နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၄ မတ် ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီ၏နှင့် လမ်းညွှန်ချက်၊ အကြမ်း ဖက်မှု နှိမ်နင်းတိုက်ဖျက်ရေးသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ပြီး မတ်လ ၁၈ရက်နေ့တွင် သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပြည်သူ့ ရဲတပ်ဖွဲ့ (SSTF)က ထုတ်ပြန်လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိသည့် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) မကွေး ခရိုင်တပ်ရင်း(၁)တွင် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် အသစ်များ ကို ဆွေးနွေး ခဲ့ကြကြောင်း ပြည်သူ့စစ်ရုံးချုပ်က ထုတ်ပြန်သည်။

ကရင်နီပြည်နယ်၊ ဘော်လခဲမြို့မှ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ ဗျုဟာမှူး အပါအဝင် ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၁၆ ဦး သေဆုံးကာ စစ်သုံ့ပန်း တစ်ဦး ဖမ်းမိကြောင်း NUG ၏ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

မြန်မာ့နွေဦးတော်လှန်ရေးတွင် ပါဝင်ကူညီပေးနေသည့် ပါမောက္ခဒေါ်မီမီဝင်းဘတ်နှင့် နယူးယောက်မြို့နဲ့ အနီးဝန်းကျင်ရှိ မြန်မာပြည်ဖွား တိုင်းရင်းသား ညီအကိုမောင်နှ မများ နယူးယောက်မြို့ Queens ရပ်ကွက် ပီတိ လူကြီးများနားခိုရာဂေဟာခန်းမ ၌ မတ်လ ၂၃ ရက် က တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာရှိ ရဲစခန်းအနီးတဝိုက်တွင် ယနေ့ မတ်လ ၂၄ ရက် နံနက် ၈ နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားနေသဖြင့် ဒေသခံများ ရွာအတွင်း ပိတ်မိနေကြောင်း ဒေသခံထံက သိရသည်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့ရှိ ရပ်ကွက်များတွင် အသက်၃၅ နှစ်အောက် ခရစ်ယာန် ဓမ္မအမှုတော်ဆောင်များကို စစ်မှုထမ်းရန်အတွက် မဲနှိုက်ခိုင်းနေသည်ဟု စုံစမ်းသိရှိရသည်။

နိုင်ငံ၏ ၅၂ ရာခိုင်နှုန်းခန့်၊ မြို့နယ်အရေအတွက်အားဖြင့် ၁၇၂ မြို့နယ်တွင် စစ်ကောင်စီက စစ်မှု ထမ်းရန်စာရင်းများကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်းနှင့်၊ စစ်မှုထမ်းအသက်အရွယ် ရောက် သူများ မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်ခြင်းများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ နှင့်သက်ဆိုင် သော အချက်အလက်များအားကောက်ယူနေသည့် Data For Myanmar က မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ဗိုလ်ရုံကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူနှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ရဲတပ်သား ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်လာ သောကြောင့် ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ပေးခဲ့ကြောင်း Chinland Defense Force – Kalay Kabaw Gangaw က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့် စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် ၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုး ဖျက်ဆီး သတ်ဖြတ်မှု၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၈၅ ဦးသေဆုံးခဲ့ပြီး နေအိမ် ၂၀၀၀ ခန့်ပျက်စီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးအဖွဲ့က ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦးအား ပစ်ခတ်ခဲ့၍ တစ်ဦးသေဆုံးပြီး တစ်ဦးဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။

ရေးမြို့နယ်နှင့် ရေဖြူမြို့နယ်အစပ်ရှိ စစ်ကောင်စီတပ်၏ မလွဲတောင်စစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအထိုင်ချတပ်စွဲထားသော စခန်းတစ်ခုကို မဟာမိတ် တပ်ပေါင်းစုမှ တပြိုင်နက်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အတင်းအဓမ္မစစ်မှုထမ်းရန် စာရင်းကောက်ပြီး စစ်ထဲသွင်း နေသည့် အုပ်ချုပ်ရေးမှူး စံလွင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း ကျိုက်ထို တော်လှန်ရေးအင်အားစု – KRF က သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာ စစ်ကောင်စီ၏ နယ်မြေရဲစခန်းကို မတ်လ ၂၄ ရက် ကတော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ ကာ အရပ်သားများလည်း ပိတ်မိနေကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

