ဟင်္သာတတွင် အမျိုးသား ၆ ဦး PDF ဟုစွပ်စွဲဖမ်းဆီးပြီး စစ်ကြောရေးသို့ ပို့ဆောင်ခံရ

ပုံအညွှန်း - ကွင်းကောက် တိုင်းဗဟိုလေ့ကျင့်ရေး(၅)အား Google Map မှ တွေ့စဥ်

ပုံအညွှန်း – ကွင်းကောက် တိုင်းဗဟိုလေ့ကျင့်ရေး(၅)အား Google Map မှ တွေ့စဥ်

မင်းထက်

(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ဧပြီလ ၂၂ ရက်နေ့က အမျိုးသားခြောက်ဦး ဖမ်းဆီးပြီး စစ်ကြော ရေးသို့ ပို့ဆောင်ခံထားရကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများထံမှ သိရသည်။

ဟင်္သာတမြို့နယ် ကွင်းကောက်မြို့တွင်းတနေရာတွင် ကားနှစ်စီးဖြင့်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ကို PDF များဟုစွပ်စွဲကာ ကွင်းကောက်ရှိ တိုင်းဗဟိုလေ့ကျင့်ရေး(၅)အတွင်းရှိ စစ်ကြောရေးသို့ စစ်ကောင်စီ တပ်ဖွဲ့များက ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများအနက် ဟင်္သာမြို့ပေါ်နေ အသက် ၄၀ ကျော်အရွယ် ကိုစည်သူလပြည့်(ခေါ်)ဖိုးလပြည့် ဆိုသူတဦးကိုသာ တိတိကျကျသိရပြီး ကျန်ငါးဦးမှာ ဟင်္သာတခရိုင်အတွင်းနေထိုင်သူများဖြစ်သော်လည်း အမည်နှင့် နေရပ်လိပ်စာ အတိအကျမသိရသေးကြောင်း ဟင်္သာမြို့ပေါ်နေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးကပြောသည်။

“ကွင်းကောက် စစ်ကြောရေးကိုခေါ်သွားပြီး သတင်းပျောက်သွားတယ်။ စစ်ကြောရေးမှာပဲ ရှိနေသေးလား တခြားနေရာကို ဆက်ပြီးခေါ်သွားလားဆိုတာတော့ မသိရသေးဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ အမျိုးသားခြောက်ဦးနှင့်ပတ်သက်၍ ဟင်္သာတခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများအား ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးခံရသူများမှာ PDF ဟုတ်၊ မဟုတ် အတည်မပြုနိုင်သေးကြောင်းနှင့် ၎င်းတို့ အနေဖြင့် စုံစမ်းနေဆဲဖြစ်ကြောင်း မဇ္စျိမကိုပြောသည်။

စစ်ကောင်စီက ၎င်းတို့ဖမ်းဆီးထားသည့် အမျိုးသားခြောက်ဦးနှင့်ပတ်သက်သည်ဟုဆိုကာ မြန်အောင်၊ မဲဇလီကုန်း၊ ရှားခဲ၊ ကျုံပျော်မြို့နယ်များမှ အမျိုးသားနှင့် အမျိုးသမီး ၁၀ ဦးထက်မနည်းကိုလည်းဖမ်း ဆီးထားကြောင်း ဒေသခံများကပြောသည်။

“အဖမ်းခံရတဲ့လူတွေက သာမန်အရပ်သားတွေပါ။ တယောက်မှပြန်လွတ်တယ် မကြားသေးဘူး။ မိသားစု တွေနဲ့လည်း အဆက်အသွယ်မရကြသေးတော့ ဘယ်ကိုခေါ်သွားတယ်ဆိုတာလဲ မသိရသေးဘူးလို့ကြား တယ်”ဟု ဒေသခံတဦးကပြောသည်။

ယခုရက်ပိုင်းအတွင်း ဟင်္သာတခရိုင်နှင့် ရခိုင်ရိုးမထိစပ်နေသည့် တောအုပ်များအတွင်း စစ်ကောင်စီတပ် က စစ်ကြောင်းထိုးရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

စာတည်း။ ။စောဖေ