အမေရိကန်ပြည်ထောင်စုမှ မြန်မာကျောင်းသားများ အဆင့်မြင့်ပညာရေးကို ဆက်လက်ဆည်းပူးရန် ပညာသင်ဆုအစီအစဉ် ကြေငြာ

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID)မှ မြန်မာနိုင်ငံတွင်းရှိ အခွင့်ရေးဆုံးရှုံးမှု အများဆုံး ရင်ဆိုင်နေရသော လူငယ်များအားလုံးပါဝင်နိုင်သည့် ပညာသင်ဆု အစီအစဉ်မိတ်ဆက်ခြင်းကို ဘန်ကောက်မြို့မှာ ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ငါးနှစ်တာကြာမြင့်မြီဖြစ်သည့် ပညာသင်ဆုအစီအစဉ်သည် ထိုင်းနိုင်ငံ၊ တောင်အာရှနှင့် အရှေ့တောင် အာရှရှိ နိုင်ငံများတွင် အဆင့်မြင့် ပညာရေး အခွင့်အလမ်းများ ရရှိစေရန် ဖြစ်သည်။ အဆင့်မြင့် တက္ကသိုလ်များကပေးအပ်သည့် ပညာရေးဘွဲ့များအပြင် အမေရိကန်ပြည်ထောင်စု အရီဇိုးနားတက္ကသိုလ်မှ သင်ကြားပို့ချသော အွန်လိုင်းဘာသာရပ်များကိုလည်း မြန်မာကျောင်းသူကျောင်းသား ၁,၀၀၀ ကျော် ပညာသင်ကြားခွင့် ရရှိပါမည်။

ဤပညာသင်ဆုသည် မြန်မာနိုင်ငံတွင်းရှိ အခွင့်ရေးဆုံးရှုံးမှု အများဆုံး ရင်ဆိုင်နေရသော လူငယ်များအား ဦးစားပေးကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကိုယ်စားပြုမှုနည်းပါးကာ ဘေးဖယ်ထားသော လူဦးရေအတွက် အဆိုပါ ပညာသင်ဆုအစီအစဉ်တွင် အားလုံးပါဝင်နိုင်ရန် ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။

“နိုင်ငံ့လူဦးရေရဲ့ ၄၅ ရာခိုင်နှုန်းဟာ အသက် ၂၅ နှစ်အောက် လူငယ်လူရွယ်တွေဖြစ်ပြီး၊ မြန်မာနိုင်ငံဟာ ယင်းလူငယ်တွေ မျိုးဆက်ပျောက်ဆုံးမည့် (အနာဂတ်မဲ့) အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒီလိုစိုးရိမ်ဖွယ်အခြေအနေမျိုးကို မြန်မာနိုင်ငံက ရင်ဆိုင်နေရတာကြောင့် ယခုပညာသင်ဆုအစီအစဉ်ဟာ ယင်းအခြေအနေကို ကာကွယ်နိုင်အောင် အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေထဲ တစ်ခုဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင် (Susan Stevenson) ပြောပါသည်။

“ဒီပညာသင်ဆုအစီအစဉ်ဟာ ဒေသတွင်းမှာရှိတဲ့ အဆင့်မြင့် ပညာရေးအဖွဲ့အစည်းတွေအတွက် မဟာ ဗျူဟာမြောက် ပညာရေးရင်းနှီးမြှုပ်နှံမှု ဖြစ်သလို မြန်မာနဲ့ ကမ္ဘာတဝန်းမှာ ပိုမိုအပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေဖြစ်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်ဖြစ်ပါတယ်” ဟု အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အာရှရေးရာ လက်ထောက် အုပ်ချုပ်ရေးမှူး မိုက်ကယ် ရှစ်ဖာ (Michael Schiffer) က ပြောပါသည်။

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် အမေရိကန် နိုင်ငံ (၇) နိုင်ငံတွင် ပညာသင်ကြားနိုင်မှာ ဖြစ်ပြီး degree program အတွက် ပညာသင်ဆု ၃၅၀ ကျော် non-Degree program အတွက် ပညာသင်ဆု ၄၅၀ ကျော်ပေးအပ်သွားမှာ ဖြစ်ကြောင်း သိရပါသည်။ လူကိုယ်တိုင် တက်ရောက်နိုင်တဲ့ program တွေရှိသလို၊ အွန်လိုင်းကနေ တက်ရောက်နိုင်တဲ့ program များ ရှိကြောင်း သိရပါသည်။ အဆိုပါအစီအစဉ်တွင် မဟာဘွဲ့၊ ဒီဂရီဘွဲ့၊ ဘွဲ့လွန်လတ်မှတ်သင်တန်းများ၊ certificate သင်တန်းများကို တက်ရောက်နိုင်မှာ ဖြစ်သည်။

လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုအား အကျိုးပြုမည့် မျိုးဆက်သစ် လူငယ်ခေါင်းဆောင်များအား အဆင့်မြင့်ပညာရေးဖြင့် စွမ်းအားမြှင့်တင်သွားရန်ရည်ရွယ်သည့် ပညာရေး အစီအစဉ် ဖြစ်ပြီး ပညာရေးထူးချွန်မှု၊ မြန်မာ့ပညာရေးအခင်းအကျင်းတစ်ခုလုံးကို အားကောင်းလာစေရန်နှင့် ၎င်းတို့၏ လူမှုအသိုက်အဝန်းအတွက် အဓိပ္ပာယ်ပြည့်ဝစွာ ပံ့ပိုးကူညီရန် မျိုးဆက်သစ်ခေါင်းဆောင်များကို ခွန်အားဖြစ်စေကြောင်း ဒီ ပညာသင်ဆုအစီအစဉ်က ရည်ရွယ်တယ်လို့လည်း သိရပါသည်။

ပညာသင်ဆု အခွင့်အလမ်းများအပြင် မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ အဆင့်မြင့်ပညာရေး အခန်းကဏ္ဍများ ပိုမိုအားကောင်းလာစေရန်အတွက် ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းများကြား ပူးပေါင်း ဆောင်ရွက်မှုများနှင့် အခြားသော အဆင့်မြင့်ပညာရေးဆိုင်ရာ အခွင့်အလမ်း အစီအစဉ်များကိုလည်း အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က ပံ့ပိုးလုပ်ဆောင်ပေးလျက်ရှိပါသည်။