စစ်ကောင်စီအတွက်  အတင်းအဓမ္မ စစ်သားစုဆောင်းသည့် အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု TNLA ထုတ်ပြန်

မဇ္ဈိမ။ ။စစ်ကောင်စီအတွက် အတင်းအဓမ္မ စစ်သားစုဆောင်းသည့် အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု PSLF/TNLA က သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် ပြည်သူ့ဘဝလုံခြုံနေမှုတို့ကို ခြိမ်းခြောက်ကာ စစ်ကောင်စီက စစ်မှုထမ်းရန် အဓမ္မစစ်သား စုဆောင်းနေသည်ဟု ပြည်သူလူထုများက တိုင်ကြား အကူအညီ ‌တောင်းခံခဲ့ကြ‌ကြောင်း TNLA က ဆိုသည်။

စစ်သားစုဆောင်းနေပုံမှာ စစ်ကောင်စီသည် ရပ်ကွက်မှူး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ အုပ်စု အုပ်ချုပ်ရေးမှူးများကို သတ်မှတ်ထားသည့် တပ်သားသစ် ဦးရေအတိုင်း စစ်ကောင်စီတပ်သို့ ကောက်ခံ ပို့ဆောင်ပေးရန် ချမှတ်လာကြောင်း၊ ရပ်ရွာအုပ်ချုပ်ရေးမှူးတို့သည် စစ်ကောင်စီ၏ အဓမ္မ ဖိအားပေးစေခိုင်းမှုကို မလွှဲမရှောင်သာ အချို့နေရာတွင် စတင်ပြီး အကောင်အထည်ဖော်နေ‌ကြောင်း TNLA က ထုတ်ပြန်သည်။

မြန်မာစစ်ကောင်စီထံ စစ်မှုထမ်းရန်အတွက် အုပ်ချုပ်ရေးမှူးများကို အဓမ္မစစ် သား စုဆောင်းခိုင်းစေခြင်းကို မြို့မိ၊မြို့ဖအပါအဝင် ရပ်ရွာလူထုနှင့် PSLF/TNLA က လက်မခံကြောင်း၊ အကယ်၍ အုပ်ချုပ်‌ရေးမှူး တဦးဦးသည် လူထုဆန္ဒအား ဆန့်ကျင် ကျော်လွန်ပြီး စစ်ကောင်စီအတွက် တပ်သားသစ် စု‌ဆောင်းပေးပါက အဆိုပါ အုပ်ချုပ်ရေးမှူးကို  ပြင်းထန်စွာ အရေးယူသွားမည်ဖြစ် ကြောင်း PSLF/TNLAက အသိပေးထုတ်ပြန်ထားသည်။

အင်အားနည်းလာသည့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို စတင်ပြဌာန်းလိုက်ပြီးနောက် လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းရန် ရပ်ကွက်ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများမှ တဆင့် စာရင်းများကောက်ခံလျက်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး