ခွဲထွက်ခွင့်၊ ပြည်ထောင်စုမပြိုကွဲရေးနဲ့ စစ်အာဏာရှင်လက်ထဲက မြန်မာ့ဖက်ဒရယ်

စောဖေ

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကရခဲ့တဲ့ လွတ်လပ်ရေးနဲ့အတူ မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား တွေမျှော်မှန်းခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုဟာ ၇၆ နှစ် ကျော်လာခဲ့ပေမယ့် အခုအချိန်ထိ အကောင် အထည် ပေါ်မလာသေးပါဘူး။ ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်အာဏာရှင်စနစ် အောက်ကျဆင်းခဲ့ရတဲ့ မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာတော့ Failed State ဆိုတဲ့ အလုံးစုံ ပြိုကျပျက်စီး တော့မယ့် တိုင်းပြည်တခုအဖြစ် ရောက်ရှိလို့နေပြီလို့ နိုင်ငံတကာက သုံးသပ်နေကြပါပြီ။
မြန်မာနိုင်ငံဟာ ဖက်ဒရယ်စနစ်ကိုသွားဖို့ကြိုးစားရင်း ဘာတွေဖြစ်ခဲ့တာလဲ၊ ဘယ်သူတွေက ဒီလိုဖြစ် အောင်လုပ်ခဲ့ကြတာပါလဲ။

ဖက်ဒရယ်မစစ်ခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေ

ဥပဒေလေ့လာသူတွေကတော့ ၁၉၄၇ အခြေခံဥပဒေဟာ မြန်မာနိုင်ငံမှာရှိခဲ့တဲ့ အခြေခံဥပဒေတွေအနက် ဒီမိုကရေစီအကျဆုံး အခြေခံဥပဒေဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ဒီအခြေခံဥပဒေဟာ ဖက်ဒရယ် (သို့) ပြည်ထောင်စုစနစ်ကိုတည်ထောင်ဖို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့ ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေနဲ့ သွေဖည်နေတာကြောင့် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရပါတယ်။
အင်္ဂလိပ်အစိုးရထံကနေ လွတ်လပ်ရေးကို ဝန်ကြီးဌာနများအုပ်ချုပ်မှုအောက်က ဗမာပြည်မ (Ministrial Burma or Proper Burma)နဲ့အတူ တောင်တန်းဒေသများ (Frontier Areas) ပူးပေါင်းပြီး ရယူကြမယ်ဆို တဲ့ အစီအအမံအပြင် လွတ်လပ်ရေးရပြီး ပြည်ထောင်စုတည်ဆောက်ရာမှာ တိုင်းရင်းသားတွေရဲ့တန်းတူ ရေး (ethnic equality)နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (self-determination) အပေါ်အခြေခံတဲ့ ဖက်ဒရယ် ပြည် ထောင်စုစနစ် တည်ဆောက်မယ်ဆိုတဲ့အချက်ဟာ ပင်လုံစာချုပ်ရဲ့ အဓိက ကတိကဝတ် ဖြစ်ပါတယ်။
ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဗမာပြည်မ အစိုးရကိုယ်စားလှယ်တွေနဲ့ ကချင်၊ ချင်း၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်တွေက ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ လက်မှတ် ရေးထိုးခဲ့ ပါတယ်။ စာချုပ်က ဗမာပြည်မနဲ့တောင်တန်းဒေသတွေ လွတ်လပ်ရေး အတူရယူရေးကို အဓိက ဖေါ်ပြ ထားပေမဲ့ စာနဲ့ရေးသားထားခြင်းမရှိတဲ့ ဖက်ဒရယ်ဆိုင်ရာမူတွေကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ လက်မှတ်ရေး ထိုးတဲ့ တိုင်းရင်သားတွေ သဘောတူခဲ့ကြတယ်လို့ ရှမ်း ဝါရင့်နိုင်ငံရေးသမား ဦးရွှေအုံးရဲ့ ကိုယ်တိုင်ရေး အထ္တုပ္ပတ္တိမှာ ဖေါ်ပြပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီးနောက် အာဏာရလာတဲ့ ဦးနုဦးဆောင်တဲ့ ဖက်ဆစ်ဆန့် ကျင်ရေးနှင့် ပြည့်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ) အစိုးရဟာ ပင်လုံကတိကဝတ်တွေကို ဖောက် ဖျက်ကာ လူများစုဖြစ်တဲ့ ဗမာတွေကြီးစိုးချယ်လှယ်တဲ့ ၁၉၄၇ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းက ကျင့်သုံးခဲ့ပါတယ်။
ဘာကြောင့် ဗမာတွေကြီးစိုးတာလဲဆိုရင် ပြည်ထောင်စုဖွဲ့စည်းပုံမှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင် နီပြည်နယ် (၁၉၅၁ တွင် ကယားပြည်နယ်ဟု အမည်ပြောင်း)နဲ့ ချင်းဝိသေသတိုင်းလို့ သတ်မှတ်ထားပေ မယ့် ဗမာပြည်နယ်လို့မရှိဘဲ ဗမာပြည်မမှာ ကျန်ပြည်နယ်တွေက လာပူးပေါင်းတဲ့ပုံစံနဲ့ တည်ဆောက် ထားပါတယ်။ တနည်းအားဖြင့် ဗမာပြည်မအစိုးရဟာ ဗဟိုအစိုးရနေရာကို ရယူထားပါတယ်။ ဗမာတွေ ဟာ မြေပြန့်မှာလည်းအုပ်ချုပ်တဲ့အပြင် မညီမျှတဲ့အာဏာခွဲဝေမှုနဲ့ တိုင်းရင်းသားတွေရဲ့ ပြည်နယ်တွေ ကိုလည်း ချုပ်ကိုင်ထားတာပါ။
၁၉၄၇ အခြေခံဥပဒေ အခန်း(၁၀)မှာ တိုင်းရင်းသားတွေအေနနဲ့ ပြည်ထောင်စုထဲ ၁၀ နှစ် အတူနေထိုင်ပြီး ခွဲထွက်လိုကခွဲထွက်ခွင့် (the right to secession) ကို ပြဌာန်းထားပါတယ်။ ၁၀ နှစ်ပြည့်တဲ့အခါ တိုင်းရင်း သားတွေက ခွဲထွက်မဲ့အစား တစည်းတလုံးထည်းနေထိုင်ချင်လို့ ၁၉၄၇ အခြေခံဥပဒေ ပြင်ဆင်ရေးကိုသာ ဥပဒေဘောင်အတွင်းက လုပ်ဆောင်ခဲ့တဲ့မှတ်တမ်းတွေ ရှိပါတယ်။ ဖက်ဒရယ်လှုပ်ရှားမှု (federal movement) လို့လည်း လူသိများ ပါတယ်။
