ဒေါပုံနှင့် မရမ်းကုန်းမြို့နယ်မှ လူငယ်များကို စစ်မှုထမ်းရန် ခေါ်ဆောင်

ပုံအညွှန်း- စစ်ကောင်စီလက်အောက်တွင် စစ်မှုထမ်းမည့် ရန်ကုန်တိုင်းမှ လူငယ်တချို့ (ဓါတ်ပုံ- စစ်ကောင်စီဝါဒဖြန့် ချန်နယ်)

ပုံအညွှန်း- စစ်ကောင်စီလက်အောက်တွင် စစ်မှုထမ်းမည့် ရန်ကုန်တိုင်းမှ လူငယ်တချို့ (ဓါတ်ပုံ- စစ်ကောင်စီဝါဒဖြန့် ချန်နယ်)

YT

(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းအချို့က လူငယ်များကို စစ်မှုထမ်းရန် လာရောက်ခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

စစ်မှုထမ်းရန် မဲပေါက်သူများကို သင်္ကြန်ကာလအလွန်မှ ဆင့်ခေါ်မည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆိုထားသော်လည်း မတ်လ ၂၇ ရက်နေ့မှစ၍ ဒေါပုံမြို့နယ်၊ ယမုံနာရပ်ကွက်၊ ဝါဆိုရပ်ကွက်နှင့် မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ်တို့ရှိ စစ်မှုထမ်းရန် မဲပေါက်သည့် လူများကို စစ်ကောင်စီက လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

” ဒီဘက်မှာက လွန်ခဲ့တဲ့ တပတ်လောက်က ရပ်ကွက်အလိုက်မဲနိုက်ကြတာ။ အဲ့ဒီတုန်းက ငါးလပိုင်းကုန်မှ လာခေါ်မယ်လည်း ပြောသွားတယ်။ မနေ့ကမှ ချက်ချင်းကြီးမနက်အစောပိုင်းလာခေါ်သွားတာ ဒေါပုံ၊ ယမုံနာဘက်။ လူဦးရေအတိအကျတော့ မသိဘူး။ အရင်မဲပေါက်ထားတဲ့လူတွေလို့တော့ပြောတယ်။ သူတို့ကဆေးစစ်မယ်တော့ပြောတာပဲ။ ဒေါပုံ ဝါဆိုဘက်မှာလည်း မနေ့က လာခေါ်သွားတယ်။ တအိမ်ထဲ နှစ်ယောက် မဲပေါက်တဲ့လူတွေတောင်ရှိတယ်၊ ဆေးကျရင်ပြန်လွှတ်ပေးမယ်တော့ ပြောသွားတယ်တဲ့” ဟု ဒေါပုံမြို့နယ်၊ ယမုံနာ (၂)ရပ်ကွက်မှ ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

ကျိုက်ဝိုင်း ဒေသခံတဦးကလည်း “ရုံးက အစ်မ(ရဲ့) ရပ်ကွက်ထဲမှာ လာဆွဲသွားတာလေ မနက်အစောကြီး။ ၁၀ ယောက်လောက် ပါသွားတယ်တဲ့။ သမိုင်း (၁) မှာ။ ကျိုက်ဝိုင်းဘက်မှာတော့ ဧည့်စာရင်းစစ်တယ်၊ ဒါပေမယ့် လူတော့ ပါမသွားဘူး ” ဟု ဆိုသည်။

ဒေသခံတဦး​၏ ပြောကြားချက်အရ စစ်ကောင်စီက ခေါ်ဆောင်သွားသူများအနက် စစ်မှုထမ်းဥပဒေ၌ အကျုံးဝင်သည့် အသက်အရွယ်အတွင်းရှိ လူငယ်၊ လူရွယ်များသာမက သက်ကြီးပိုင်းလူတချို့ပါ ပါဝင်ကြောင်း သိရသည်။

” သူတို့စကားက ဘယ်အရာမှ မမှန်ဘူး၊ အခုလည်းနောက်ဆုတ်တယ်သာပြောတာ ခေါ်နေတာပဲလေ။ တချို့ရပ်ကွက်တွေက အသက် ၂၄ကနေ ၃၅၊ တချို့က ၁၈ ကနေ ၃၅၊ ဘာတွေမှန်းမသေချာဘူး။ တချို့ တွေ့လိုက်တဲ့လူပြောပုံအရဆိုရင် အသက်အရမ်းကြီးတဲ့လူတွေလည်းပါတယ်တဲ့။ လမ်းက အိမ်ခြေရာမဲ့တွေ ဆွဲခေါ်တာ မနေ့က ကားအဝါကြီးတွေနဲ့” ဟု ဒေါပုံ ဒေသခံတဦးက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်း နေထိုင်သည့် သတင်းရင်းမြစ်တဦး၏ ပြောကြားချက်အရ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ရဲ၊ အုပ်ချုပ်ရေးမှူး ပူးပေါင်းအဖွဲ့က ညဘက်နှင့် နံနက် အစောပိုင်းတွင် စစ်မှုထမ်းရန် လူကိုယ်တိုင် ဆင့်ခေါ်မှုများကို ပြုလုပ်လျက် ရှိနေကြောင်း သိရသည်။

စစ်ကောင်စီ​ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ မိမိတို့မြို့ကို ကာကွယ်ရန် ရန်ကုန်တိုင်းအတွင်းရှိ လူငယ်များ ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရန် စစ်တပ်သို့ ဝင်ရောက်လာကြကြောင်း ရေးသားဖော်ပြလျက်ရှိကြသည်။

စာတည်း – သန့်ဇော်(သန်လျင်)