ပုံဟောင်းဖြင့် ကရင်ပြည်နယ်တွင် လေယာဉ်ပစ်ချခံရဟု သတင်းမှားဖြန့်

JC

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်မှာ ဧပြီ ၂၃ ရက်နေ့မနက်ပိုင်းက လေယာဉ်တစင်း ပျက်ကျခဲ့တယ်ဆိုပြီး ဓါတ်ပုံတစ်ပုံနဲ့အတူ ပျံ့နေပါတယ်။

“Saw Eh Doh Soe” အကောင့်ကနေ “ကရင်ပြည်နယ် တစ်နေရာသို့ Y-12 တစ်စီး ဧပြီလ ၂၃ ရက်နေ့၊ မနက် (၅း၄၈) မိနစ် ဝန်းကျင်တွင် အပစ်ချခံရ” (မူရင်းအရေးအသားအတိုင်း) ဆိုပြီး လေယာဉ်တစီး ပျက်ကျနေတဲ့ ဓါတ်ပုံတပုံနဲ့အတူ အရင်ဆုံး ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ ဒီပိုစ့် ကို ဖြန့်လည်ဖြန့်ဝေမှု ၂၆ ခုရှိခဲ့ပြီးနောက် မူရင်းဖြန့်ဝေသူက နာရီပိုင်းအတွင်း ပြန်လည်ဖြုတ်ချခဲ့ပေမယ့် တခြားဖေ့စ်ဘုတ်အသုံးပြုသူတွေက အဲ့ဒီပုံနဲ့ စာသားကို ထပ်ဆင့်ကူးယူဖော်ပြနေကြပါတယ်။

မဇ္ဈိမကနေ ဒီအကြောင်းကို အချက်လက်စစ်ဆေးခဲ့တာမှာ ဓါတ်ပုံနဲ့ အကြောင်းအရာဟာ လွဲမှားနေတာကို တွေ့ရပါတယ်။ ပျံ့နှံ့နေတဲ့သတင်းမှာ ဖော်ပြထားတဲ့ပုံဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က ချင်းပြည်နယ် ပလက်ဝတိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ဆောင်ဖို့ သွားကြိုတဲ့ စစ်ကောင်စီတပ် လေယာဉ် ပြေးလမ်းချော်ပြီး တိမ်းမှောက်သွားတုန်းက ပုံပါ။ ဒီအကြောင်းနဲ့ ပုံကို မဇ္ဈိမ မှာလည်း ဇန်နဝါရီ ၂၃ ရက်နေ့ကတည်းက သတင်းဖော်ပြထားပြီးသားပါ။ လင့် – https://shorturl.at/aiwz4

သတင်းမှားမှာ လေယာဉ်ပျက်ကျထားတဲ့နေရာအတိအကျကို မဖော်ပြထားပါဘူး။
လတ်တလော ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ်ကြားမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ဒီနေရာတွေမှာ တိုက်ပွဲဝင်နေတဲ့ ကော်ဘရာစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီးစောကော်ကို ဧပြီ ၂၃ ရက်နေ့မနက်ပိုင်းမှာ လေယာဉ်တစီး ပစ်ချနိုင်မှု ရှိမရှိ မေးမြန်းခဲ့တာမှာတော့ စစ်ကောင်စီတပ်ရဲ့ လေယာဉ်် ပစ်ချခံရတဲ့ သတင်းက သတင်းမှားဖြစ်တယ်လို့ မဇ္ဈိမကို ပြောပါတယ်။

ဒါကြောင့် ကရင်ပြည်နယ်မှာ ဧပြီ ၂၃ ရက်နေ့မနက်အစောပိုင်းက စစ်ကောင်စီတပ် လေယာဉ်တစီး ပစ်ချခံရတယ်ဆိုတာ မှားယွင်းနေပြီး ချင်းပြည်နယ်က တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို သွားကြိုတဲ့ လေယာဉ် ပြေးလမ်းချော်ပြီး ပျက်ကျခဲ့စဉ်က ပုံကို သုံးထားတာပဲ ဖြစ်ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။