ဖက်ဒရယ်လှုပ်ရှားမှုရဲ့ အထင်ကရအစိတ်အပိုင်းအနေနဲ့ ၁၉၆၁ ခုနှစ်၊ ဇွန်လမှာ ရှမ်းပြည်နယ် တောင် ကြီးမြို့မှာ တိုင်းရင်းသားအားလုံးတက်ရောက်တဲ့ ညီလာခံတရပ်ကျင်းပခဲ့ပါတယ်။ တောင်ကြီးညီလာခံလို့ လည်း ခေါ်ပါတယ်။ တောင်ကြီးညီလာခံမှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ်မူနဲ့ ပြင်ဆင်နိုင်ဖို့ ပြည်နယ်များညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့ရဲ့ကြိုးပမ်းမှုနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလမှာ “ဖက်ဒရယ်နှီးနှောဖလှယ်ပွဲ” (Federal Seminar) ကို ရန်ကုန်မြို့ ပြည်လမ်းက မြန်မာ့အသံ အစည်းအဝေးခန်းမမှာ ကျင်းပနိုင်ခဲ့ပါတယ်။
ပြည်နယ်များညီညွတ်ရေးအဖွဲ့ရဲ့တင်ပြချက်တွေကို ဗမာနိုင်ငံရေးပါတီတွေက တုန့်ပြန်ဆွေးနွေးနိုင်ဖို့ နှီးနှောပွဲတွေ အဆင့်ဆင့်ပြုလုပ်သွားဖို့ရည်ရွယ်ထားခဲ့ပြီး ၁၉၆၂ ခုနှစ် မတ်လ ၁ ရက်နေ့မှာ ဝန်ကြီးချုပ် ဦးနုက ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု(ပမညတ)နဲ့ ဖက်ဆစ်ဆန့်ကျင်ရေး နှင့်ပြည့်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်(ဖဆပလ) ခေါင်းဆောင်တွေကို တင်ပြလာတဲ့ ပြည်ထောင်စုစစ်စစ် မူကို ဆွေးနွေစေခဲ့ပြီး မတ်လ ၇ ရက်မှာ တခြားနိုင်ငံရေးပါတီတွေနဲ့ဆွေးနွေစေဖို့ စီစဉ်ထားခဲ့ပါတယ်။
ဒါပေမယ့်လည်း မတ်လ ၂ ရက် မနက်အစောပိုင်းမှာ ဗိုလ်ချုပ်ကြီးနေဝင်းက ပြည်ထောင်စုစစ်စစ်မူဟာ ပြည်ထောင်စုပြိုကွဲရေးဖြစ်တယ်ဆိုပြီး စစ်တပ်အားကိုးနဲ့ နိုင်ငံတော်အာဏာကို သိမ်းယူသွားခဲ့ပါတယ်။ အဲဒီမှာပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရော၊ ဖက်ဒရယ်စနစ်ရော နိဂုံးချုပ်ပြီး စစ်အာဏာရှင်လက်အောက် ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုစစ်စစ်မူဆိုတာ ပြည်ထောင်စုပြိုကွဲဖို့လား

စစ်တပ်က အာဏာသိမ်းဖို့အကြောင်းပြချက်ပေးခဲ့တဲ့ ပြည်ထောင်စုစစ်စစ်မူဟာ ပြည်ထောင်စုပြိုကွဲရေး ဆိုတာကို တိုင်းရင်သားတွေက လက်မခံပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတဲ့ ပင်လုံညီလာခံမှာ ခွဲထွက်ရေးနဲ့ ပတ်သက်ပြီး သတ်မှတ်ချက်တွေကို သဘောတူညီခဲ့ကြ လို့ ၁၉၄၇ အခြေခံဥပဒေ အခန်း (၁၀) မှာ “ခွဲထွက် နိုင်သော အခွင့်အရေး” ဆိုပြီး ပြဋ္ဌာန်းထားတာပါ။
“ဤအခြေခံဥပဒေ၌ သော်လည်းကောင်း ပုဒ်မ ၁၉၉ အရ ပါလီမန်ကပြုသောအက်ဥပဒေ၌သော်လည်း ကောင်း၊ အခြားပြဋ္ဌာန်းချက်ပြုထားခြင်းမရှိလျှင်၊ အောက်၌ပြဋ္ဌာန်းထားသော စည်းကမ်းချက်များနှင့် အညီ ပြည်ထောင်စုနိုင်ငံမှ ခွဲထွက်နိုင်ရန် ပြည်နယ်တိုင်း၌ အခွင့်အရေးရှိရမည်” လို့ ခွဲထွက်ရေးနဲ့ပတ် သက်ပြီး အတိအကျ ပြဋ္ဌာန်းထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားတွေအနေနဲ့ ပြည်မနဲ့ ၁၀ နှစ်ပူးပေါင်းနေကြည့်ဖို့၊ ခွဲထွက်ချင်တယ် ဆိုရင် ၁၀ နှစ်အပြီးမှာ ခွဲထွက်နိုင်တယ်လို့ ကတိကဝတ်ပြုခဲ့ကြောင်း၊ စာချုပ်စာတမ်းနဲ့မဟုတ်ပေမယ့် လူကြီးလူကောင်း ကတိကဝတ်အဖြစ်သဘောတူခဲ့တာဖြစ်တယ်လို့ ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုံးက ၎င်းရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှာ ဖော်ပြထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီးတဲ့နောက်မှာတော့ ဒီကတိကဝတ်ဟာ အကောင်အထည်ပေါ်မလာခဲ့ ဘဲ နိုင်ငံရေးအကွဲအပြဲတွေကြားမှာ အမေ့လျော့ခံ ဖြစ်သွားရပါတယ်။ ပြည်တွင်းစစ်မီး တိုင်းပြည်အနှံ့ အပြားမှာ လောင်ကျွမ်းခဲ့ခြင်းကြောင့်လည်း တိုင်းရင်သားတွေဘဝဟာ မြွေပါလည်းဆုံး သားလည်းဆုံး ဆိုသလို ဖက်ဒရယ်ရဲ့ အသီးအပွင့်ကိုမခံစားရတဲ့အပြင် စစ်ဘေးဒုက္ခသည်ဘဝနဲ့ပါ ဆယ်စုနှစ်များစွာဖြတ် သန်းခဲ့ကြ ရပါတယ်။

ရာစုနှစ်ဝက်နီးပါ ပုံဖျက်ခံရတဲ့ ဖက်ဒရယ်

၁၉၆၂ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်အပြီးမှာ အိမ်စောင့်အစိုးရလို့အမည်ခံထားတဲ့ ဗိုလ်ချုပ်နေဝင်းလက် ထက်မှာတော့ ဖက်ဒရယ်နဲ့ပတ်သက်ပြီး အသံမထွက်ရဲလောက်အောင် ဖိနှိပ်ခဲ့တယ်လို့ ဆိုကြပါတယ်။ ၁၉၆၂ အာဏာသိမ်းတဲ့အခါ ရှမ်းစော်ဘွားအများအပြားဖမ်းဆီးခံရသလို သမ္မတဟောင်း စဝ်ရွှေသိုက် လည်း အကျဉ်းထောင်ထဲမှာ ကွယ်လွန်ခဲ့ရပါတယ်။ ပုဂ္ဂလိကသတင်းစာတွေကို ပိတ်လိုက်သလို ၁၉၆၂ ပုံနှိပ်ဥပဒေနဲ့ လွတ်လပ်စွာပြောဆိုရေးသားထုတ်ဝေခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ ဖက်ဒရယ်အရေးကို ငြိမ်း ချမ်းစွာ ဥပဒေဘောင်အတွင်း အဖြေရှာမှုကို ၁၉၆၂ အာဏာသိမ်းမှုက အဆုံးသတ်စေခဲ့တယ်။ အဲဒီနောက် တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့တွေ အလျှိုလျှိုပေါ်လာခဲ့တယ်။ စဝ်ရွှေသိုက်ရဲ့ဇနီး စဝ်နန်းဟန်ခန်း (Sao Nang Hearn Kham) ခေါ် မဟာဒေဝီကိုယ်တိုင်ဦးဆောင်ပြီး ရှမ်းပြည်တွင်းတော်လှန်ရေးအင်အား စုတွေနဲ့ပေါင်းပြီး ရှမ်းပြည်တပ်မတော် (Shan State Army, SSA) ကို တည်ထာင်ခဲ့ပါတယ်။ ၁၉၆၂ စစ်အာ ဏာမသိမ်းမှီက တော်လှန်ရေးလုပ်နေတဲ့ အထင်ကရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအထဲမှာ ကရင်နီ (၁၉၄၈)၊ ကရင် (၁၉၄၉) နဲ့ ကချင် (၁၉၆၁) တို့ ပါဝင်ပါတယ်။
