ကျိုက်ထိုမြို့နယ်တွင် စစ်ဆေးရေးဂိတ် ၂ ခုကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

ပုံအညွှန်း- တော်လှန်ရေးအင်အားစုများ​၏ ဒရုန်းတစင်းအား တွေ့ရစဉ် ( ဓါတ်ပုံ- ပေးပို့)

ပုံအညွှန်း- တော်လှန်ရေးအင်အားစုများ​၏ ဒရုန်းတစင်းအား တွေ့ရစဉ် ( ဓါတ်ပုံ- ပေးပို့)

YT

(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်နှင့် စစ်တောင်းတံတားထိပ်ရှိ စစ်ကောင်စီဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)က သတင်းထုတ်ပြန်သည်။

“စစ်တောင်းဂိတ်က တံတားစောင့်ပြီး ငွေညှစ်တဲ့ဂိတ်ပါ။ မုပ္ပလင်က လမ်းဆုံစစ်ဆေးရေး ရဲဂိတ်ပါ၊ ငွေညှစ်တဲ့ဂိတ်ပါပဲ။ စစ်တောင်းဂိတ်က ခုနစ်ဦး‌လောက်နဲ့ မုပ္ပလင်ရဲဂိတ်က ၁၅ ဦးလောက် အထိုင်ချထားပါတယ်” ဟု KRF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် နေ့လယ် ၁၀ နာရီ ၄၀ မိနစ်မှ ၁၁ နာရီအတွင်း တပ်မဟာ (၁) KNLA ၊ Iron Adventure Force၊ ကဝ ပကဖ ဒရုန်းအဖွဲ့၊ အင်းတကော် ပကဖ ဒရုန်းအဖွဲ့၊ ရန်ကုန်မြောက်ပိုင်းခရိုင် ပကဖ ဒရုန်းအဖွဲ့၊ KRF နှင့် ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့က စစ်တောင်းတံတားဂိတ်ကို နှစ်ကြိမ်၊ မုပ္ပလင်လမ်းဆုံဂိတ်ကို တကြိမ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဗုံးသီးတွေက ပစ်မှတ်အပေါ် တည့်တည့်ကျတယ်လို့ သိရပါတယ်။ ကနဦးသိရတာက မုပ္ပလင်ရဲဂိတ်က ရဲတဦး သေဆုံးတယ်လို့ သိရပေမယ့် အတည်ပြုနိုင်ဖို့တော့ စုံစမ်းဆဲပါ”ဟု KRF သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကပြောသည်။

ယနေ့ တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက်တွင် မုပ္ပလင်စစ်ဆေးရေးဂိတ်နှင့် စစ်တောင်းတံတားဂိတ်တို့မှ စစ်ကောင်စီတပ်သားများသည် ခရီးသွားပြည်သူများကို စစ်ဆေး၊ မေးမြန်းမှုများ ပြုလုပ်ခဲ့သေးကြောင်း KRF ထံက သိရသည်။

မုပ္ပလင်လမ်းဆုံဂိတ်သည် မွန်ပြည်နယ်သို့ အဝင်အထွက် သွားလာသည့် ခရီးသွား ပြည်
သူများ၏ နိုင်ငံသားစီစစ်ရေးကဒ် (မှတ်ပုံတင်)ကို အဓိကထား စစ်ဆေးသည့် ဂိတ်တခုဖြစ်ပြီးတော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များ၏ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကို မကြာခဏ ခံရလေ့ရှိသည့် ဂိတ်ဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