” ကသည်းသူပုန်နဲ့ နိုင်ငံတော်ပြဿနာ”

  • MNTS ရေးသားသည်။

၁၀၂၇ စစ်ဆင်‌ရေးအောင်ပွဲရလဒ်တွေနဲ့အတူ နိုင်ငံရဲ့ အရှေ့မြောက်ဘက် တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသတွေဘက်ကနေ လူထုသည်းခြေကြိုက်သတင်း စကားတွေ လှိုင်ထွက်နေပါတယ်။တချိန်တည်းမှာပဲ နိုင်ငံရဲ့ အနောက်/အနောက်‌မြောက်ဘက်ခြမ်း အိန္ဒိယနိုင်ငံနဲ့ နယ်စပ်ဒေသဘက်မှာပြဿနာကြီးတခုရှိနေပြီး ဒါကို မျက်ခြေမပြတ်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သတိပေးလိုက်ပါတယ်။

ပင်လယ်ထဲက ရေခဲတုံးလို ရေပေါ်ကိုပေါ်နေတဲ့ ထိပ်ပိုင်းလေးသာမြင်နေရပြီး သာမာန်အားဖြင့် မမြင်နိုင်ဘဲ နစ်မြုပ်နေတဲ့ ပြဿနာကြီးတရပ်ဟာ အိန္ဒိယနိုင်ငံနဲ့ နယ်စပ်ဒေသ‌တွေမှာ ရှိ‌နေတယ်လို့ စစ်ကိုင်းနဲ့ချင်းက နိုင်ငံရေးအင်အားစုတွေက သတိပေးကြပါတယ်။ ကသည်းသူပုန်လို့ နာမည်ကြီးတဲ့ ကသည်းလက်နက်ကိုင်ပြဿနာပါ။

မြန်မာနိုင်ငံဘယ်ခြမ်းနယ်စပ်ဒေသတွေမှာ အခြေ စိုက်ပြီး အိန္ဒ်ိယအစိုးရကို ဆန့်ကျင်တော်လှန်နေတဲ့ ကသည်းလက်နက်ကိုင်အဖွဲ့တွေဟာ စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူပြီးတဲ့နောက်ပိုင်း စစ်‌ကောင်စီနဲ့အတူ တော်လှန်‌ရေးအင်အားစုတွေကို တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေက ၂၀၂၁ ခုနှစ်နှောင်းပိုင်းကာလကစပြီး တိုးတမျိုး၊ကျယ်တခါ ထွက်ခဲ့ပါတယ်။ ဟိုယခင်ကတော့ လက်ဆုပ်လက် ကိုင်ပြဖို့ခက်ပေမယ့် မကြာသေးမီက စစ်ကိုင်းတိုင်းတမူးနဲ့ ဟုမ္မလင်းဒေသတွေက စခန်းသိမ်းတိုက်ပွဲ‌တွေမှာတော့ ကသည်းသူပုန်တွေရဲ့ အခြေစိုက်စခန်းတွေ သိမ်းယူနိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရော၊ ကသည်းသူပုန်တွေကိုပါ တွဲလျက်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေကဆိုပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်လို့ မြေပြင်သက်သေမှတ်တမ်းဓာတ်ပုံ ၁၀ ပုံထက်မနည်း လက်ခံရရှိထားပါတယ်။
ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက် အိန္ဒိယအစိုးရကိုတော်လှန်နေတယ်ဆိုပြီး အခုအခါမှာ စစ်တပ်နဲ့ပေါင်းပြီး လူထု‌တော်လှန်ရေးကို ‌ဟန့်တားလာတဲ့ကသည်းသူပုန်ပြဿနာဟာ လက်ရှိနိင်ငံရေးအရရော အနာဂတ်နိုင်ငံတော်အတွက်ပါ အခုကတည်း က ဖြေရှင်းထားဖို့နဲ့ ဒါဟာ အနီရောင်အဆင့် သတိပေးချက်လို့ နိုင်ငံရေးအင်အားစုတွေက ဆိုပါတယ်။

ကသည်းသူပုန်သမိုင်းအကျဉ်းချုပ်

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိဆက်နေတဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ၁၉၆၄ ခုနှစ်က စတင်ပြီး မဏိပူရ်ကို သီးခြားလွတ်လပ်တဲ့နိုင်ငံတည်ထောင်ဖို့ ကြိုးပမ်းလာတဲ့ လက်နက်ကိုင်အဖွဲ့တွေပေါ်ပေါက်လာခဲ့ပါတယ်။အစောဆုံးတည်ထောင်တဲ့အဖွဲ့က UNLF လို့ခေါ်တဲ့ ပြည်ထောင်စုအမျိုးသားလွတ်မြောက်ရေးတပ်ဦး (United National Liberation Front-UNLF) ဖြစ်ပါတယ်။

၁၉၇၇ ခုနှစ်မှာ ကသည်းပြည်သူ့လွတ်မြောက်ရေးပါတီ(People’s Revolutionary Party of Kangleipak – PREPAK)၊ ၁၉၇၈ ခုနှစ်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(People’s Liberation Army – PLA)၊ ၁၉၈၀ ခုနှစ်မှာ ကသည်းကွန်မြူနစ်ပါတီ(Kangleipak Communist Party – KCP)၊ ၁၉၉၄ ခုနှစ်မှာ Kanglei Yawol Kanna Lup – KYKL၊ ဒါ့အပြင် PREPAK အဖွဲ့ကနေ ၂၀၀၆ ခုနှစ်မှာ ညီညွတ်သော ကသည်း ပြည်သူ့ပါတီ (United People’s Party of Kangleipak – UPPK) ဖွဲ့စည်းပေါ်ပေါက်လာခဲ့ပါတယ်။

ကသည်းလက်နက်ကိုင်အဖွဲ့‌မျိုးစုံ ရှိနေပေမယ့် ဖော်ပြပါခြောက်ဖွဲ့က အင်အားအကြီးဆုံးနဲ့ လူသိအများဆုံးအဖွဲ့တွေ ဖြစ်ကြပါတယ်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နဲ့ ထိစပ်နေတဲ့စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်ဒေသတွေမှာ ခြေကုပ်ယူလှုပ်ရှားကြပါတယ်။

  • ပြဿနာအစ စစ်အစိုးရလက်ထက်က

စစ်အစိုးရခေါင်းဆောင်အနေနဲ့ နှစ်ပေါင်းများစွာ တန်ခိုးထွားခဲ့တဲ့ အာဏာရှင်ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့်တို့ မြန်မာ့နိုင်ငံအရေးမှာ ချန်ထားခဲ့တဲ့ ဆိုးမွေတွေထဲမှာ ကသည်းသူပုန်ပြဿနာလည်း ပါနေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