မသင်္ကာသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ် လူသေမှုဖြစ်ပွားခဲ့ခြင်းကြောင့် တပ်သားနှစ်ဦးအား ထောင်ဒဏ်နှစ် ၂၀ နှင့် တစ်လ ချမှတ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်သည်။

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ် စခန်း လေးခုဆုတ်ခွာထွက်ပြေးသွား၍ ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က လိုက်လံရှင်းလင်းနေဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ် စခန်းတစ်ခုကို ယနေ့(မတ်လ ၂၄ရက်)နံနက် အစောပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်း ရင်းမြစ်က အတည်ပြုသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်ရင်း သုံးခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင် လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက မတ်လ ၂၃ရက်ညပိုင်း သတင်း ဖော်ပြသည်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU/KNLA တပ်မဟာ ၅ နယ်မြေအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၄၀၆ တပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း မူတြော် သတင်းစဉ်က ထုတ်ပြန်သည်။

စစ်ကောင်စီ

ရုရှားနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်အပေါ်မြန်မာနိုင်ငံက ပြစ် တင်ရှုတ်ချကြောင်း နေပြည်တော်ရှိ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

တစ်နိုင်ငံလုံးရှိ ရေလှောင်တမံများအတွင်း ယခုလက်ရှိ ရေလက်ကျန်ပမာဏသည် ယခင် နှစ်ကာလတူကထက် ပိုမို များပြားကြောင်းဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနက သိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး၊ပူးပေါင်းဆောင်ရွက်ရေးတို့ကို မြှင်တင် သွား မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်က အသစ်ခန့်ထားသည့် ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို လက်ခံတွေ့ ဆုံရာတွင်ပြောသည်။

အခုနှစ်သင်္ကြန်ပွဲတော်အတွက် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း စစ်ကောင်စီ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေ သိရသည်။

ပြည်သူ့စစ်မှုထမ်းရမည့် ကိစ္စနှင့်ပတ်သက်ပြီး အလုပ်သမားဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့က ၎င်းတို့ဝန်ကြီးဌာနလက်အောက် ဝန်ထမ်းများကို အသိပညာပေးပြော ဆိုခဲ့ ကြောင်း စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြထားသည်။

စစ်တွေမြို့ ဘုမေကျေးရွာနှင့် ဘာဆာရာကျေးရွာများမှ ဘင်္ဂါလီလူမျိုးများက ရခိုင်ပြည်နယ်ရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲဖော်ဆောင်နေသော AAအလိုမရှိဟု ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ဆရာတော် ကြီးများ အား အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြောင်း စစ်တပ်ချုပ်ကိုင်ထားသည့် သတင်းစာ များတွင် ဖော်ပြထားသည်။

မတ် ၂၄ သုံးသပ်ချက်

ရခိုင်ပြည်နယ်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က ရိုဟင်ဂျာများကို အသုံးချ၍ လူမျိုးရေး ပဋိပက္ခဖြစ်လာစေရန် ဖန်တီးနေသည်။ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများသည် စစ်တပ်ခွင့်ပြုခွင့် မရှိလျှင် မည်သည့်အရာမျှ ပြုလုပ်၍မရသည့် အခြေအနေတွင် ရှိနေသည်ကို အားလုံးအသိကြ သည့်အတိုင်းပင်ဖြစ်သည်။ယခုလည်း ရိုဟင်ဂျာများကို အတင်းအကျပ် ခြိမ်းခြောက်၍ စေခိုင်းနေခြင်းဖြစ်သည်။ယင်းကြောင့် ရက္ခိုင့်တပ်တော်အနေဖြင့် အဆိုပါကိစ္စရပ်အား သိမ့်မွေ့စွာကိုင်တွယ်ရမည်ဖြစ်သည်။