တော်လှန်ရေးကောင်စီဟာ ၁၉၇၄ မှာ အခြေခံဥပဒေသစ်‌ရေးဆွဲပြီး “ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ” အမည်နဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ (မဆလ) ဦးဆောင်တဲ့ တပါတီအာဏာရှင်စနစ် တည်ထောင်ပါတယ်။ ပြည်နယ်ခုနစ်ခုနဲ့ တိုင်းခုနစ်ခု အဖြစ် ခွဲခြားသတ်မှတ်လိုက်ပြီး တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ပြည်နယ်သတ်မှတ်ရေးကို အသိမှတ်ပြုသယောင်နဲ့ ဗမာတွေက တိုင်းခုနစ်ခုယူပြီး ဗမာ လူမျိုးကြီးဝါဒ (Burman Chauvinism) ကို အသက်သွင်းပါတယ်။ မဆလအစိုးရဟာ စစ်တပ်ကို ချုပ်ကိုင် ထားပြီး အုပ်ချုပ်ရေးနယ်ပယ်ကို စစ်တပ်ကလူတွေထည့်သွင်းပြီး အာဏာတည်မြဲ အောင်လုပ်ပါတယ်။ ဒီလိုနဲ့ ပင်လုံစာချုပ်ရဲ့ကတိကဝတ်တွေဟာ စစ်အာဏာရှင်စနစ်အောက်မှာ ပျောက်ဆုံးသွားခဲ့ရပြီး ဖက်ဒရယ်ဆိုတဲ့စကားလုံးဟာ နိုင်ငံတော်ပုန်ကန်မှုလောက် အပြစ်ကြီးအောင် ပုံဖော်ခြင်း ခံခဲ့ရပါတော့ တယ်။

ပင်လုံကတိကဝတ်နဲ့ တိုင်းရင်းသားတွေမျှော်လင့်တဲ့ ဖက်ဒရယ်

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေသဘောတူခဲ့ကြတဲ့ ပင်လုံစာချုပ်ရဲ့ အနှစ်သာရက မတူကွဲပြားတဲ့ ဒေသအုပ်စုတွေ ပူးပေါင်းနေထိုင်ပြီး ပြည်ထောင်စုသစ်တခုဖြစ်လာဖို့ပါ။ တိုင်းရင်းသား တွေဟာ ပြည်မက ဗမာတွေနဲ့ တန်းတူအခွင့်အရေးရှိရမယ်လို့ စာချုပ်မှာ လက်မှတ်ရေးထိုးသူအားလုံး သဘောတူညီခဲ့ကြတာပါ။ တိုင်းရင်းသားတွေလက်ခံထားတဲ့ ပင်လုံကတိကဝတ်ဟာ လွတ်လပ်ရေးရပြီး နောက် မြန်မာနိုင်ငံကျင့်သုံးသွားမယ့်အခြေခံဥပဒေရေးဆွဲရာမှာ ဗိုလ်ချုပ်အောင်ဆန်းလမ်းညွှန်ခဲ့တဲ့ အချက်ခုနစ်ချက်ပဲဖြစ်ပါတယ်။
အတိအကျဖော်ပြရမယ်ဆိုရင် –
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေသည် လွတ်လပ်သောအချုပ်အခြာအာဏာပိုင်သည့် ပြည်ထောင်စုမြန်မာ
နိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြစ်ရမည်။
(၂) ပြည်နယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် ကိုယ်ပိုင်အုပ်ချူပ်ရေးအာဏာရှိ စေရမည်။
(၃) ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သား တို့ထံမှ သက်ဆင်းစေရမည်။