ကသည်းသူပုန်တွေဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(နဝတအစိုးရ)လက်ထက်မှာ မြန်မာနိုင်ငံနယ်စပ် အထူးသဖြင့် တမူးမြို့နယ်ထဲမှာ စတင်ခြေချလှုပ်ရှားလာခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေက ဖော်ပြပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေက ကသည်းသူပုန်တွေကို ယာယီမှတ်ပုံတင်ကဒ်တွေ ‌ထုတ်ပေးပြီး ကြံ့ခိုင်ရေးပါတီဝင်အဖြစ် စာရင်းသွင်းခဲ့သလို ဗိုလ်ချုပ်ကြီး‌ဟောင်းခင်ညွန့်က လည်း ထောက်လှမ်းရေးအတွက် အသုံးချခဲ့တယ်လို့ တမူးမြို့က နိုင်ငံရေးအင်အားစုတွေက ပြောပါတယ်။

” မဏိပူရ်ထဲကနေပုန်ကန်တဲ့အချိန်မှာ ပုန်ကန်လို့မရလို့၊မနိုင်လို့ ဗမာပြည်ထဲကို ရွှေ့သွားတာ။ဗမာပြည်ထဲမှာ အခြေကျပြီးတော့ ဦးသန်းရွှေတို့ခေတ်က

ဗိုလ်ချုပ်တွေနဲ့ ပေါင်းပြီးတော့ အဖွဲ့အစည်းကကြီးလာတာ” လို့ ကသည်းတွေရဲ့သမိုင်းတစိတ်တပိုင်းကို လက်ရှိမှာ မဏိပူရ်မှာနေထိုင်တဲ့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ အိန္ဒိယ-မြန်မာအရေးလေ့လာသူတဦးကပြောပါတယ်။

အဲ့ဒီနောက်ပိုင်း နယ်စပ်ဒေသမှောင်ခိုကုန်စည်ရောင်းဝယ်မှုတွေမှာ ကသည်းသူပုန်တွေဟာ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်ခဲ့ပြီး ချမ်းသာလာကြတယ်လို့ ဆိုပါတယ်။ အဲဒီခေတ်ကအခြေအနေတွေနဲ့ပတ်သက်တဲ့မှတ်တမ်းတခုအနေနဲ့ သမိုင်းပညာရှင်ဒေါက်တာသန်းမြင့်ဦး ၂၀၁၁ ခုနှစ်မှာ ရေးသားပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ ဘာသာပြန် ထုတ်ဝေခဲ့တဲ့ တရုတ်နှင့်အိန္ဒိယဆုံမှတ်၊မြန်မာနိုင်ငံနှင့်အာရှ၏လမ်းဆုံလမ်းခွသစ်များစာအုပ်ထဲမှာ ” အိန္ဒိယ၏ အပြစ်ပယ်ခံရဆုံးဒေသနှင့် မြန်မာနိုင်ငံသည် အနီးကပ်ဆုံးရှိနေ၏။ ယခုတော့ နယ်စပ်စီးပွားရေးတွင် တရားမဝင်ကုန်သွယ်ရေးကကြီးစိုးနေ၏။ မူးယစ်ဆေးဝါးမှအစ ကျားခန္ဓာကိုယ်အစိတ်အပိုင်းများအထိ”လို့ ဖော်ပြခဲ့ပါတယ်။

အဲ့ဒီလို အကျိုးစီးပွားဆက်စပ်မှုတွေကြောင့်ပဲ ကသည်းသူပုန်တွေဟာ စစ်အစိုးရအကြိုက်လိုက်လုပ်ရင်း စစ်တပ်ရဲ့လက်ကိုင်ဒုတ်လိုဖြစ်လာပြီး ရာဇဝတ်မှုတွေပါကျူးလွန်လာကြတယ်လ်ို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အစိုးရအဆက်ဆက်လက်ထက်က ဒေသခံတွေရဲ့အသံ ကျယ်ကျယ်မထွက်နိုင်ပေမယ့်NLDပါတီ ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ ကသည်းသူပုန်ပြဿနာကြီးမားနေတာကို ‌ထောက်ပြသတိပေးလာကြပါတယ်။ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကမြို့နယ်အချို့မှာဆိုရင် ကသည်းသူပုန်အရေးဖြေရှင်းပေးဖို့ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ ၄၂ (ခ) မှာ ” နိုင်ငံတော်အတွင်း မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု”ဟု အတိ အလင်းပြဋ္ဌာန်းထားပေမယ့် ကသည်းလက်နက်ကိုင်အဖွဲ့တွေကို စစ်အစိုးရအဆက်ဆက် ခြေချခွင့်ပေးခဲ့တယ်ဆိုပြီး ချင်းလူမှုအဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံနဲ့ ကျောချင်းကပ်နေတဲ့တမူးနယ်မှာ ကသည်းလက်နက်ကိုင်တွေရဲ့ခြေတံလက်တံရှည်နေတာကို မြင်သာတဲ့ဖြစ်ရပ်တခု ၂၀၁၉ ခုနှစ် ဒီဇင်ဘာ လထဲမှာ ဖြစ်ပွားခဲ့ပါတယ်။ဒေသတွင်းမှာ ကသည်းလက်နက်ကိုင်တွေ အခြေချနေထိုင်နေတာနဲ့ပတ်သက်ပြီး လွှတ်တော်ထဲမှာ မေးခွန်းမေးခဲ့တဲ့ တမူးမြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်ရဲ့နေအိမ်ကို ကသည်းသူပုန်အဖွဲ့က လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ဒါ့အပြင် တမူးမြို့နယ်ထဲမှာ ကသည်းသူပုန်အဖွဲ့အချင်းချင်း လုပ်ကြံသတ်ဖြတ်မှု၊ ဓားပြတိုက်မှုတွေမကြာခဏဖြစ်ခဲ့ပြီး ဒီအခြေအနေတွေက ဒေသခံတွေကို ထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။

NLD အစိုးရလက်ထက်မှာလည်း မဖြေရှင်းနိုင်ခဲ့တဲ့ကသည်းသူပုန်ပြဿနာဟာ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူလ်ိုက်တဲ့နောက်ပိုင်းမှာတော့ ပိုမိုရှုပ်ထွေးလာခဲ့တာပါ။

