TNLA သိမ်းထားသည့်မြို့ ၇ ခုတွင် ညမထွက်အရအမိန့်ရုတ်သိမ်း

ပုံအညွှန်း- နိုဝင်ဘာ ၁၀ ရက် နမ့်ခမ်းမြို့တွင်းမြင်ကွင်း / ဓါတ်ပုံ- Mizzima

ပုံအညွှန်း- နိုဝင်ဘာ ၁၀ ရက် နမ့်ခမ်းမြို့တွင်းမြင်ကွင်း / ဓါတ်ပုံ- Mizzima

ဂျူချန်း

(မဇ္ဈိမ)။ ။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA ) မှ သိမ်းပိုက်ထားသည့် မြို့ ခုနစ်ခုတွင် အုပ်ချုပ်ရေးလုပ်ငန်းများ တည်ငြိမ်တိုးတက်လာသောကြောင့် ကန့်သတ်ထားသည့် ညမထွက်ရအမိန့်ကို ရုတ်သိမ်းကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( PSLF/TNLA )မှ ယနေ့ မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံ မြို့များတွင် သတ်မှတ်ထားသည့် ညမထွက်ရအမိန့်ကို TNLA မှ ပြန်လည်ရုတ်သိမ်းလိုက်ခြင်းဖြစ်သည်။

ပုံအညွှန်း- နိုဝင်ဘာ ၁၀ ရက် နမ့်ခမ်းမြို့တွင်းမြင်ကွင်း / ဓါတ်ပုံ- Mizzima

“ညကတော့ ထွက်လို့ရပါတယ်။ ဒါပေမယ့် ညဆို လူတော့ သိပ်မရှိဘူးပေါ့လေ။ စစ်တပ်က ညမထွက်ရကြေညာပေမယ့် ထွက်လည်းဘာမှမဖြစ်ဘူးလေ။ သူတို့မှမရှိတာ။ မြို့ထဲ TNLA ပဲရှိတယ်။ သူတို့(TNLA တပ်သားများ) ကတော့ ပတ်နေတာပဲ။ နမ္မတူမှာတော့ ပုံမှန်တော့ လည်ပတ်နေပါပြီ။ (စစ်ရှောင်) တော်တော်များများလည်း ပြန်လာနေကြပါပြီ” ဟု နမ္မတူမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

TNLA မှအုပ်ချုပ်ရေးလုပ်ငန်းများလည်ပတ်နေပြီး ညမထွက်ရအမိန့်ကို ရုတ်သိမ်းလိုက်သည့်မြို့ ခုနစ်မြို့အနက် စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့ ငါးမြို့ ပါဝင်သည်။ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ မြို့များကို မတ်လ ၄ ရက်နေ့တွင်လည်းကောင်း ကွတ်ခိုင် နှင့် နမ့်ခမ်း မြို့ များကို ၂၀၂၃ နိုဝင်ဘာ ၁၂ ရက်နေ့တွင်လည်းကောင်း စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေးကြေညာထားသည်။

ပုံအညွှန်း- နိုဝင်ဘာ ၁၀ ရက် နမ့်ခမ်းမြို့တွင်းမြင်ကွင်း / ဓါတ်ပုံ- Mizzima

တအာင်းဒေသအတွင်း ထိုက်သင့်သည့် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လည်ပတ်ပြီး အုပ်ချုပ်ရေးယန္တယားများ လည်ပတ်နေချိန်တွင် စစ်ကောင်စီမှ တအာင်းဒေသအချို့အား စစ်အုပ်ချုပ်ရေးကြေညာကာ ဒေသခံလူထုများအား ထိတ်လန့်စေရန် ဆောင်ရွက်လာသည်ကို တွေ့ရှိရကြောင်း TNLA ၏ ထုတ်ပြန်ချက်ထားသည်။

ယင်းအပြင် ပြီးခဲ့သည့် ဒုတိယအကြိမ် ဆွေးနွေးပွဲမှ စစ်ကောင်စီနှင့် အပစ်ခတ်ရပ်စဲရန် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ဟိုင်ဂင်သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့ငါးမြို့အပါအဝင် TNLA မှ သိမ်းပိုက်ထားသည့် နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံမြို့များကို TNLA မှ အလုံးစုံထိန်းချုပ်ထားကြောင်း မြို့ခံများက ပြောသည်။

စာတည်း – သန့်ဇော်(သန်လျင်)