(၄) တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးစီးပွားရေးနိုင်ငံရေး၌ တရားမျှတမှုရှိစေလျက်၊ အဆင့်တန်း အခွင့်ရေး ဥပဒေသက်ရောက်မှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ ပကတိတူညီစေရမည့်အပြင် တရားဥပဒေနှင့် လည်းကောင်း၊ စောင့်စည်းအပ်သောအကျင့်သိက္ခာနှင့်လည်းကောင်း မဆန့်ကျင်သမျှ လွတ်လပ်စွာကြံ စည်ပိုင်ခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့် ပြုမူ ပြောဆိုပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခိုင်အလုံသတ်မှတ်ထားရှိရ မည်။
(၅) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သောကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်း ထားရှိစေရမည်။
(၆) လွတ်လပ်သောအချုပ်အခြာအာဏာပိုင် ဗမာနိုင်ငံ၏နယ်မြေတို့ တပေါင်းတစည်းတည်တံ့ခိုင်မြဲရေး ကိုလည်းကောင်း၊ နိုင်ငံ၏ မြေ၊ရေ၊လေ အချုပ်အခြာစိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကိုလည်းကောင်း၊ တရားဓမ္မနှင့် တကွ ပြည်ထောင်အချင်းချင်း ဥပဒေအရ ထိန်းစောင့်ထားရှိစေရမည်။
(၇) ဗမာနိုင်ငံသည် မိမိ၏ဂုဏ်ကျက်သရေနှင့်လျော်စွာ ရသင့်ရထိုက်သောအဆင့်အတန်းသို့ ရောက်ရှိစေ ရမည့်အပြင် လူသတ္တဝါတို့၏ကောင်းကျိုးချမ်းသာ ပြည့်ဝစေရေးကို တာဝန်အလျောက် အစွမ်းကုန် စေတနာဖြင့် ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင်အချင်းချင်းဆိုင်ရာ တရားဓမ္မနှင့်ကျင့်ဝတ်သိက္ခာကို အခြေခံ၍ ကမ္ဘာ့ငြိမ်းချမ်းရေးရှေးရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက်တွဲဖက်ဆောင်ရွက်မှုများကို ခိုင်မြဲသောအဓိဌာန်ဖြင့် စောင့်ထိန်းကြရမည် . . . တို့ဖြစ်ပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီးတဲ့နောက် ထွက်ပေါ်လာတဲ့ ၁၉၄၇ အခြေခံဥပဒေကလည်း ဒီကတိကဝတ်တွေကို မဖော်ဆောင်နိုင်ခဲ့ပါဘူး။ ပြည်မ(ဗမာ) နယ်မြေတွေကို ပြည်ထောင်စုနဲ့ တွဲစပ်အုပ် ချုပ်တဲ့အပြင် ရှမ်း၊ ကချင်၊ ချင်းတို့ကိုလည်း ဗဟိုအာဏာနဲ့အုပ်ချုပ်လို့ အဲဒီပြည်နယ်တွေက လက်အောက် ခံပြည်နယ်ဘဝ ရောက်သွားရပါတယ်။ အဲဒီအပြင် မွန်၊ ကရင်၊ ရခိုင်တို့ကိုလည်း ပြည်နည်ထူထောင်ပေးဖို့ နှောင့်နှေးခဲ့သလို သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်နယ်ကို ပြည်သူတွေရဲ့ဆန္ဒမခံယူဘဲ ပြည်ထောင်စုအ တွင်းသွတ်သွင်းလို့ ပြည်တွင်းစစ်မီးပါ တောက်လောင်ခဲ့ရပါတယ်။