  • နွေဦး‌တော်လှန်ရေးထဲက ကသည်းသူပုန်ကို ခြေရာခံခြင်း

စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း ငြိမ်း ချမ်းစွာဆန္ဒထုတ်ဖော်ခဲ့တဲ့ တမူးမြို့က လူထုသပိတ်ဟာ ၂၀၂၁ ဧပြီလ ၉ရက်နေ့မှာ ပထမဆုံးအကြိမ် အကြမ်းဖက်ဖြိုခွဲခံလိုက်ရပါတယ်။ က‌လေးငယ်တချို့အပါအဝင် ဒေသခံ ဆယ်ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဒီအကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ကသည်းသူပုန်တွေပါဝင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အာရှစစ်ထောက် လှမ်းရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက်နေ့က Nikkei Asia သတင်းဌာနကရေးသားဖော်ပြခဲ့တဲ့ Myanmar junta taps Russian air power to bomb ethnic rebels ဆိုတဲ့ သတင်းဆောင်းပါးမှာ စစ်ကောင်စီဟာ မဏိပူရ်ကသူပုန်အဖွဲ့ကို စစ်ယူနီဖောင်းတွေ ဝတ်ဆင်စေပြီး အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ်စခန်းကိုစီးနင်းတိုက်ခိုက်စေခဲ့တာကြောင့် အရပ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။

အထက်ပါ ဖြစ်ရပ်ဟာ လူထုရဲ့နွေဦးတော်လှန်ရေးခရောင်းလမ်းမှာ ဆူးညှောင့်ခလုတ်ဖြစ်လာစေမယ့် ကသည်းသူပုန်တွေရဲ့ ကနဦးခြေလှမ်းလို့ စစ်ကိုင်းတိုင်းက တော်လှန်ရေးအင်အားစုတွေပြောပါတယ်။ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်းအလွန် လက်နက်ကိုင်တော်လှန်တဲ့အခါမှာတော့ စစ်ကောင်စီနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေထဲမှာ ကသည်းသူပုန်တွေက စစ်ကောင်စီယူနီဖောင်းတွေဝတ်ပြီး ပါလာပြန်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဦးဟန်ဆိုင်းက ပြောပါတယ်။

စစ်ကောင်စီဟာ ကသည်းသူပုန်တွေကို စစ်တပ်ယူနီဖောင်းဝတ်ဆင်ပေးပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေကို တိုက်ခိုက်စေခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ ဗမာ့ရေးရာနှင့်ပဋိပက္ခလေ့လာရေးအဖွဲ့ Burma Affairs and Conflict Studies (BACS)  နဲ့ India For Myanmar တို့ပူးပေါင်းပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၇ရက်က ထုတ်ပြန်တဲ့ မြန်မာစစ်အာဏာသိမ်းမှုလပေါင်း (၃၀) အိန္ဒိယ၏ မြန်မာ့ရေးရာမူဝါဒနှင့် ဆက်ဆံရေးအခြေအနေသုံးသပ်ချက်အစီရင်ခံစာမှာဖော်ပြထားပါတယ်။

လူထု‌တော်လှန်‌ရေးတိုက်ပွဲမှာ စစ်ကောင်စီနဲ့ ကသည်းသူပုန်တွေ ပူးပေါင်းတိုက်နေတဲ့ သက်သေအထောက်အထားတွေရရှိထားတယ်လို့ စစ်ကိုင်း တိုင်းကပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောပါတယ်။၂၀၂၁ နှောင်းပ်ိုင်းနဲ့ ၂၀၂၂ နှစ်စပိုင်းအရောက်မှာ ချင်းပြည်နယ်နဲ့စစ်ကိုင်းတိုင်းထဲက အိန္ဒိယနယ်စပ်နဲ့နီးတဲ့ မြို့နယ်အချို့က တိုက်ပွဲတွေမှာ ကသည်းသူပုန်တွေဟာ စစ်ကောင်စီတပ်ဖွဲ့နဲ့အတူလိုက်ပါတိုက်ခိုက်နေတဲ့ဖြစ်ရပ်တွေကို တော်လှန်ရေးအင်အားစုတွေက သက်သေသက္ကာယတွေနဲ့အတူ ထုတ်ဖော်ခဲ့ကြပါတယ်။အဲ့ဒီလို သတင်းတွေထွက်ပေါ်လာချိန်မှာပဲ ၂၀၂၁ ၊ အောက်တိုဘာလ ၁၅ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊နိုင်ငံခြားရေးဝန်ကြီးဌာနက ” အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးနှင့် နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာကြေညာချက်” ကိုထုတ်ပြန်ခဲ့ပါတယ်။

အိမ်နီးချင်းနိုင်ငံကို ဆန့်ကျင်ပုန်ကန်နေတဲ့ လက်နက် ကိုင်အဖွဲ့အချို့ဟာ စစ်ကောင်စီရဲ့အကာအကွယ်နဲ့ မြန်မာနိုင်ငံတွင်းအခြေချနေပြီး စစ်ကောင်စီတပ်တွေနဲ့ပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တိုက်ခိုက်နေတာတွေ့ရကြောင်း၊ အိမ်နီးချင်းနိုင်ငံများ အားဆန့်ကျင်ပုန်ကန်ရန်ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို မြန်မာနိုင်ငံအတွင်း အမှီပြုအခြေချခွင့်ပြုမှာမဟုတ်ကြောင်း ထုတ်ပြန်ထားတာပါ။

ဒါဟာကသည်းသူပုန်အရေးကို အိန္ဒိယအစိုးရထံ NUG က သတင်းစကားပါးတာလို့ စစ်ကိုင်းတိုင်းတော်လှန်ရေးအင်အားစုတွေကပြောပါတယ်။ဒါပေမယ့်လည်း ကသည်းသူပုန်တွေရဲ့ခြေလှမ်းဟာ ရပ်တန့်မသွားခဲ့ပါဘူး။ ချင်းပြည်နယ်တွန်းဇံမြို့၊ စစ်ကိုင်းတိုင်းတမူးမြို့၊ ခါမ်းပါတ်မြို့၊ ဟုမ္မလင်းမြို့၊ ရွှေပြည်အေးမြို့တွေမှာ ကသည်းသူပုန်တွေဟာ စစ်တပ်နဲ့အတူတွဲတိုက်ခိုက်ခဲ့ကြတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကပြောကြပါတယ်။

” တမူး၊ခါမ်းပါတ်တိုက်ပွဲတွေမှာပါတယ်။ဟုမ္မလင်း၊ ရွှေပြည်အေးတိုက်ပွဲတွေမှာပါတယ်။ ပြီးတော့ ဟုမ္မလင်းနဲ့ အောင်ဇေယျနယ်စပ်တိုက်ပွဲတွေမှာပါတယ်။ ဒါတွေက ကသည်းတွေ သေချာပေါက်ပါခဲ့တဲ့တိုက်ပွဲတွေဖြစ်တယ်။ သက်သေအနေနဲ့ ဟုမ္မလင်းတိုက်ပွဲမှာဆိုရင် ကသည်းအရာရှိရဲ့ယူနီဖောင်းရထားတာရှိတယ်။ လက်နက်ရထားတာရှိတယ်။ တမူး၊ခါမ်းပါတ်တိုက်ပွဲမှာလည်း ကသည်းတွေရဲ့အလံရတာတွေရှိတယ်။ လက်နက်ရတာတွေရှိတယ်။ ဒါတွေကို MOD ကို မှတ်တမ်းတွေနဲ့ အစီရင်ခံစာတွေတင်ထားတယ်” လို့ ဦးဟန်ဆိုင်းက ပြောပါတယ်။

ဒီဆောင်းပါးအတွက် လေ့လာစုံစမ်းမှုတွေအရ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ တမူးမြို့နယ်၊သနန်ကျေးရွာအနီးမှာရှိတဲ့ ကသည်းစခန်းတခုကို တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁/၂)နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်က တိုက်ပွဲအတွင်း UNLF အမှတ်တံဆိပ်နဲ့အတူ Manipur People Army – MPA ဘက်တံဆိပ်ပါဝင်တဲ့ ယူနီဖောင်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။ ဒါနဲ့သက်ဆိုင်တဲ့ ဓာတ်ပုံမှတ်တမ်းတွေလည်းလက်ခံရရှိထားပါတယ်။ ဒါ့အပြင် အဲ့ဒီနှစ် ဒီဇင်ဘာ ၇ ရက်နေ့မှာ တမူးမြို့နယ်အထက်ပိုင်း အောင်ဇေယျကျေးရွာက စစ်ကောင်စီ၊ ရှမ်းနီ(SNA)နဲ့ UNLF ပူးပေါင်းစခန်းကို MOD အမှတ်(၁) စစ်ဒေသကွပ်ကဲမှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။တမူးနယ်က ပန်းသာတိုက်ပွဲ၊ ခါမ်းပါတ်တိုက်ပွဲတွေမှာလည်း ကသည်းသူပုန်တွေဟာ စစ်ကောင်စီတပ်တွေနဲ့အတူတွဲပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။

” ကျနော်တို့ကိုယ်တိုင်မြေပြင်မှာလက်ဆုပ်လက်ကိုင်ရခဲ့တယ်။ ခါမ်းပါတ်တိုက်ပွဲမှာဆိုရင် မှတ်ပုံတင်ကစရခဲ့တာ” ဟု တိုက်ပွဲဝင်ရဲဘော်သျှောင်တစောင်း ကပြောပါတယ်။

၂၀၂၂ ခုနှစ်က တိုက်ပွဲအတွင်း ကသည်းသူပုန်နှစ်ဦးကို အရှင်ဖမ်းမိခဲ့ပြီး အိန္ဒိယဘက်ကိုလွှဲပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့နဲ့ ၂၈ ရက်နေ့တို့မှာ စစ်ကောင်စီက တမူးမြို့နယ်၊ ဟဲဇင်းရွာက ကသည်းသူပုန်စခန်းရှိရာဘက်ကို လေကြောင်းကနေ ပစ္စည်းတွေလာချပေးသွားတာကိုလည်း မြင်တွေ့လိုက်ရကြောင်း မျက်မြင်သက်‌သေဒေသခံအချို့ကပြောပါတယ်။

ကသည်းသူပုန်တွေဟာ စစ်ကောင်စီနှင့်ပူးပေါင်းနေသလို မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချရာမှာလည်းပဲ ပါဝင်ပတ်သက်နေလို့ အမျိုးသားရေးအန္တရာယ်ဖြစ်နေပြီလို့ ချင်းအမျိုးသားတပ်ဦး(CNF)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကဆိုပါတယ်။

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ဆဲနန်ရွာအနီးမှာ ကသည်းသူပုန်အဖွဲ့ (PLA) ရဲ့ အခြေစိုက်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၂ မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပါတယ်။ ဒီတိုက်ပွဲမှာ ကသည်းသူပုန်စခန်းကို သိမ်းနိုင်ခဲ့ပေမယ့် ချင်းအမျိုးသားတပ်ဦးကဗိုလ်မှူးတဦးကျဆုံးခဲ့ပါတယ်။

ကသည်းသူပုန်အရေးနဲ့ ပတ်သက်တဲ့ သဘောထားကို ဆလိုင်းထက်နီက ” ကျနော်တို့ဒေသမှာ၊ကျွန်တော်တို့နိုင်ငံမှာ တခြားတိုင်းတပါးသားလက်နက်ကိုင်တွေ ခြေကုပ်ယူနေတာကိုလုံးဝမကြိုက်ဘူး” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းမှာ ကသည်းသူပုန်တွေ အခုလို ခြေရှုပ်နေတာကိုအိန္ဒိယအစိုးရအနေနဲ့ ထိထိမိမိကိုင်တွယ်ထိန်းချုပ်ဖို့လိုအပ်တယ်လို့ BACS နဲ့ India For Myanmar အစီရင်ခံစာက တိုက်တွန်းထားပါတယ်။စစ်ကောင်စီက ပံ့ပိုးနေမှုကြောင့် မဏိပူရ်ခွဲထွက်သူပုန်တွေ အင်အားကြီးမားလာခြင်းဟာ အိန္ဒိယပြည်တွင်းနိုင်ငံရေးပဋိပက္ခတွေကို ကြီးထွားလာစေမယ့်လက္ခဏာလို့လည်း သတိပေးပါတယ်။

  • ကသည်းသူပုန်ကို ကာကွယ်ပေးထားတဲ့ စစ်ကောင်စီ

အခုဖော်ပြမယ့်ဖြစ်စဉ်ကလည်း ကသည်းသူပုန်တွေနဲ့ စစ်ကောင်စီပတ်သက်ဆက်နွယ်မှုအတိမ်အနက်ကို မီးမောင်းထိုးပြနေပါတယ်။

မြန်မာနဲ့နယ်စပ်အနီး မဏိပူရ်ပြည်နယ်၊ ချူရာချန်ပူခရိုင်မှာ ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က အိန္ဒိယအစိုးရထိန့်လန့်တုန်လှုပ်ခဲ့ရတဲ့ တိုက်ခိုက်မှုတခု ဖြစ်ခဲ့ပါတယ်။အိန္ဒိယဗဟိုအစိုးရရဲ့ အာသံရိုင်ဖယ်တပ်အမှတ် (၄၆)ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး

ထရီပသီလိုက်ပါလာတဲ့ ယာဉ်တန်းကို ကသည်းသူပုန်အဖွဲ့တဖွဲ့ဖြစ်တဲ့ People’s Liberation Army – PLA ခေါင်းဆောင် ရန်ဂျစ်နာအိုရမ်(Rangit Naorem)နဲ့ လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် ဗိုလ်မှူးကြီးထရီပသီနဲ့ ဇနီး၊ ၄ နှစ်အရွယ်သားဖြစ်သူနဲ့ အိန္ဒိယစစ်သားလေးဦးသေဆုံးခဲ့ပါတယ်။” သူရဲဘော ကြောင်စွာတိုက်ခိုက်မှု” လို့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် N. Biren Singh က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ PLA တပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံဘက်ကနေ ဝင်ရောက်လာပြီး တိုက်ခိုက်ခြင်းဖြစ်ကြောင်းနဲ့ တိုက်ခိုက်အပြီး နာရီပိုင်းအကြာမှာပဲ မြန်မာနယ်စပ်ရှိ ၎င်းတို့ရဲ့ခြေကုပ်စခန်းတွေဆီထွက်ပြေးလွတ်မြောက်သွားတယ်လို့ BACS နဲ့ India For Myanmar ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရန်ဂျစ်နာအိုရမ်အပါအဝင် ၁၀ ဦးကို မတရားအသင်း (ကာကွယ်ရေး) အက်ဥပဒေ၊ လက်နက်အက်ဥပဒေ ဆိုင်ရာပုဒ်မတွေအပြင် အခြားပုဒ်မတွေနဲ့အတူအိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
ကသည်းသူပုန်တွေကိုဖမ်းပေးဖို့လည်း စစ်ကောင်စီကို အိန္ဒိယက ဖိအားပေးခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာတော့ ဒီအမှုမှာပါဝင်ပတ်သက်နေတဲ့ PLAတပ်ဖွဲ့က ငါးဦးကို စစ်ကောင်စီက အိန္ဒိယကို လွှဲပြောင်းပေးခဲ့ပါတယ်။ မြန်မာနိုင်ငံကနေတဆင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ကို အိန္ဒိယစစ်ဘက်လေယာဉ်လာရောက်ခေါ်ဆောင်သွားတယ်လို့ အေပီသတင်းမှာဖော်ပြထားပါတယ်။ ဒီအထဲမှာ ရန်ဂျစ်နာအိုရမ်မပါသွားဘဲ သူဟာ အခုအထိ ဟုမ္မလင်းမြို့နယ်ထဲမှာ မြန်မာစစ်တပ်ရဲ့ ကာကွယ်မှုနဲ့အတူ လှုပ်ရှားနေဆဲလို့ ဒေသခံနိုင်ငံရေးအင်အားစုတွေက ပြောပါတယ်။ရန်ဂျစ်နာအိုရမ်ဟာ ယခုအချိန်အထိ ဟုမ္မလင်းနယ်တဝိုက်မှာ ရှိနေပြီး စစ်ကောင်စီကအကာအကွယ်ပေးထားတယ်လို့ ဒေသခံတွေက ဇန်နဝါရီလတတိယလပတ်ထဲမှာ ပြောပါတယ်။

  • ကသည်းသူပုန်၊ မြန်မာနဲ့အိန္ဒိယအခင်းအကျင်း

” အရှေ့ဘက်ရှိ သေးငယ်သော နိုင်ငံလေးသည် တရုတ်၏စက်ကွင်းထဲ လျင်မြန်စွာကျရောက်သွားမည့်အရေးကို သူတို့စောင့်ကြည့်နေကြ၏”

၂၀ရာစုစွန်းစွန်းကာလဆီက အိန္ဒိယရဲ့စိုးရိမ်ချက် တစိတ်တပိုင်းကို ဒေါက်တာသန်းမြင့်ဦးရဲ့ ” တရုတ်နှင့်အိန္ဒိယဆုံမှတ်၊မြန်မာနိုင်ငံနှင့်အာရှ၏လမ်းဆုံလမ်းခွသစ်များ” စာအုပ်ထဲမှာ လှစ်ဟဖော်ပြထားချက်ပါ။
လူဦးရေသန်းထောင်ချီစီရှိကြပြီး ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့တရုတ်ရဲ့ ပထဝီနိုင်ငံရေးအားပြိုင်မှုထဲမှာ လူဦးရေသန်း ၅၅ ခန့်သာရှိတဲ့ မြန်မာဟာ ညှပ်ပူးညှပ်ပိတ်ရင်ဆိုင်နေရတာပါ။ မြန်မာနိုင်ငံဘက်က ကသည်းသူပုန်အရေးမှာ စစ်ကောင်စီကို ထိထိမိမိ ဖိအားမပေးဘဲ အိန္ဒိယအစိုးရဘာကြောင့်နှုတ်ပိတ်နေပါသလဲ။ ဒီမေးခွန်းကို ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ၊ လူအခွင့်အရေးရှေ့နေ ဦးအောင်ထူးကဒီလိုဖြေဆိုပါတယ်။

” အိန္ဒိယရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းတယ်လေ။ အိန္ဒိယရဲ့ အဓိကအစိုးရိမ်ဆုံးရန်သူကတော့ တရုတ်

ပဲ။ ကျွန်တော် အိန္ဒိယနိုင်ငံကို လေး၊ငါး၊ခြောက် ခေါက်လောက်ရောက်ပြီးတော့ အိန္ဒိယခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖူးတယ်။ သူတို့ အစိုးရိမ်ဆုံးကတရုတ်ပဲ။ အဲ့တော့ ဗမာပြည်မှာ အခြေအနေ ဘယ် လိုပဲ ဖြစ်ပါ‌စေ၊ တရုတ်နဲ့ရန်မဖြစ်ချင်ဘူး။ ရန်ဖြစ်လို့ရှိရင်လည်း သူ့ဘက်ကပါအောင် မြန်မာနိုင်ငံကအာဏပိုင်တွေကို သူကထိန်းထားချင်တယ်။ သူတို့နိုင်ငံရဲ့ ရည်ရွယ်ချက်က ဒါပဲ”

ကသည်းသူပုန်တွေ မြန်မာနယ်စပ်မှာ ရှိတာထက် တရုတ်နယ်စပ်ဘက်ရောက်သွားပြီး တရုတ်က အားဖြည့်ပေးမှာကို အိန္ဒိယအစိုးရက အလွန်စိုးရိမ်နေတယ်လို့ ဦးအောင်ထူးကဆိုပါတယ်။ဒါကြောင့် ကသည်းသူပုန်တွေ မြန်မာဘက်ခြမ်းမှာ ရှိနေတာကို သံတမန်ရေးအရ ဖိအားပေးတာကလွဲလို့ ဖိဖိစီးစီးမလုပ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကဆိုပါတယ်။ လတ်တလောမှာ နိုင်ငံတော်အာဏာကိုထိန်းချုပ်ကိုင်တွယ်ထားတဲ့ စစ်ကောင်စီ စိတ်ငြိုငြင်မယ့်အရေးကို ရှောင်လွှဲလိုတဲ့ အိန္ဒိယအစိုးရရဲ့ နှုတ်ဆိတ်နေမှုက မြန်မာဘက်မှာ ကသည်းသူပုန်တွေပိုပြီး သက်ဆိုးရှည်စေသလို လူထုတော်လှန်ရေးကိုလည်း အကြီးအကျယ်နှောက်ယှက်နေပြီလို့ ဦးအောင်ထူးကဆိုပါတယ်။

တရုတ်နဲ့အိန္ဒိယဆုံမှတ်ဖြစ်တဲ့ မြန်မာမှာ နှစ်နိုင်ငံစလုံးက ရင်းနှီးမြှုပ်နှံမှုတွေကြီးကြီးမားမားရှိနေပြီး အဲဒီစီမံကိန်းတွေ ပေါ်လည်း နှစ်နိုင်ငံစလုံးက အလိုရမ္မက်ကြီးနေပါတယ်။ တရုတ်နိုင်ငံဟာ ဧရာဝတီမြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ဒေါ်လာဘီလီယံချီရင်းနှီးမြှုပ်နှံထားတဲ့ ဧရာဝတီတိုင်း၊ ရွှေသောင်ယံကမ်းခြေဒေသက သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း အစရှိတဲ့ ဧရာမစီမံကိန်းတွေ မြန်မာနိုင်ငံနဲ့ စာချုပ်ချုပ်ဆိုထားပါတယ်။ အိန္ဒိယနိုင်ငံကလည်း တရုတ်ဩဇာကို ဟန့်တားနိုင်ဖို့သူတို့ အကောင်အထည်ဖော်နေတဲ့ Act East Policy (အရှေ့ဘက်နှင့် ပူးပေါင်းဆောင်ရွက်ရေးမူဝါဒ) အရ လုပ်ဆောင်နေတဲ့ မဲခေါင်−ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးအစီ အစဉ်တွေမှာ မဟာဗျူဟာအရ အရေးကြီးတဲ့ မြန်မာမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားပါတယ်။ အင်ဒို−ပစိဖိတ်ဒေသတွင်းနိုင်ငံတွေဆီ ဆက်သွယ်နိုင်မယ့် ကုလားတန်မြစ်‌ကြောင်းဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း၊ အိန္ဒိယနိုင်ငံနဲ့ မဲခေါင်ဒေသနိုင်ငံတွေဆက်သွယ်နိုင်မယ့် မြန်မာ−အိန္ဒိယ−ထိုင်း သုံးနိုင်ငံလမ်းမစီမံကိန်းလည်း ဖော်ဆောင်နေပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ဒီစီမံကိန်းတွေဟာ နှောင့်နှေးနေပေမယ့် အလျင်အမြန်အကောင်ထည်ဖော်ဖို့အတွက် နှစ်နိုင်ငံစလုံးက နည်းမျိုးစုံကြိုးစားနေပါတယ်။

ကုလားတန်မြစ်‌ကြောင်းဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ စစ်တွေဆိပ်ကမ်းကို ၂၀၂၃ မေလ ၉ရက်နေ့မှာ အိန္ဒိယနဲ့စစ်ကောင်စီ ဖွင့်လှစ်ခဲ့ပါတယ်။ စစ်တွေဆိပ်ကမ်းဖွင့်လှစ်နိုင်ခဲ့တဲ့အပေါ် အိန္ဒိယဝန်ကြီးချုပ် မိုဒီကိုယ်တိုင်က သူ့ရဲ တွစ်တာစာမျက်နှာပေါ်မှာ ” Great news for commerce connectivity” ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ရေးတင်ခဲ့ပါတယ်။အဲ့ဒီအချိန်ဟာ အိန္ဒိယနိုင်ငံနဲ့ထိစပ်နေတဲ့ ချင်းပြည်နယ်မှာရောစစ်ကိုင်းတိုင်းမှာပါ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေခဲ့တာပါ။ ဒါ့အပြင် သုံးနိုင်ငံအဝေးပြေးလမ်းစီမံကိန်းပြန်စဖို့နဲ့အခြားစီမံကိန်းတွေ မနှောင့်‌နှေးဖို့ စစ်ကောင်စီကို ဖိအားပေးခဲ့ပါတယ်။

တချိန်တည်းမှာပဲ အိန္ဒိယဟာ စစ်ကောင်စီကို ကူညီပေးနေတဲ့ လုပ်ရပ်တွေလည်း ကမ္ဘာ့စာမျက်နှာတွေအထိ ရောက်ခဲ့ပါတယ်။ နိုင်ငံတကာသံတမန်အချို့နဲ့ ပညာရှင်တွေပါဝင်တဲ့Track 1.5လို့ခေါ်တဲ့ မြန်မာအရေးဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် ဧပြီလမှာ အိန္ဒိယကအိမ်ရှင်အနေနဲ့ ပြုလုပ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ စစ်ကောင်စီကို တရားဝင်ဖြစ်မှုရသွားစေပြီး စစ်ကောင်စီရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် ကူညီပေးရာရောက်သွားတယ်လို့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီအမျိုးသားစစ်တက္ကသိုလ်က မြန်မာ့အရေးလေ့လာသုံးသပ်သူ ပါမောက္ခဇက်ခါရီ အဘူဇာက ၂၀၂၃ မတ်လ ၂၇ရက်နေ့က Benar News ရဲ့ ဆောင်းပါးမှာ သုံးသပ်ရေးသားခဲ့တယ်။

ဒါ့အပြင်အိန္ဒိယဟာ စစ်ကောင်စီကို အကာအကွယ်ပေးနေတဲ့ ရုရှား၊တရုတ်တို့လိုပဲ စစ်ကောင်စီကို စစ်လက်နက်တွေအများအပြားရောင်းချခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာတွမ်အမ်ဒရူးက ၂၀၂၃ မေလလယ်မှာ အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။

