ဟွန်ဒါနှင့် ဂျင်နရယ်မော်တာက လျှပ်စစ်ကားအစား ဟိုက်ဒရိုဂျင်ပါဝါသုံးကားများ ပူးပေါင်းထုတ်လုပ်မည်

FossBytes/HondaNews

General Motors (GM) နှင့် Honda က လောင်စာဆဲလ်စနစ်ထုတ်လုပ်မှု(FCSM) အတွက် ပူးပေါင်းဆောင်ရွက်ကာ မီချီဂန်ပြည်နယ်ရှိ ဒေါ်လာ ၈၅ သန်း ရင်းနှီးမြှုပ်နှံထားသည့် အဆင့်မြင့်စက်ရုံတွင် ဟိုက်ဒရိုဂျင်လောင်စာ ဆဲလ်အများအပြား ထုတ်လုပ်မည် ဖြစ်သည်။

စတုရန်းပေ ၇၀,၀၀၀ ကျယ်ဝန်းသော စက်ရုံတွင် စွမ်းဆောင်ရည်မြင့်မားပြီး တာရှည်ခံကာ ကုန်ကျစရိတ် သက်သာသည့် ဟိုက်ဒရိုဂျင်လောင်စာဆဲလ်များကို တိုးမြှင့်ထုတ်လုပ်မည် ဖြစ်သည်။

ယင်းပူးပေါင်းဆောင်ရွက်မှုကြောင့် ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးတွင် GM နှင့် Honda တို့သည် ထိပ်တန်းခေါင်းဆောင်များဖြစ်လာပြီး Honda က ၂၀၂၄ ခုနှစ်နောက်ဆုံးထားပြီး CR-V မော်ဒယ်တွင် ဟိုက်ဒရိုဂျင် စနစ်သစ်ကို တပ်ဆင်ရန် စီစဉ်နေသည်။

ဟိုက်ဒရိုဂျင်လောင်စာဆဲလ်စနစ်သည် ယခင်ကထက် သုံးပုံတပုံခန့်သာ ကုန်ကျမည်ဖြစ်ပြီး ရေရှည်တည်တံ့ သောနည်းပညာကို ပိုမိုကျယ်ပြန့်စွာသုံးစွဲနိုင်ရေးအတွက် အထောက်အကူဖြစ်စေ နိုင်သည်။

Honda နှင့် GM အင်ဂျင်နီယာများသည် မျိုးဆက်သစ် လောင်စာဆဲလ်စနစ်အား ပူးတွဲတီထွင်ရေးကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည်။

လောင်စာဆဲလ်စနစ်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသည့်အပြင် GM နှင့် Honda တို့သည် သံချေးတက်ခြင်းကို ခံနိုင်ရည်ရှိသောပစ္စည်းများကိုအသုံးပြုကာ အပူချိန်နိမ့်လည်ပတ်မှုကို တိုးတက်အောင်ပြုလုပ်ခြင်းဖြင့် ၂၀၁၉ ခုနှစ်ထုတ် Honda Clarity Fuel Cell ထက် နှစ်ဆကြာရှည်ခံအောင် ပူးပေါင်းထုတ်လုပ်နိုင်ခဲ့သည်။

ကုမ္ပဏီနှစ်ခုသည် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် ဆဲလ်ဒီဇိုင်းကို မြှင့်တင်ခြင်း၊ အကူပစ္စည်းများကို ရိုးရိုးရှင်းရှင်းဖြစ်အောင် ပြုလုပ်ခြင်း၊ အဓိကရင်းမြစ်များကို အသုံးပြုခြင်းနှင့် တန်ဖိုးကြီးသတ္တုများ အသုံးပြုမှုကို လျှော့ချခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များကို လျှော့ချခြင်းတို့ကိုလည်း အာရုံစိုက်လုပ်ဆောင်ခဲ့သည်။

ယင်းပူးပေါင်းဆောင်ရွက်မှုကြောင့် လောင်စာဆဲလ်စနစ်အသစ်များသည် ၂၀၁၉ခုနှစ် ထုတ် Honda Clarity Fuel Celll ရှိ လောင်စာဆဲလ်စနစ်၏ ကုန်ကျစရိတ်ထက် သုံးပုံနှစ်ပုံ စျေးသက်သာမည် ဖြစ်သည်။

စွမ်းအင်နှင့် မော်တော်ကားကဏ္ဍတွင် ကာဗွန်ထုတ်လွှတ်မှု မရှိစေရေးဆောင်ရွက်ချက်အတွက် GM နှင့် Honda ၏ ဟိုက်ဒရိုဂျင်နှင့် လောင်စာဆဲလ်နည်းပညာက ပို၍အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်ပြီး ကုမ္ပဏီနှစ်ခုက ယင်းတို့၏ ဟိုက်ဒရိုဂျင်စီးပွားရေးမဟာဗျူဟာများအကြောင်း အသေးစိတ်အချက်အလက်များကိုလည်း ထုတ်ဖော်ကြေညာထားသည်။