သီတဂူဆရာတော် တပ်ထဲဝင်ဖူးသည်ဟူသော သတင်းမှား

JC

(မဇ္ဈိမ။ ။ သီတဂူဆရာတော် အရှင်ဘဒ္ဒန္တဉာဏိဿရ သည် စစ်တပ်ထဲဝင်ဖူးသည်ဟူသော သတင်းနှင့်ဓါတ်ပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့နေပါတယ်။

Joseph Min ဖေ့စ်ဘုတ်အသုံးပြုသူတယောက်ကနေ မတ်လ ၂၀ ရက်နေ့မှာ “သီတဂူဆရာတော်ဘုရားကြီးသည် ရဟန်း မဝတ်ခင် တပ်မတော်မှာတာဝန်ထမ်းဆောင်ခဲ့ဘူးတယ်ဆိုတာ လူတိုင်းမသိကြပါဘူး” (မူရင်းအရေးအသားအတိုင်း) ဆိုပြီး ဘုန်းကြီးမဝတ်ခင်မှာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက် မော်တော်ယာဉ်တပ်မှာ ဒုတပ်ကြပ်အဖြစ် နောက်ဆုံး တာဝန်ထမ်းဆောင်ပြီးနောက် ထွက်ခွင့်ယူပြီး ရဟန်းဝတ်ခဲ့တာဖြစ်တယ်လို့ ဓါတ်ပုံတပုံနဲ့အတူ ဖြန့်ဝေထားတာပါ။

ဒီပုံထဲမှာ သီတဂူဆရာတော်နဲ့ ရုပ်ချင်းဆင်တူတဲ့ လူတယောက်က ရမခ လက်မောင်းတံဆိပ်ပါတဲ့ စစ်ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ ဒီပို့စ်ကို တရက်အတွင်း ပြန်လည်မျှဝေမှု ၁၂၀၀ ကျော်ရှိနေပြီး ကြိုက်နှစ်သက်သူ ၂၇၀၀ ကျော်ရှိပါတယ်။ ဒီအကြောင်းအရာဟာ မတ်လ ၁၇ ရက်ကတည်းက “Golden Mine” ဆိုတဲ့ အကောင့်ကနေ စတင်ပျံ့နှံ့နေတာလည်း ဖြစ်ပါတယ်။ တခြားဖေ့ဘုတ်အသုံးပြုသူတွေကလည်း ဟာသဘောနဲ့ ထပ်ဆင့်ကူးယူဖော်ပြမှုတွေ ရှိနေပါတယ်။

မဇ္ဈိမကနေ ဒီဓါတ်ပုံနဲ့အကြောင်းအရာကို စိစစ်ခဲ့တာမှာ မှားယွင်းနေတာကို တွေ့ရပါတယ်။ သီတဂူဆရာတော်ဟာ အသက် ၁၅ နှစ်အရွယ် ကတည်းက ကိုရင်ဝတ်ခဲ့ပြီးနောက် အသက် ၂၀ ပြည့်တဲ့အခါမှာ ရဟန်းခံခဲ့ပါတယ်။ ကိုရင်ဝတ်ခဲ့ကတည်းကနေ လက်ရှိအချိန်အထိ လူဝတ်လဲခဲ့တာမရှိဘူးလို့ နီးစပ်သူတွေနဲ့ သီတဂူဆရာတော်အကြောင်း ပြုစုထားတဲ့ အချက်အလက်တွေအရသိရပါတယ်။

သီတဂူဆရာတော်ဟာ ရဟန်းပြုခဲ့ပြီးနောက် ရန်ကုန်၊ မန္တလေး နဲ့ စစ်ကိုင်းမြို့တွေမှာ အထက်တန်း ပိဋကတ်စာပေတွေကို ဆည်းပူးခဲ့ပြီး ၁၉၆၂ ခုနှစ် သက်တော် ၂၅ နှစ်မှာ သံဃာ့တက္ကသိုလ်ကို ဝင်ရောက်ကာ ၁၉၆၅ မှာ ဗုဒ္ဓသာသနာ ဒီပလိုမာ ရခဲ့ပါတယ်။ အဲ့ဒီနောက် စစ်ကိုင်းတောင်မှာ ဗုဒ္ဓစာပေတွေသင်ကြားပို့ချခဲ့ပြီး သာသနာပြုလုပ်ငန်းကို စတင်ခဲ့တယ်လို့ သိရပါတယ်။
လင့် https://shorturl.at/ckxWZ , https://shorturl.at/iDQX7 , https://shorturl.at/zFJQX

လက်ရှိ သီတဂူဆရာတော်ရဲ့ ငယ်ဘဝပုံဆိုပြီး ပျံ့နေတဲ့ပုံဟာ သီတဂူဆရာတော်ရဲ့ ပုံမဟုတ်တဲ့အကြောင်းကို နွေဦးတော်လှန်ရေး သံဃကွန်ရက်က ဦးဝါယမ က မဇ္ဈိမကို စာနဲ့ ဒီလို မိန့်ပါတယ်။
“သီတဂူဆရာတော်က ဆယ်နှစ်ကျော်ငယ်ကတည်းက ကိုရင်ဝတ်ခဲ့တယ်လို့သိထားပါတယ်။ အခုပြောတဲ့ပုံက သီတဂူဆရာတော်လည်းမဟုတ်ပါဘူး။ ဒါကတော့အဓိပ္ပါယ်မဲ့ဖြန့်နေတာမျိုးပါ။ ကိုရင်ဝတ်ပြီးကတည်းက လူဝတ်လဲခဲ့တာလည်း မရှိပါဘူး။ ဆရာတော်အနေနဲ့နိုင်ငံရေးအရအာဏာရှင်ဖက်ကရပ်တည်ချက်မှားတာမျိုးရှိတာမှန်ပေမယ့် သူ့အပေါ်မဟုတ်မမှန်တာတွေနဲ့ လုပ်ဆောင်တာမျိုးကတော့နိုင်ငံ​ရေးသမားကောင်းတွေရဲ့ လုပ်ရပ် မဟုတ်ပါဘူး” လို့ မိန့်ပါတယ်။

သီတဂူဆရာတော် ဘဒ္ဒန္တအရှင်ညာဏိသရဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်တပ်ကပင့်ဖိတ်တဲ့ တရားပွဲတွေမှာ တက်ရောက်ဟောပေးတာ ၊ တရားဟောရာမှာ စစ်တပ်ရဲ့လုပ်ရပ်တွေကို ကာကွယ်ထောက်ခံတာ ၊ ရုရှားနိုင်ငံက မင်းအောင်လှိုင်တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားစေတီမှာ တက်ရောက်ပူဇော်ရွတ်ဖတ် သရစ္စာယ်ပေးတာ စတာတွေကို တစိုက်မတ်မတ်ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။

သီတဂူဆရာတော်ဟာ စစ်ကောင်စီကို ထောက်ခံတာမှန်ပေမယ့် ရဟန်းမဝတ်ခင် ငယ်ဘဝမှာ ဒုတပ်ကြပ်အဖြစ် စစ်မှုထမ်းဖူးတယ်ဆိုတဲ့အကြောင်းအရာကတော့ မှားယွင်းနေပါတယ်ရှင်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။