မြေပြင်အခြေအနေတွေကို ပိုပြီးရှင်းရှင်းလင်းလင်း သိနိုင်ဖို့ တမူး-ကလေး အာရှလမ်းမကြီးပေါ်မှာ ၂၀၂၂ခုနှစ်၊ စက်တင်ဘာနဲ့ နိုဝင်ဘာလထဲက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်တွေဆီ လည်ပြန်ကြည့်ကြရအောင်ပါ။ အဲဒီတုန်းကဆိုရင် စစ်ကိုင်းတိုင်းထဲမှာ ရက်အရှည်ကြာဆုံး တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နွှဲနေကြရတာပါ။ အဲဒီတိုက်ပွဲရဲ့ ဇစ်မြစ်ကတော့ အိန္ဒိယဟာ မိုရေးနယ်စပ်ကတဆင့် စစ်ကောင်စီကို စစ်သုံးပစ္စည်း အမြောက်အများပေးပို့ခဲ့လို့ အစီးရေရာချီတဲ့ယာဉ်တန်းနဲ့သယ်တဲ့ အဲဒီလမ်းကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက လနဲ့ချီကြာအောင်ဖြတ်တောက်ပိတ်ဆို့ခဲ့ကြရတာလို့ တမူးမြို့မှာ အခြေစိုက်တဲ့ အမျိုးသားလွတ်မြောက် ရေးတပ်တော် (NLA) တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ အဲ့ဒီ စစ်သုံးပစ္စည်းတွေ သယ်ယူနိုင်ရေးအတွက် စစ်ကောင်စီက တမူးမြို့နယ်က ကာကွယ်ရေးတပ်ပေါင်းစုတွေရဲ့စခန်းကို လေကြောင်းရော မြေပြင်စစ်ကြောင်းပါ အသုံးပြုပြီး တိုက်ခိုက်ခဲ့လို့ စခန်းစွန့်ခွာပေးခဲ့ကြရတယ်လို့ကာကွယ်ရေးရဲဘော်တွေကပြောပါတယ်။

စစ်ကောင်စီကို အိန္ဒိယက မျက်နှာသာပေးခဲ့တဲ့ လူအများစုသတိမမူခဲ့တဲ့ဖြစ်ရပ်တခုလည်း ကသည်းသူပုန်တွေခြေရှုပ်ရာဒေသမှာ ရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၅ရက်နေ့ နေ့လယ်မှာ မိုရေးမြို့က အိန္ဒိယနိုင်ငံသားနှစ်ဦးဟာ တမူးမြို့ဘက်ကို လာရင်းသတ်ဖြတ်ခံလိုက်ရပါတယ်။ ပျူစောထီးတွေကသတ်ဖြတ်တာဖြစ်ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေက အချက်လက်တွေနဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တမူးမြို့ပေါ်မှာ ပျူစောထီးတွေအားကောင်းနေခဲ့တာပါ။ ရုပ်အလောင်းပြန်ပေးဖို့နဲ့၊ အမှုမှန်ဖော်ထုတ်ပေးဖို့ မိုးရေးဘက်က အိန္ဒိယနိုင်ငံသားတွေ ဆန္ဒပြခဲ့ကြပါတယ်။ နယ်စပ်စစ်‌ဆေး‌ရေးဂိတ်ကို မီးရှို့တဲ့အထိအခြေအနေတင်းမာခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီကတော့ အကြမ်းဖက်အဖွဲ့‌လက်ချက်ဖြစ်ကြောင်း အိန္ဒိယဘက်ကို အကြောင်းပြန်လိုက်ပြီး အလောင်းတွေကို အစစ်ဆေးမခံဘဲ နာရီအနည်းငယ်အတွင်းမှာ မီးရှို့သင်္ဂြိုဟ်ခဲ့ပါတယ်။ ဒီလူသတ်မှုဟာ ဇူလိုင်လ ၅ရက် နေ့လယ် ၁၂ နာရီခွဲခန့်မှာ ဖြစ်ခဲ့တာပါ။စုံစမ်းပေမယ့် ပိုင်ရှင်မပေါ်တဲ့အတွက် ဇူလိုင်လ ၆ ရက်မနက်မှာပဲ မီးရှို့လိုက်တယ်လို့ စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ အိန္ဒိယအစိုးရရော စစ်ကောင်စီပါ အသံတိတ်သွားပြီး ဒီနေ့အထိ စုန်းစုန်းမြုပ်သွားခဲ့ပါတယ်။

ဒါပေမယ့် စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့ထဲက အချို့က ၂၀၂၃ မတ်လမှာ လက်နက်အရောင်းအဝယ်ကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံသားသုံးဦး သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ ကိစ္စမှာတော့ အိန္ဒိယအစိုးရက သဘောထားတင်းမာခဲ့ပါတယ်။ တော်လှန်ရေးအင်အားစုတွေကိုတော့ ဖိအားအမျိုးမျိုးပေးခဲ့ကြတယ်။ နယ်စပ်မှာ ကန့်သတ်မှုတွေပြုလုပ်ခဲ့ပါတယ်။ လူသတ်မှုကျူးလွန်သူတွေကို တော်လှန်ရေးအင်အားစုတွေက ရက်ပိုင်းအတွင်းဖော်ထုတ်ဖမ်းဆီးပေးခဲ့ကြပါတယ်။
ဒါ့အပြင် ချင်းပြည်နယ်နဲ့အိန္ဒိယနယ်စပ်က ချင်းအမျိုးသားတပ်တော်(CNA) ဌာနချုပ်ကို ၂၀၂၃ ဇန်နဝါရီ ၁၀ရက်မှာ စစ်ကောင်စီက အိန္ဒိယလေပိုင်နက်ကိုအသုံးချပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းတော်လှန်ရေးအင်အားစုတွေ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အိန္ဒိယအစိုးရဟာ သူ့အကျိုးစီးပွားအတွက် စစ်ကောင်စီကို မျက်နှာသာပေးပေါင်းသင်းဆက်ဆံရင်း မြန်မာလူထုရဲ့ခံစားချက်အမှန်ကို လျစ်လျူရှုနေတယ်လို့ BACS နဲ့ India For Myanmar ရဲ့အစီရင်ခံစာကဆိုပါတယ်။

” မြန်မာစစ်တပ်ဟာ သူတို့ ထောက်ပံ့ထားတဲ့ အိန္ဒိယက ခွဲထွက်ရေးလက်နက်ကိုင်တွေကို တော်လှန်ရေးအင်အားစုတွေနဲ့လည်း တိုက်ခိုက်ခိုင်းတာမျိုးရှိပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်ထောက်ပံ့ထားတဲ့ဒီလက်နက်ကိုင်တွေဟာ အိန္ဒိယအစိုးရအတွက်သာ မကဘဲ မြန်မာပြည်က တော်လှန်ရေးအင်အားစုတွေအတွက်လည်း ဆူးညှောင့်ဖြစ်နေပါတယ်” လို့ BACSက ဆိုပါတယ်။

