ဒေါသတကြီး ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် ထရူးစီယာကို နည်းပြရာထူးမှ ဗီယက်နမ် ထုတ်ပယ်

By PKThawn

ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဒေသတွင်းပြိုင်ဘက် အင်ဒိုနီးရှားအသင်းကို နှစ်ကျော့စလုံးရှုံးနိမ့်အပြီး ဗီယက်နမ်အသင်းနည်းပြအဖြစ် တနှစ်သာ ကိုင်တွယ်ခဲ့ရသေးတဲ့ ပြင်သစ်လူမျိုး ဖိလစ်ပီ ထရူးစီယာရဲ့ တာဝန်ယူမှုဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

ဗီယက်နမ်က အင်ဒိုနီးရှားကို အဝေးကိုမှာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် ငါးရက်အကြာ အင်္ဂါနေ့မှာ အလားတူပြိုင်ဘက်ကို အိမ်ကွင်းမှာ ၃-၀ ဂိုးပြတ်နဲ့ ရှုံးခဲ့တာပါ။ ဒါ့ကြောင့် ခြေစစ်ပွဲနောက်တအဆင့်ကို တက်လှမ်းမယ့် သူတို့ရဲ့မျှော်လင့်ချက်တွေ မှေးမှိန်သွားခဲ့တာပဲဖြစ်ပါတယ်။

ဒါဟာ နှစ်ပေါင်း ၂၀ နီးပါးကြာအတွင်း အင်ဒိုနီးရှားကို ဗီယက်နမ်တို့ ပထမဆုံး အိမ်ကွင်းရှုံးနိမ့်မှုဖြစ်ခဲ့ပြီး ဒေါသထွက်နေတဲ့ အိမ်ကွင်းပရိသတ်တွေက အသက် ၆၉ နှစ် နည်းပြကို ထုတ်ပယ်ဖို့ အော်ဟစ်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲတွေဟာ ထရူးစီယာနဲ့ ဆွေးနွေးခဲ့ပြီး သူတို့ဟာ သူ့ရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ သဘောတူညီခဲ့ကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

“မစ္စတာ ဖိလစ်ပီ ထရူးစီယာက ကစားသမားတွေ၊ ကလပ်တွေ၊ ဘောလုံးအဖွဲ့ချုပ်တွေနဲ့ ပရိသတ်တွေဆီက ထောက်ခံအားပေးမှုကို ကျေးဇူးတင်ပါတယ်”လို့ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

“သူအနေနဲ့ အသင်းရဲ့မျှော်လင့်ချက်တွေမပြည့်မီတဲ့အတွက် ဗီယက်နမ်ပရိသတ်တွေကိုလည်း တောင်းပန်ခဲ့ပါတယ်။”

အသင်းတွေ ဒါမဟုတ် နိုင်ငံပေါင်း နှစ်ဒါဇင်ခန့်ကို ကိုင်တွယ်ခဲ့တဲ့ အတွေ့အကြုံများစွာရှိတဲ့ ထရူးစီယာဟာ ဗီယက်နမ် ယူ-၂၃ နည်းပြလည်း ဖြစ်ခဲ့ပါတယ်။

ထရူးစီယာဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ စီနီယာလက်ရွေးစင်အသင်းကို ဦးဆောင်ဖို့ သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး သူတို့ရဲ့သမိုင်းတလျှောက် အသင်းကို ပထမဆုံးကမ္ဘာ့ဖလားဆီ ခေါ်ဆောင်သွားလိုကြောင်း ပြောပါတယ်။

ဗီယက်နမ်အသင်းဟာ လေးပွဲကစားအပြီး သုံးမှတ်ဖြင့် အုပ်စုတတိယနေရာမှာ ရပ်တည်နေပါတယ်။ ထိပ်ဆုံးနှစ်သင်းကသာ နောက်တဆင့်ကို တက်ရောက်မှာပါ။

အီရတ်က ၁၂ မှတ်နဲ့ အုပ်စု ထိပ်ဆုံးမှာရှိနေပြီး နောက်တဆင့်ကို တက်လှမ်းပြီးဖြစ်ပါတယ်။ အင်ဒိုနီးရှားက ၇ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

(AFP)