၁၉၇၄ အခြေခံဥပဒေကတော့ ဒီမိုကရေစီတို့ ဖက်ဒရယ်တို့နဲ့ ဆန့်ကျင်ဖက် ဗဟိုဦးစီချုပ်ကိုင်တဲ့ တပါတီ အာဏာရှင်စနစ် သက်သက်ပါ။ မဆလအစိုးရ ပြုတ်ကျပြီးတဲ့နောက် စစ်ဗိုလ်ချုပ်တွေ အချိန်ယူ ရေးဆွဲခဲ့ တဲ့ ၂၀၀၈ အခြေခံဥပဒေမှာဆိုရင်လည်း ဒီမိုကရေစီစနစ်နဲ့သွားတယ်လို့ဆိုပေမယ် ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေနဲ့သတ်မှတ်ထားတဲ့ ပြည်နဲ့နယ်တိုင်း ၁၄ ခုကို အခြေခံထားလို့ တိုင်းရင်းသားတွေလိုလားတဲ့ တန်း တူညီမျှမှုနဲ့ ဆန့်ကျင်ဖက်ဖြစ်နေပါတယ်။
၁၉၄၇ အခြေခံဥပဒေပြင်ဆင်ရေး အဆိုပြုချက်မှာ ဗမာတွေအတွက် ပြည်နယ်တခုသတ်မှတ်ဖို့ အဆိုပြုခဲ့ ပေမယ့် ၁၉၇၄ အခြေခံဥပဒေက ဗမာတွေအတွက်တိုင်းခုနစ်ခုသတ်မှတ်လိုက်တာ မမျှတဘူးလို့ တိုင်းရင်း သားတွေက ခံယူကြပါတယ်။ လူမျိုးစုလွှတ်တော်လို့ ခေါ်နိုင်တဲ့ အမျိုးသားလွှတ်တော်မှာ ဗမာတွေက အ မတ်အရေအတွက် ပိုရယူထားတဲ့အတွက်ကြောင့်ပါ။ ဒီအချက်ဟာ မြန်မာနိုင်ငံအနေနဲ့ ဖက်ဒရယ်စနစ်နဲ့ သွားမယ်ဆိုရင် အဓိကပြင်ဆင်ရမယ့်အချက်ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးအလွန် မြန်မာ့ဖက်ဒရယ်

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အရပ်သားအစိုးရကိုဖမ်းဆီးပြီး စစ်တပ်ကအာဏာသိမ်းခဲ့တဲ့အတွက် တနိုင်ငံလုံး ဆန္ဒပြခဲ့ရာမှာ အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်ခဲ့ရ ပါတယ်။ အာဏာသိမ်းမှုသုံးနှစ်ပြည့်ခါနီး လက်ရှိအချိန်မှာတော့ စစ်အာဏာရှင်စနစ်ပြိုလဲတော့မယ့် အရိပ်အယောင်တွေ သိသိသာသာ တွေ့လာနေရပါပြီ။ တိုင်းရင်းသားနယ်မြေတွေမှာ စစ်အာဏာရှင်ရဲ့ စိုးမိုးမှု လျော့ပါးလာခြင်းနဲ့အတူ ဖက်ဒရယ်စနစ်တည်ဆောက်ဖို့ ဆွေးနွေးတိုင်ပင်မှုတွေ အားကောင်းလာ တာကို တွေ့နေရပါပြီ။

အနာဂတ်မှာ ဘယ်လိုပုံစံဖက်ဒရယ်စနစ်ကိုတည်ထောင်မှာလဲဆိုတာ တိုင်းရင်းသားတွေအားလုံး ဆွေး နွေးတိုင်ပင်ဖို့လိုသလို အတိတ်ကမှားခဲ့တဲ့ သင်ခန်းစာတွေကိုလည်းပြန်လည် ဆင်ခြင်တွေးဆကြဖို့ လိုပါ မယ်။ ပင်လုံကစတင်ခဲ့တဲ့ သမိုင်းကို ပြန်လည်ခြေရာခံဖို့ လိုပါမယ်။ တလွဲဝါဒဖြန့် မှိုင်းတိုက်ခဲ့တာတွေကို ကျော်လွှားပြီး အမှန်ကို မြင်နိုင်ဖို့လိုပါတယ်။ နိုင်ငံတကာက ဖက်ဒရယ်မူတွေကို လေ့လာပြီး မြန်မာနိုင်ငံနဲ့ ကိုက်ညီတာတွေကို ကူးယူမှီငြမ်းနိုင်ပါတယ်။ အားလုံး လိုလားတောင့်တနေကြတဲ့ စစ်မှန်ပြည့်ဝတဲ့ ဖက် ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာဖို့ဆိုရင် ဆွေးနွေးတိုင်ပင်မှုကလည်း အလွန်အရေးပါတဲ့ အခန်းကဏ္ဍ မှာ ရှိနေပါလိမ့်မယ်။