ ၄၂ မီတာ အကွာလောက်ထိ ဝင်ကပ်ပြီး ပစ်ခတ်ခဲ့တာ၊ မျက်မြင် နှစ်ဦးသေတယ် “ ဟု ၎င်းကပြောသည်။

နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ နီးပါးကြာမြင့်ခဲ့ပြီး မြိုင်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကူထွက်လာသည့်အတွက် ပြန်လည်ဆုတ်ခွာလာခြင်းဖြစ်ကြောင်း ဗိုလ် Cross က ဆိုသည်။

“မြို့ထဲကနေ ကားနဲ့ တပ်ကူထွက်လာတယ်ဆိုလို့ ကျနော်တို့ ပြန်ဆုတ်လာတာ ကျနော်တို့ဖက်မှာ အထိအခိုက်မရှိခဲ့ဘူး” ဟု ၎င်းကပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့သည့် အဆိုပါစစ်ဆေးရေးဂိတ်သည် စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများ ပူးပေါင်းအထိုင်ချထားသည့် ဂိတ်တခုဖြစ်ပြီး အင်အား ၁၀ ဦး ရှိကြောင်း ဗိုလ် Crossက ဆိုသည်။

ယခုတိုက်ခိုက်မှုကို ဗိုလ်မြွေဆိုးတပ်ဖွဲ့ ၊ မြိုင် ပကဖ တပ်ရင်း (၂)တပ်ခွဲ (၃)၊ တပ်ဖွဲ့ (၄) နှင့် တပ်ရင်း (၁၇) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြိုင်မြို့မှ ကန်နီပျူရွာသို့ ရိက္ခာပို့ရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ယာဉ်တန်းမှာ ကန်နီပျူရွာအထိ ရောက်အောင်မသွားနိုင်ဘဲ နောက်ပြန်လှည့်သွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)