  • စာအုပ်အစိမ်းရဲ့ ဆန့်ကျင်ဘက်ကကသည်းသူပုန်

စစ်ကောင်စီက ယခုအထိ ကုတ်တွယ်အသုံးပြုနေဆဲဖြစ်တဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁) နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ ၄၂ (ခ)မှာ “နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု”လို့ပြဌာန်းထားပါတယ်။ ဒါပေမယ့် စစ်တပ်ဟာ ကသည်းသူပုန်တွေကို မြန်မာနိုင်ငံထဲမှာ ပေါ်ပေါ်တင်တင်အသုံးချနေပြီး သူ့ထုတ်ထားတဲ့ ဥပဒေကို သူကိုယ်တိုင်ချိုးဖောက်ရာရောက်နေပါတယ်။

စစ်ခေါင်းဆောင်ဦးဆောင်တဲ့ စစ်တပ်ဟာ ပြည်သူ လူထုရွေးကောက်တင်မြောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်အာဏာကိုလုယူထားတာမို့ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်နေတဲ့အစုအဖွဲ့ဖြစ်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့အဖွဲ့တိုင်းဟာအမှုတွဲနေပြီလို့လူ့အခွင့်အရေးရှေ့နေဦးအောင်ထူးကထောက်ပြပါတယ်။

” မင်းအောင်လှိုင်တို့ဟာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၁(ဃ)အရ ပြစ်မှုမြောက်တယ်။ အဲ့တော့ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဖြစ်တယ်။ အဲ့တော့ အဲ့အဖွဲ့ကိုအားပေးသူမည်သူမဆို လက်နက်နဲ့အားပေးသည်ဖြစ်စေ၊ ငွေကြေးနဲ့အားပေးသည်ဖြစ်စေ၊အသိအမှတ်ပြုခြင်းနဲ့အားပေးသည်ဖြစ်စေ၊ တနည်းနည်းနဲ့အားပေးရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၁(ဃ)အရ ထပ်ပြီးတော့ ပြစ်မှုမြောက်ပါတယ်” လို့ ဦးအောင်ထူးက ပြောပါတယ်။နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို အားပေးကူညီမှု ပုဒ်မ(၁၂၉)ပြစ်မှုလည်း မြောက်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် NUGအစိုးရအနေနဲ့ နိုင်ငံတကာရာဇဝတ်မှုခုံရုံး(ICC)မှာ တရားစွဲဆိုဖို့နဲ့ လူထုနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း သက်သေအထောက်အထားတွေ ရှာဖွေထားဖို့လိုတယ်လို့ ဥပဒေရေးရာကျွမ်းကျင်သူတွေက အကြံပြုပါတယ်။

ဥပဒေပညာရှင်ဦးကြီးမြင့်ကတော့ ကသည်းသူပုန်တွေကိုအသုံးချနေတဲ့ စစ်ကောင်စီရဲ့ ယခုလုပ်ရပ်ဟာ အိန္ဒိယအစိုးရရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့အထိဖြစ်နေပြီလို့မှတ်ချက်ပြုပါတယ်။

ဒီဆောင်းပါးနဲ့ပတ်သက်ပြီးတော့ ကသည်းသူပုန်တွေ မြန်မာနိုင်ငံအတွင်း အခြေချနေထိုင်ခွင့်ရရှိနေတာနဲ့အတူ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေတဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီကို စာပို့မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် မဏိပူရ်အစိုးရရဲ့သဘောထားကိုမေးမြန်းနိုင်ဖို့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်ရုံးရဲ့ အီးမေးလ်ကို စာပေးပို့ခဲ့ပေမယ့်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ အလားတူ UNLF၊PLA တို့ကို ဆက်သွယ်မေးမြန်းပေမယ့် တစုံတရာတုံ့ပြန်ချက်မရရှိခဲ့ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက စစ်ကောင်စီနဲ့ ကသည်းလက်နက်ကိုင်တွေ ပူးပေါင်းနေတဲ့သတင်းရရှ်ိထားပြီး ဒါဟာ နိုင်ငံတော်ရဲ့အချုပ်အချာအာဏာကိုစော်ကားတာလို့ ဆိုပါတယ်။ ဒီပြဿနာကို ကိုင်တွယ်သွားဖို့နဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေနဲ့အတူ ဥပဒေအရအပြစ်ပေးအရေးယူတဲ့လုပ်ငန်းစဉ်ရှိတယ်လို့ အရိပ်အမြွက်ဆိုပါတယ်။

အခုဆိုရင် မြန်မာ့ပြည်တွင်းရေးမှာ တော်လှန်ရေးအင်အားစုတွေရဲ့စခန်းသိမ်းတိုက်ပွဲတွေနဲ့အတူ အိန္ဒိယနိုင်ငံနဲ့ထိစပ်နေတဲ့ မြန်မာနိုင်ငံဘက်ခြမ်းမှာလည်း စစ်ရေးတင်းမာနေပါတယ်။ ကသည်းသူပုန်တွေ တပ်စွဲခဲ့ဖူးတဲ့ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့နဲ့ ရွှေပြည်အေးမြို့တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ရက်မနက်မှာပဲ ခါမ်းပါတ်မြို့၊ကနန်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ကလေးငယ်အချို့အပါအဝင် အရပ်သား ၁၉ဦး သေဆုံးခဲ့ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုအပြီးမှာလည်း မြေပြင်ကစစ်ကောင်စီစစ်ကြောင်းနဲ့အတူ ကသည်းသူပုန်‌တွေဟာ စစ်ကြောင်းထိုးဖို့ကြိုးစားလာတယ်လို့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ဒါ့အပြင် အရပ်သားပြည်သူတွေ အခုလို အစုလိုက်အပြုံလိုက်သေဆုံးအောင် တိုက်ခိုက်နေတဲ့စစ်ကောင်စီကို ကသည်းသူပုန်တွေက လောင်စာအနေနဲ့အားဖြည့်နေဆဲပဲလို့ ချင်းကာကွယ်ရေးရဲဘော်တွေနဲ့ စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဆိုပါတယ်။

မြန်မာ့မြေပေါ်က သက်ဆိုးရှည်ကသည်းသူပုန်အရေးဟာ ယနေ့ကာလမှာ လူထုကဖြိုချတိုက်ဖျက်နေတဲ့စစ်အာဏာရှင်အလွန် နောင်တက်လာမယ့် အစိုးရလက်ထက်မှာ မလွဲမသွေဖြေရှင်းရမယ့်ပြဿနာကြီးဖြစ်နေပါတယ်။ ။

စာတည်း – အေးချမ်း

ယခုဖော်ပြပါဆောင်းပါးအား Injection Program for Investigative Journalism(IPIJ) မှ ပံ့ပိုးကူညီမှုဖြင့် တင်ဆက်သည်။