ကျနော့်ရဲ့ အကောင်းဆုံးအချိန်ဖြစ်ခဲ့ချိန်မှာ အမ်ဘာပေနဲ့ ယှဉ်ပြိုင်ဖို့ ဆန္ဒရှိခဲ့တယ် – အူစိန်ဘော့

By PKThawn

ပြေးခုန်ပစ်လောကကနေ အနားယူထားတဲ့ အူစိန်ဘော့ဟာ မက်ဒရစ်မြို့က Laureus အားကစားဆုပေးပွဲညမှာ မီဒီယာတွေ့နဲ့ တွေ့ဆုံချိန် အံ့အားသင့်စရာ အဖြေတခု ပြောကြားခဲ့ပါတယ်။ ဘောလုံးကို သူ့ရဲ့ချစ်တဲ့စိတ်နဲ့ ပတ်သက်ပြီး မေးခွန်းတွေထုတ်ခဲ့တာဖြစ်ပြီး သူက “မီတာ ၁၀၀ ကို ကိုင်လီယန် အမ်ဘာပေ ဘယ်လောက်မြန်မြန်ပြေးနိုင်လဲဆိုတာ သိနိုင်ဖို့ သူနဲ့ ပြိုင်ချင်တယ်”လို့ ဆိုခဲ့တာပါ။ ပြင်သစ်ဘောလုံးအသင်းခေါင်းဆောင်နဲ့ပတ်သက်တဲ့ သူရဲ့ အရွှန်းဖောက်မှုက လက်ခုပ်သံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာစေပါတယ်။

အမ်ဘာဟာ “အရမ်းမြန်ကောင်း မြန်နိုင်ပါတယ်”၊ ဒါပေမယ့် ဘော့က သူ့အနေနဲ့ ပီအက်စ်ဂျီစူပါစတားကို မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ အနိုင်ယူနိုင်သေးတယ်လို့ ပြောပါတယ်။

အမ်ဘာပေဟာ ကမ္ဘာ့ဘောလုံးလောကမှာ အလျင်မြန်ဆုံး ကစားသမားတွေထဲမှ တဦးဖြစ်ပြီး ကွင်းထဲမှာ သူ့ရဲ့ လျင်မြန်မှုနဲ့အတူ ပြိုင်ဘက်ခံစစ်တွေကို ခြိမ်းခြောက်နိုင်စွမ်းရှိပါတယ်။ အသက် ၂၅ နှစ် ကစားသမားဟာ မီတာ ၁၀၀ အကွာအဝေးကို ၁၀.၉ စက္ကန့်နဲ့ ပြေးနိုင်စွမ်းရှိတယ်လို့ ပြောဆိုနေကြတာပါ။

အသက် ၃၇ နှစ်အရွယ် ဂျာမေကန် အပြေးဘုရင် ဘော့က ၂၀၁၈ ကမ္ဘာ့ဖလားရှင်ကို အထင်ကြီးလေးစားပြီး ပြင်သစ်သားရဲ့ မြန်ဆန်တဲ့နှုန်းနဲ့ ကွင်းအတွင်း ထိန်းချုပ်ထားနိုင်စွမ်းကို Marca ကို ပြောခဲ့ပါတယ်။ “ဒါကို အောင်မြင်ဖို့ ခက်ပါတယ်။ လူတွေက ဒါဟာ လွယ်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် သူ့မှာ အထူးအရည်အချင်းရှိတယ်။ အမ်ဘာပေက အရမ်းမြန်တယ်။ ဘောလုံးနဲ့ အတူ အရမ်းမြန်ပါတယ်။”

အမ်ဘာပေဟာ ဘောလုံးလောကမှာ လျင်မြန်ပေမယ့် ဘော့ရဲ့ မီတာ ၁၀၀ ကို ၉.၅၈ စက္ကန့်နဲ့ ပြေးနိုင်မှုဟာ ကြာရှည်ခံဦးမယ့် စံချိန်တခုဖြစ်ပုံရပါတယ်။

အိုလံပစ်အားကစားပြိုင်ပွဲ သုံးခုမှာ ရွှေတံဆိပ် ရှစ်ခုရရှိခဲ့တဲ့ ဘော့ဟာ ဂျုဒ် ဘယ်လင်ဟမ်နဲ့အတူ စင်မြင့်ထက်မှာ အတူရှိနေခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်ကြယ်ပွင့်ဟာ ဘာနေဗျူးမှာ ကလက်စီကိုပွဲရဲ့ သူရဲကောင်းဖြစ်ခဲ့ပြီးနောက် ကျယ်လောင်စွာ အားပေးမှုတွေ ရရှိခဲ့ပါတယ်။ ဘော့က သူ့ကို “လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တယောက်”အဖြစ် ချီးကျူးခဲ့ပါတယ်။ ဘော့က “သူဟာ ဆုဖလားပေါင်းများစွာကို ဆွတ်ခူးနိုင်တော့မှာပါ။ ကျနော် လေးစားမိပါတယ်၊ သူက မယုံနိုင်စရာကောင်းတဲ့ ကစားသမားပါ။ သူ့ဆီက ထူးခြားတဲ့အရာတွေကို ကျနော်တို့ မျှော်လင့်ပါတယ်။ သူက တဖြည်းဖြည်းနဲ့ တဆင့်ချင်း တက်လာနေပါတယ်။”လို့ ပြောပါတယ်။

လာမယ့် ပါရီအိုလံပစ်မှာ ရွှေတံဆိပ်ဆုရှင်တွေကို ဒေါ်လာ ၅၀,၀၀၀ ပေးအပ်ဖို့ ကမ္ဘာ့ပြေးခုန်ပစ်ရဲ့ ဆုံးဖြတ်ချက်ကို ဂျမေကာနိုင်ငံသားက ထောက်ခံမဲပေးခဲ့ပါတယ်။ “အားကစားတွေ ကြီးထွားလာပြီး သူတို့ ထိုက်တန်တာကို ရဖို့က အမြဲတမ်း ကောင်းပါတယ်။ အဲဒါက ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအရ ကျေနပ်စရာပါပဲ”လို့ သူက နိဂုံးချုပ်ခဲ့ပါတယ်။

Ref; The Times of India, Goal