တမူးမြို့မှာ တိုက်ပွဲဖြစ်ပြီးနောက် ချိပ်ပိတ်ထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နေအိမ် မီးရှို့ခံရ

မီးရှိုဖျက်ဆီးခံရသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်နေအိမ်/ဓါတ်ပုံ – ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ တမူးမြို့တွင် တိုက်ပွဲနှစ်ရက်ဆက်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ချိတ်ပိတ်ထားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်၏ နေအိမ်ကို မီးရှို့ခဲ့ကြောင်း မြို့နယ်ကာကွယ်ရေးတာဝန်ရှိသူက ပြောသည်။

တမူးမြို့၊ မြို့မ(၁၄)ချောက်နက်ကြီးရပ်ကွက်အတွင်း ကင်းလှည့်လာသော စစ်ကောင်စီနှင့် ပျူစောထီးများနှင့် ကူကီးအမျိုးသားတပ်မတော်( KNA – B )တပ်ဖွဲ့ဝင်များ မတ်လ ၂၅ရက် နေ့လယ် ၁နာရီခန့်တွင် ပထမအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုတွင် ပျူစောထီးအဖွဲ့ဝင် လေးဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သော သတင်းအရင်းမြစ်များထံကသိရသည်။

ယင်းနောက် ယမန်နေ့ မတ်လ ၂၆ရက်ကလည်း တော်လှန်ရေးတပ်က စစ်ကောင်စီတပ်နှင့်လက်အောက်ခံများကို သွားရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတဦး ထိခိုက်ပြီး KNA – B ဖက်မှ အထိအခိုက်မရှိကြောင်းသိရသည်။

“တိုက်ပွဲတွေဖြစ်ပြီးတော့ ညပိုင်းမှာ ဆိုင်ကယ်တွေနဲ့လာပြီး ချိပ်ပိတ်ထားတဲ့ အိမ်ကို မီးရှို့သွားကြတာ ၊ တိုက်ပွဲဖြစ်တာက ကူကီးတပ်ဖွဲ့နဲ့ အရှို့ခံရတာက တမူးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ရဲ့အိမ်ပါ ၊ ဆိုင်တော့မဆိုင်ဘူး ၊ ဒါပေမဲ့ ဒီကောင်တွေနာရင်တော့ ရှုံးမဲ မဲလုပ်တတ်တာပါပဲ” ဟု မြို့နယ် ကာကွယ်ရေးသတင်းအရင်းမြစ်က မဇ္စျိမကိုပြောသည်။

မတ်လ ၂၆ရက် ည ၁၁နာရီခန့်အချိန်တွင် ဆိုင်ကယ် ၁၅စီးခန့်ဖြင့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တမူးမြို့ စန္ဒကူး (၂) ရပ်ကွက်ရှိ ၂၀၂၁ခုနှစ်က ချိပ်ပိတ်ထားသော ကာကွယ်ရေးတပ်ဖွဲ့ဝင်နေအိမ် ကို မီးရှို့သွားခြင်းဖြစ်သည်။

မီးရှို့မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်နေအိမ်အပြင် အနီးရှိအိမ်တလုံးပါ မီးကူးစက်သွားပြီး မီးသတ်ကားများနှင့် ဒေသခံများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီလ ၁၈ရက်နေ့ကလည်း တမူးမြို့တွင် မနက်နှင့် ညနေပိုင်းတွင် စစ်ကောင်စီတပ်၊ ပျူစောထီးပူးပေါင်းအဖွဲ့နှင့် PDF – Tamu တပ်ရင်း(၄)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ပျူစောထီးခေါင်းဆောင်တဦးအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေးတာဝန်ရှိသူက မဇ္စျိမကိုပြောဆိုထားခဲ့သည်။

ယင်းနောက် ညပိုင်းတွင် ၂၀၂၂ခုနှစ် ဇန်နဝါရီ လ ၉ရက်နေ့က ချိတ်ပိတ်ထားသည့် PDF – Tamu တပ်ဖွဲ့ဝင်တဦးဖြစ်သူ ကိုအောင်ဖြိုးကြွယ်၏ နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သေးသည်။

တမူးမြို့နယ်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနေပြီး မြို့နယ်အထက်ပိုင်း တွင်လည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကြားသိရသော်လည်း အသေးစိတ်အခြေအနေများကို မဇ္စျိမ အနေဖြင့် သိရှိနိုင်ခြင်း မရှိသေးပေ။

စာတည်း – သန့်ဇော်(သန်လျင်)