ဘာစီလိုနာနည်းပြအဖြစ် ဆက်ရှိနေဦးမယ့် ဇာဗီ

ဇာဗီဟာ ရာသီကုန်မှာ လမ်းခွဲဖို့ စီစဉ်ခဲ့ကြောင်း ဇန်နဝါရီလက ကြေညာထားပေမယ့်လည်း ဘာစီလိုနာရဲ့ နည်းပြအဖြစ် ဆက်လက်ရှိနေမှာဖြစ်တယ်လို့ စပိန်ဘီလူးကြီးက AFP ကို ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆောင်းဦးရာသီမှာ ၂၀၂၅ အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် နည်းပြဟာ ကလပ်ဥက္ကဋ္ဌ ဂျုံးလာပေါ်တာနဲ့ အားကစားဒါရိုက်တာ ဒေကိုတို့ တွေ့ဆုံပြီး တရက်အကြာမှာ အံ့အားသင့်စရာပြောင်းလဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကာတာကလပ် အယ်လ်ဆက်ဒ်ကနေ ထွက်ခွာပြီးနောက် ဇာဗီဟာ ၂၀၂၁ နိုဝင်ဘာလမှာ တာဝန်ယူခဲ့ပြီး ၂၀၂၂-၂၃ မှာ သူ့ရဲ့ ပထမဆုံးရာသီအပြည့်တာဝန်ယူရာမှာတော့ ဘာကာကို စပိန်လာလီဂါဖလား ရယူပေးခဲ့ပါတယ်။

ဒါပေမယ့် သူတို့ဟာ လက်ရှိရာသီမှာ လက်ကျန် ခြောက်ပွဲနဲ့အတူ လာလီဂါထိပ်သီး ရီးယဲလ်မက်ဒရစ်ရဲ့နောက် ၁၁ မှတ်ပြတ်ကျန်နေခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီကို ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်က ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဘာစီလိုနာကွင်းလယ်ကစားသမားဟောင်း ဇာဗီက ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်တုန်းက သူဟာ “လွတ်မြောက်လာတယ်”လို့ ခံစားခဲ့ရတယ်လို့ ပြောပါတယ်။

ဗီလာရီးယဲလ်ကို အိမ်ကွင်းမှာ အံ့အားသင့်စရာ ၅-၃ ဂိုးရှုံးနိမ့်ပြီးနောက် သူ ထွက်ခွာတော့မယ်လို့ ကြေညာရာမှာ သူ့အနေနဲ့ ကလပ်ရဲ့ ကာကွယ်မှုမခံရဘဲ ရှင်းလင်းပြတ်သားတဲ့ ဦးတည်ချက်မရှိဘူးလို့ ခံစားခဲ့ရတယ်။

ဒါပေမယ့် အဲဒီအခိုက်အတန့်ကစပြီး ဇာဗီဟာ ပိုပြီး စိတ်အေးလက်အေး ချဉ်းကပ်နိုင်ခဲ့တယ်လို့ ခံစားရတဲ့ချိန်မှာတော့ အသင်းရလဒ်တွေ တိုးတက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရီးယဲလ်မက်ဒရစ်ကို ၃-၂ ဂိုးနဲ့ မရှုံးခင် သူတို့ဟာ လိဂ်မှာ ၁၀ ပွဲဆက် ရှုံးပွဲမရှိခဲ့ပါဘူး။

ဗုဒ္ဓဟူးနေ့က လာပေါ်တာရဲ့ အိမ်မှာ အစည်းအဝေးတခု ပြုလုပ်ခဲ့ပြီး သူ့ကို ဆက်နေပေးဖို့ ကလပ်ထံကနေ ဖိအားပေးမှုတွေဟာ မြင်သာခဲ့ပါတယ်။

တကယ်လို့ ဇာဗီအနေနဲ့ ၂၀၂၄-၂၅ ရာသီကုန်မှာ အသင်းကို တိုးတက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါက ဘာစီလိုနာဟာ ပက်ဂွာဒီယိုလာ၊ လူးဝစ် အင်နရစ်နဲ့ မီခေးလ် အာတီတာတို့အပါအဝင် ထိပ်တန်းမန်နေဂျာတွေထဲက တဦးကို ဆွဲဆောင်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။

Ref; AFP, BBC