မုံလှကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ ထပ်မံမီးရှို့ဖျက်ဆီး

ပုံအညွှန်း-စစ်ကောင်စီတပ်ဖွဲ့မီးရှို့ဖျက်ဆီးသွားသည့် မုံလှရွာ။(ပုံဟောင်း)

ပုံအညွှန်း-စစ်ကောင်စီတပ်ဖွဲ့မီးရှို့ဖျက်ဆီးသွားသည့် မုံလှရွာ။(ပုံဟောင်း)

MTO၊လွှမ်းမိုး

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာရှိ နေအိမ် ၅၃လုံးကို စစ်ကောင်စီတပ်ဖွဲ့ က ထပ်မံမီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံထံမှသိရသည်။

“စစ်ကြောင်းနဲ့ မုံလှ ရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် မုံလှရွာကိုမီးရှို့ပြီးထွက်သွားတာ။ မီးလောင်တာ ၅၃ အိမ်“ ဟု ဒေသခံက ပြောသည်။

မတ်လ ၂၈ ရက် နံနက် ၉နာရီ ဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ယခုကဲ့သို့ မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုံလှကျေးရွာရှိ လူနေအိမ်၊ ဘုရားကျောင်းနှင့် စာသင်ကျောင်းများကို ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်းများ မကြာခဏ ပြုလုပ်သည်ဟု ဒေသခံကပြောသည်။

“စစ်ကြောင်းဝင်လာတဲ့ လမ်းကြောင်းကို စောင့်ပြီးမှ အနီးကပ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်ပစ်ခတ်မှု တနာရီခန့် ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်က ယာယီပြန်လည် ဆုတ်ခွါသွားပါတယ်။ ကာကွယ်ရေး အဖွဲ့တွေ ရွာထဲကနေ ပြန်ဆုတ်တဲ့ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး မုံလှရွာကို ဝင်ရောက်မီးရှို့တာပါ။ ပြီးတော့ စစ်ကြောင်းပြန်ဆုတ်သွားတယ်” ဟု စိန်ဗေဒါလှုပ်ရှား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဗေဒါက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများကို ကားနှစ်စီးဖြင့် ဇီးကုန်းရွာဘက်သို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း စိန်ဗေဒါ လှုပ်ရှားတပ်ဖွဲ့ထံမှ သိရသည်။

ယင်းတိုက်ခိုက်မှုများကို စိန်ဗေဒါ လှုပ်ရှား ပ.က.ဖ တပ်ဖွဲ့ ၊ ခင်ဦးမြို့နယ် တပ်ရင်း(၃) ၊ ရောင်နီအဖွဲ့ နှင့် မုံလှ (ပ.က.ဖ) တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေး ရဲဘော်များဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများ ပူးပေါင်းစစ်ကြောင်းသည် ယခုအခါ ကန့်ဘလူနယ်အတွင်းသို့ ဝင်ရောက်သွားပြီဖြစ်ပြီး ဒေသကာကွယ် ရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများက မုံလှရွာအတွင်းသို့ ဝင်ရောက်ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဒေသခံကပြောသည်။

မတ်လ ၂၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရေဦးမြို့နယ်ဘက်မှ ခင်ဦးမြို့နယ်အတွင်းသို့ ဝင်ရောက်လာပြီး တဲစုကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၆ လုံး မီးလောင်ပျက်စီးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦးကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသခံထံက သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