လေယာဉ်ပျံသန်းမှုလမ်းကြောင်းများအား တရုတ်က တဖက်သတ် ပြောင်းလဲသတ်မှတ်ခြင်းကို ထိုင်ဝမ် ကန့်ကွက်

Beijing Bulletin:-

ထိုင်ဝမ်ရေလက်ကြားရှိ အလယ်မျဉ်းနှင့်နီးကပ်သော လေယာဉ်ပျံသန်းရေးလမ်းကြောင်းများအား တရုတ်က တဖက်သတ် ပြောင်းလဲသတ်မှတ်ခြင်းကို ကန့်ကွက်ကြောင်း ထိုင်ဝမ် အရပ်ဘက်လေကြောင်းစီမံခန့်ခွဲ့မှုအဖွဲ့ (CAA)က ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

တောင်ဘက်သို့ လေကြောင်းပျံသန်းမှုများအတွက် လမ်းကြောင်းရှင်းလင်း ဆောင်ရွက်သည့်အနေဖြင့် ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်း၏ အနောက်ဘက်ရှိ M503 လေယာဉ်ပျံသန်းမှုလမ်းကြောင်းကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း တရုတ်အရပ်ဘက်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့(CAAC)က ယင်းနေ့ မနက်ပိုင်းက ကြေညာခဲ့ပြီးနောက် တရုတ်၏ အဆိုပါ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်းနှင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖုကျင့် ပြည်နယ်ရှိ ဖူကျိုးနှင့် ရှားမင်မြို့ကြားရှိ M503 ပျံသန်းရေးလမ်းကြောင်းနှင့် ချိတ်ဆက်မည့် အရှေ့ဘက်သို့ ပျံသန်းရေးလမ်းများဖြစ်သော W122 နှင့် W123 တို့ကို စတင်ရန် စီစဉ်ထားကြောင်း တရုတ်အရပ်ဘက် လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့(CAAC)၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဆုံးဖြတ်ချက်သည် တရုတ်နှင့် ထိုင်ဝမ်ကြား ၂၀၁၅ ခုနှစ်တွင် ရရှိထားသည့် သဘောတူညီချက်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြောင်း ထိုင်ဝမ်အရပ်ဘက်လေကြောင်းစီမံခန့်ခွဲ့ရေးအဖွဲ့(CAA) က ပြောကြားခဲ့သည်။ ရှန်ဟိုင်းလေကြောင်းသတင်းအချက်အလက်ဒေသတွင် ပါဝင်သော်လည်း တိုင်ပေလေကြောင်း သတင်းအချက်အလက်ဒေသနှင့် လွန်စွာနီးကပ်သည့် M503 ပျံသန်းမှုလမ်းကြောင်းကို တရုတ်က ၂၀၁၅ ခုနှစ်တွင် သတ်မှတ်ခဲ့သောကြောင့် ထိုင်ဝမ်၏ လေကြောင်းလုံခြုံရေးနှင့် အချုပ်အခြာအာဏာတို့အပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။

သို့သော် ထိုင်ဝမ်နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် M503 လမ်းကြောင်းကို မူလလမ်းကြောင်း၏ အနောက်ဘက်သို့ ရေမိုင် ခြောက်မိုင် ရွှေ့ပြောင်းသတ်မှတ်ပေးရန် ထိုစဉ်က သဘောတူခဲ့သည်။

တရုတ်သည် ယခုအခါ လေယာဉ်ပျံသန်းမှုလမ်းကြောင်းကို အရှေ့ဘက်သို့ ပြန်လည်ရွှေ့ပြောင်း သတ်မှတ်လိုက်သောကြောင့် ထိုင်ဝမ်ရှိ ပြည်မရေးရာကောင်စီ(MAC)ကလည်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး တရုတ်အနေဖြင့် ယင်းကဲ့သို့ တာဝန်မဲ့သော လေကြောင်းပျံသန်းမှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်တွင် စတင်မည့် တရုတ်၏ လေယာဉ်ပျံသန်းမှုလမ်းကြောင်းသစ်များသည် လေကြောင်းဘေးကင်းလုံခြုံရေးကို အလေးမထားဘဲ ထိုင်ဝမ်ကို မထေမဲ့မြင်ပြုရုံသာမက အရပ်ဘက်လေကြောင်းကို နိုင်ငံရေးအတွက် ရည်ရွယ်ချက်ရှိရှိ အသုံးချရန်နှင့် ထိုင်ဝမ်ရေလက်ကြား၏ လက်ရှိအခြေအနေကို ပြောင်းလဲရန် ရည်ရွယ်၍ စစ်ရေးအရပါ ကျူးကျော်လာနိုင်ခြေရှိကြောင်း MAC ကောင်စီက ပြောကြားခဲ့သည်။